မြန်မာနိုင်ငံတွင် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူများကို ၎င်းတို့ ရာထူးသက်တမ်းအတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း မရှိနိုင်စေရန် ဥပဒေကြမ်းတစ်ခု တင်လာသည့်အပေါ် ပြည်ထောင်စုလွှတ်တော် အနေဖြင့် အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရ သတင်းစာများတွင် “နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေ (မူကြမ်း)” ပါဝင်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းတွင် သမ္မတ၏ ရာထူးသက်တမ်းအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များအပေါ် တရားစွဲဆိုခြင်း မရှိစေရန် တားမြစ်ချက်တစ်ခု ပါဝင်သည်။အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၁၀ တွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ဖော်ပြထားသည်။“နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းဟာ သမ္မတအနေနဲ့ အငြိမ်းစားယူတဲ့ အချိန်မှာ တရားစွဲဆို မခံရဖို့ အတင်းကြိုးပမ်းတဲ့ အရှက်မရှိတဲ့ လုပ်ရပ်တစ်ခုပါ။ သမ္မတ ဦးသိန်းစိန်နဲ့ နောင်တက်လာမယ့် သမ္မတတွေ အနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု ရှိအောင်လို့ ဒီဥပဒေကြမ်းကနေ ဒီပုဒ်မကို ဖယ်ရှားဖို့ လိုပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အာရှဒါရိုက်တာ Phil Robertson က ပြောကြားသည်။အဆိုပါ ဥပဒေကြမ်းတွင် ပုဒ်မ ၁၄ ခု ပါဝင်ပြီး ရာထူးမှ အနားယူသွားသည့် သမ္မတဟောင်းများအတွက် ကိုယ်ရံတော်နှင့် လုံခြုံရေး အထောက်အပံ့ကဲ့သို့သော အစိုးရမှ ထောက်ပံ့ပေးရမည့် လိုအပ်ချက်များကို ဖော်ပြထားသည်။အဆိုပါ ဥပဒေကြမ်းကို လက်ရှိလွှတ်တော် သက်တမ်း နောက်ဆုံးအကြိမ် အစည်းအဝေးတွင် တင်သွင်းလာခြင်းဖြစ်ပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီးမှ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ လွှတ်တော်အစည်းအဝေးသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သမ္မတ ဦးသိန်းစိန်တို့က NLD ပါတီသို့ ချောမွေ့စွာ အာဏာလွှဲပြောင်းရန် ကတိပေးထားသည်။သို့သော် ယခုကဲ့သို့ တင်သွင်းလာသည့် ဥပဒေကြမ်းတွင် ပါရှိသော ပုဒ်မအရ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်များကို ယခင် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားစွဲဆိုမှု မခံရစေရန် ကာကွယ်မှု လိုချင်နေကြောင်း ဖော်ပြနေသည့်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က သုံးသပ်ထားသည်။“ဥပဒေအရ အကာအကွယ် အများကြီး ရထားတဲ့ ယခင် တပ်မတော်အစိုးရ အရာရှိတွေကို ထပ်ပြီး အကာအကွယ်ပေးနေမယ့်အစား လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးဟာ ဥပဒေအကျိုး တညီတမျှတည်း ခံစားခွင့်ရှိအောင် လုပ်ပေးရမှာပါ။ နိုင်ငံတွင်းမှာ တရားစွဲလို့ မရအောင် လုပ်လာတဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ခုံရုံးနဲ့ နိုင်ငံခြား တရားရုံးတွေမှာ တရားစွဲဆိုမှု ရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင် လုပ်နေပါတယ်။ နိုင်ငံတကာ ခုံရုံးတွေနဲ့ နိုင်ငံခြား တရားရုံးတွေမှာတော့ တရားစွဲလို့ မရအောင် ဥပဒေအရ ကာကွယ်ထားမှုတွေဟာ အကျုံးမဝင်ပါဘူး” ဟု Phil Robertson က ဆက်လက်ပြောကြားသည်။နိုင်ငံတကာ တရားရေး ကျင့်ထုံးများအရ စစ်ရာဇဝတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အဆိုပါနိုင်ငံ နယ်နိမိတ်အတွင်း မဖြစ်ပွားခဲ့သည့်တိုင် အခြားနိုင်ငံ တစ်ခုမှ တရားရုံးတွင် တိုင်ကြားတရားစွဲဆိုပိုင်ခွင့် ရှိသည်။
နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှ ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြောကြား















