နောက်ဆုံးပိတ် အိတ်နဲ့လွယ်

နောက်ဆုံးပိတ် အိတ်နဲ့လွယ်
Published 23 December 2015
မောင်ကြည်

ခုရက်ပိုင်းအတွင်း စိတ်ထဲမှာ စနောင့်စနင်း ဖြစ်နေမိတဲ့ စကားလုံးက ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ ဆိုတဲ့ စကားပါပဲ။ အဲဒီ စကားကို ဘယ်အချိန်တွေမှာ စဉ်းစားမိသလဲဆိုရင် ရန်ကုန်မြို့ထဲ ထွက်မလို့ လိုင်းကားစီးမိတဲ့အခါ ပိုစဉ်းစားမိပါတယ်။ကျွန်တော်က တစ်ပတ်မှာ တနင်္လာနဲ့ ကြာသပတေး နှစ်ရက် မြို့ထဲထွက်လေ့ ရှိပါတယ်။ အဆိုပါ နှစ်ရက်က စာမူပို့ပြီး စာမူခ ထုတ်ရတဲ့ ရက်တွေ ဖြစ်သလို မိတ်ဆွေ စာရေးဆရာ ကာတွန်းဆရာများနဲ့ တွေ့ရတဲ့ ရက်တွေလည်း ဖြစ်ပါတယ်။ ထို့အပြင် ရန်ကုန်မြို့ထဲမှာ ကိုယ်ဝယ်ချင်တဲ့ စာအုပ်လေးတွေ အခွေလေးတွေ မွှေနှောက်ရှာဖွေရင်း ဝယ်ယူရတဲ့နေ့တွေ ဖြစ်နေပါတယ်။တခြားရက်တွေမှာတော့ ရန်ကုန်မြို့ထဲ သွားဖို့ ယောင်လို့တောင် မစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားကျပ်ပြီး လမ်းပိတ်တဲ့ ဒဏ်ကို မခံစားနိုင်လို့ပါပဲ။ ကားပေါ်နဲ့ လမ်းပေါ်မှာ အဓိပ္ပာယ်မဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေဟာ နှမြောဖို့ ကောင်းပါတယ်။ ဒါကို နေ့စဉ် ရုံးသွားရုံးပြန် လုပ်နေရသူတွေ ပိုသိပါတယ်။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ တစ်နေ့တစ်ခြား ပိုမို ဆိုးရွားလာသလို ခံစားရပါတယ်။အဲဒီလို ရန်ကုန်မြို့ထဲ ထွက်ရတဲ့အခါ ဦးစွာ တာမွေပတ်တဲ့ ကားကို စီးရပါတယ်။ ဘာလို့လဲဆိုတော့ တာမွေမှာရှိတဲ့ သတင်းစာတိုက် တစ်ခုကို ဝင်ပြီး စာမူပို့၊ စာမူခ ထုတ်ရလို့ပါပဲ။ တာမွေသွားတိုင်း ဈေးကွေ့ကနေ တာမွေအဝိုင်း ရောက်ဖို့ တော်တော်လေးကို အချိန် ကြာမြင့်ပါတယ်။ ခုနောက်ပိုင်း ပိုပြီးတောင် ကြာလာပါတယ်။ ဘာလို့လဲဆိုတော့ တာမွေအဝိုင်း လမ်းငါးခွဆုံရာမှာ ခုံးကျော်တံတား ထိုးဖို့အတွက် စီမံကိန်းတွေ ရှိနေလို့ပါပဲ။ ယခင် ကားသုံးစီးလောက် ယှဉ်မောင်းလို့ရတဲ့ လမ်းက ခုဆိုရင် ဆောက်လုပ်ရေး နေရာယူထားတဲ့အတွက် ယာဉ်တစ်စီးခန့်သာ သွားလို့ရတဲ့ လမ်းကျဉ်းလေးပေါ်မှာ ကားတွေတန်းစီပြီး တရွေ့ရွေ့ သွားနေရပါတယ်။တစ်မှတ်တိုင် ရောက်ဖို့ကို တစ်ကမ္ဘာလောက် ကြာတယ်လို့ တင်စားရင် ဘယ်သူတွေကများ ငြိုငြင်လေမလဲမသိ။ အဲဒီလောက် တင်စားချင်စိတ်ပေါ်အောင် ကားပေါ်မှာ ကုန်ဆုံးသွားတဲ့ အချိန်တွေကို နှမျောတသမိလို့ပါပဲ။ တစ်ဘီးချင်း လှိမ့်နေတဲ့ ကားပေါ်မှာ ထိုင်လိုက်လာရင်း ကျွန်တော့် မျက်လုံးတွေက လမ်းဘေးမှ တည်ဆောက်ရေး စီမံကိန်း ဧရိယာကိုလည်း အနည်းငယ် စူးစမ်းစိတ်နဲ့ ကြည့်မိပါတယ်။ ထိုအခါ ကရိန်းကား၊ မြေသယ်ကားများနဲ့ အလုပ်သမားတွေ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။သူတို့ကိုကြည့်ပြီး ခေါင်းထဲကို ရောက်လာတာက ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ ဆိုတဲ့ စကားပါပဲ။ မကြာခင် ကုန်ဆုံးတော့မယ့် လက်ရှိအစိုးရ သက်တမ်းအတွင်း ဒီစီမံကိန်းတွေ ပြီးဆုံးဦးမှာ မဟုတ်ပေမယ့် စီမံကိန်းကတော့ လည်ပတ်နေပါပြီ။ဖတ်ရတဲ့ သတင်းတွေအရ ‘၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့၌ တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားများကို ဆောက်လုပ်လျက်ရှိကြောင်း’ သိရပါတယ်။ ပြည်သူတွေ သွားလာရေး လွယ်ကူစေဖို့အတွက် ခေတ္တခဏ သည်းခံရမှာ မှန်ပေမယ့် လိုအပ်ချက်အရ တည်ဆောက်ရပေမယ့် လက်ရှိအချိန်မှာ ယာဉ်ကြောကျပ်ပြီး သွားလာရ ခက်ခဲတာကတော့ သေချာပါတယ်။သူများနိုင်ငံတွေမှာလည်း အဲဒီလိုလုပ်လေ့ ရှိကြသလားလို့ ကျွန်တော် တွေးနေမိပါတယ်။ အထူးသဖြင့် အစိုးရ အဟောင်းနဲ့ အသစ် ကူးပြောင်းတဲ့ ကြားကာလ အတောအတွင်းမှာ ခုလိုပဲ စီမံကိန်းတွေကို တက်သုတ်ရိုက်ပြီး ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ လေ့ ရှိပါသလားလို့ အတွေးပွားမိပါတယ်။ကျွန်တော် ဉာဏ်မမီတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က လမ်းပိတ်တာပဲ သိတာကိုး။ တခြား ဘာဆိုဘာမှ သိတဲ့ကောင်မှ မဟုတ်တာ။ ထားပါတော့လေ။သိပ်မကြာသေးခင်က လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရရှိရန် ဆောင်ရွက်နေတဲ့အကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ လွှတ်တော်သက်တမ်း ငါးနှစ်ရှိတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ နောက်ဆုံးရရှိတဲ့ လစာကို လုပ်သက်နဲ့မြှောက်ပြီး ကျပ်သိန်း ၅၀ ရမယ်လို့ သိရပါတယ်။ နောက်လွှတ်တော်သက်တမ်းမှာ ဆက်လက် တာဝန်ထမ်းဆောင်မယ့် ကိုယ်စားလှယ်တွေတော့ မပါသေးဘူးပေါ့လေ။အချို့ပညာရှင်တွေက ‘ဒါက ဖဆပလခေတ်၊ မဆလခေတ်ကတည်းက ရှိတယ်။ အခုမှ ထပြီးတော့ ပေးတာ မဟုတ်ဘူး’ လို့ ပြောပါတယ်။ သို့သော် အချို့ ဝေဖန်ထောက်ပြတာကတော့ ‘နိုင်ငံတကာ စံနှုန်းအတိုင်း ယူသင့်သော်လည်း စားဖို့သောက်ဖို့ တိုင်းသူပြည်သားတွေ အခက်အခဲ ဖြစ်နေချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရာနဲ့ချီပြီးတော့ ထုတ်ယူမယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာငွေ အများကြီး ထိလိမ့်မယ်’ လို့ ပြောပါတယ်။အကူးအပြောင်း ကာလမှာ လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ရရှိဖို့ ဆောင်ရွက်နေတာဟာ ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ တာများလားလို့ ကျွန်တော် သွားစဉ်းစားမိပါတယ်။ဟော သိပ်မကြာသေးခင်ကလည်း ဖားကန့်မှာ မြေစာပုံပြိုကျပြီး ပိလို့ လူတွေသေတာကို အားလုံး သိကြပါလိမ့်မယ်။ သယံဇာတတွေ၊ တွင်းထွက်တွေ၊ ကျောက်စိမ်းတွေ အဆမတန်တူး။ အဲဒီက ထွက်လာတဲ့ မြေစာတွေကို ဖြစ်ကတတ်ဆန်း စုပုံခဲ့တဲ့ အကျိုးဆက်တွေပါပဲ။ ဟိုတစ်နေ့က ဖတ်ရတဲ့ သတင်းထဲမှာ အဲဒီဖားကန့်ကို မြေတူးဖို့ ယာဉ်၊ ယန္တရား အစင်းရေ ၈၈၀ ကို တရားဝင် တင်သွင်းခွင့် ပြုခဲ့တယ်ဆိုပဲ။ အဲဒီ ရက်ပိုင်းက Facebook ပေါ်မှာ ဖားကန့် သတင်းတွေချည်းပဲ။ အချို့က ‘ဖားကန့်ပျောက်ဆုံးခြင်း’ ဆိုပြီး Post တင်တဲ့ သူတွေတောင် ရှိပါတယ်။ ဒီနေ့ ဖတ်လိုက်ရတဲ့ သတင်းထဲမှာကိုပဲ ဖားကန့်မှာ အရင်က ကျောက်စိမ်းတူးရင် အနက်ပေ ၂၀၀ မှ ၃၀၀ ခန့်အထိသာ တူးနေရာက ခုဆိုရင် ကျောက်ကြော အခြေအနေအရ အနက်ပေ ၅၀၀ မှ ၁၀၀၀ အထိ တူးဖော်နေရပါသတဲ့။စက္ကန့်နဲ့အမျှ တအိအိ ပြိုကျနေတဲ့ မြေတွေဟာ ဘယ်သူ့မြေတွေလဲ။ စက္ကန့်နဲ့အမျှ တဒိုင်းဒိုင်း တူးဆွခံနေရတဲ့ တောင်တွေဟာ ဘယ်သူ့တောင်တွေလဲ။ အဲဒီက ထွက်လာတဲ့ ကျောက်စိမ်းတွေဟာ ဘယ်သူ့ ကျောက်စိမ်းတွေလဲ။ အဲဒီလို အရှိန်အဟုန်နဲ့ အဆက်မပြတ် တူးဆွဖော်ထုတ်နေတာဟာ ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ နေကြတာလားလို့ ကျွန်တော် စဉ်းစားနေမိပြန်ပါတယ်။ကျွန်တော် ဉာဏ်မမီတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က တောင်တွေ အဖြိုခံရတာပဲ သိတာကိုး။ တခြား ဘာဆိုဘာမှ သိတဲ့ကောင်မှ မဟုတ်တာ။ ထားပါတော့လေ။ပြောချင်တာက နေရာတကာ ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ ဆိုတိုင်း ကောင်းတာ မဟုတ်ဘူးဗျ။ မြန်မာစကားကလည်း အခက်သား။ ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ ဆိုရင် အချီကြီး ထောပြီဆိုပြီး သွားရည် တစ်များများနဲ့ ဝါးဖို့ နေရာလောက်မှာသာ သုံးစွဲရမယ် ထင်နေကြပုံပဲ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် ကြိုးစားလိုက်မဟဲ့ဆိုတဲ့စိတ်နဲ့ တာဝန်ကို ခွဲဝေယူတဲ့ နေရာမျိုးမှာသာ ‘နောက်ဆုံးပိတ် အိတ်နဲ့လွယ်’ ချင်နေကြရင်တော့...။တောတောင်တွေပြိုလဲ၊ မြစ်ချောင်းအင်းအိုင်တွေ ခန်းခြောက်၊ သဘာဝသယံဇာတတွေ ကုန်ခန်းသွားတဲ့ အခွံသက်သက် တိုင်းပြည်ကို အနာဂတ် မျိုးဆက်သစ်တွေ လက်ထဲ ထိုးအပ်ခဲ့ဖို့ ကြံစည်နေတာလားလို့ပဲ မေးလိုက်ချင်ပါတော့တယ်။

Most Read

Most Recent