အရိုင်းနဲ့ အယဉ်

အရိုင်းနဲ့ အယဉ်
Published 20 December 2015
နီမင်းဆွေ

ဝန်ထမ်းဘဝတုန်းက နိုင်ငံခြားခရီးစဉ်တစ်ခုကို အရာရှိကြီး နှစ်ယောက်နဲ့အတူ သွားခဲ့ဖူးပါတယ်။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်မှာ အကျင့်ဆိုး တစ်ခုရှိပါတယ်။ အဲဒါကတော့ စကားပြောတဲ့ အခါတိုင်း တစ်ဖက်လူကို လက်ညှိုးနဲ့တို့တို့ပြီး ပြောတတ်တဲ့ အကျင့်ပါပဲ။ ဒီအကျင့်ဟာ အကြောင်းသိတွေ ဖြစ်ကြတဲ့ ကိုယ့်မြန်မာ အချင်းချင်းအနေနဲ့တော့ အကြောင်းမဟုတ်လှပေမယ့် နိုင်ငံခြားသားတွေနဲ့ စကားပြောနေတုန်း သူက ကိုယ့်နောက်ကျောကို နောက်ကနေ လက်နဲ့တို့တို့ပြီး ကြားဖြတ် ဝင်ဝင်ပြောနေတဲ့အခါမှာတော့ သူစိမ်းတွေရှေ့မှာ အရှက်ရစရာတွေ ဖြစ်ကုန်တော့တာပါပဲ။
ဒီအကြောင်းကို ပြန်သတိရပြီး မကြာခင်မှာပဲ ၁၉၅၈ ခုနှစ်က ပေါ်ထွက်လာခဲ့တဲ့ ‘ဗိုက်ကင်းစ်’ (The Vikings) ဆိုတဲ့ဇာတ်ကားကို နောက်တစ်ခါ ပြန်ကြည့်မိပါတယ်။ ဒီဇာတ်ကားဟာ ၈ ရာစုနှစ်ကနေ ၁၁ ရာစုနှစ်အတွင်း စကင်ဒီနေဗီးယန်း ကျွန်းဆွယ်မှာ နေထိုင်ကြတဲ့ ‘ဗိုက်ကင်းစ်’လို့ အမည်တွင်ခဲ့ သူတွေရဲ့သမိုင်းကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။  အခုခေတ်မှာတော့ ကိုယ့်အသိုင်းအဝိုင်းထဲက မဟုတ်ဘဲ လူမှုရေးမှာ ကိုယ့်ထက်နိမ့်ကျပြီး ရုန့်ရင်းကြမ်းတမ်းသူတွေ၊ ပညာအခြေခံ နုန့်နဲ့ပြီး အနုပညာနဲ့ ယဉ်ကျေးမှုအရာမှာ စိတ်ဝင်စားမှု အားနည်းသူတွေကို ‘ဘာဘေးရီးယန်း’ လို့ ခေါ်ကြပါတယ်။ ဗိုက်ကင်းတွေကို ဘာဘေးရီးယန်းလို့ ခေါ်နိုင်၊ မခေါ်နိုင်ဆိုတာကို အခုဒီနေရာမှာ ဆွေနွေးမနေတော့ဘဲ ဗိုက်ကင်းတွေ စရိုက်ကြမ်းကြပုံ အကြောင်းလောက်ကိုသာ အဓိကထားပြီး ပြောပြချင်တာ ဖြစ်ပါတယ်။ ဗိုက်ကင်းတွေဟာ ကိုယ်နှုတ်အမူအရာ ရိုင်းစိုင်း ကြမ်းတမ်းတယ် ဆိုပေမယ့် သူတို့မှာ အားကျဖွယ် အတတ်ပညာတွေနဲ့ အတုယူဖွယ်ရာ စိတ်ဓာတ်တွေ ရှိနေကြတယ် ဆိုတာကိုလည်း ဒီဇာတ်ကားကြည့်ပြီးမှ သိလိုက်ရတာ ဖြစ်ပါတယ်။ ဇာတ်ကားမရိုက်ခင် တစ်နှစ်တိတိ သုတေသနပြုပြီးမှ ရရှိတဲ့ အချက်အလက် ကုန်ကြမ်းတွေအပေါ် မူတည်ပြီး ရုပ်ရှင်ကို ဖန်တီးခဲ့ကြတာဖြစ်လို့ ဇာတ်လမ်းဇာတ်ကွက်တွေဟာလည်း စိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့ရပါတယ်။
အင်္ဂလန်ရဲ့ပြည့်ရှင်ဘုရင်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ‘ရက်နာ’ Ernest Borgnine ဆိုတဲ့လူ ခေါင်းဆောင်တဲ့ ဗိုက်ကင်းတွေရဲ့စီးနင်းတိုက်ခိုက်တာကို ခံရတဲ့အချိန်မှာ ကျဆုံးသွားပါတယ်။ ဘုရင်ကြီးဟာ သားသမီး မထွန်းကားသူဖြစ်လို့ သူ့ရဲ့ညီဝမ်းကွဲတော်တဲ့ ‘အေအဲလာ’ဆိုသူက ထုံးတမ်းစဉ်လာအရ ထီးနန်းအရိုက်အရာကို ဆက်ခံရပါတယ်။ ဒါပေမဲ့ လူသူမသိတဲ့ အချက်တစ်ချက်က ဗိုက်ကင်းတွေ လာရောက် တိုက်ခိုက်ကြတဲ့ အချိန်တုန်းက ရက်နာက မတော်မတရားပြုကျင့်ခဲ့လို့ အင်္ဂလန်ပြည့်ရှင်ရဲ့မိဖုရားကြီးမှာ ကိုယ်လေးလက်ဝန်နဲ့ ကျန်ရစ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။
မိဖုရားကြီးဟာ သားတော်လေး ဖွားမြင်လာတဲ့အခါမှာ အသက်ချမ်းသာရာရအောင် အီတလီနိုင်ငံကို လူသူမသိအောင် လှေတစ်စင်းနဲ့ စေလွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလှေဟာ ‘ဗိုက်ကင်း’ တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံလိုက်ရလို့ သားတော်လေးဟာ ဗိုက်ကင်းဘုရင်ရဲ့ ငွေဝယ်ကျွန် ဖြစ်သွားပါ တယ်။ သားတော်လေးဟာ ‘အဲရစ်’ Tony Curtis ဆိုတဲ့နာမည်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်အေအဲလာရဲ့ အမျက်တော် ရှခံခဲ့ရလို့ ပြည်နှင်ဒဏ် အပေးခံရပြီး ဗိုက်ကင်းတို့ဆီကို ရောက်လာတဲ့ အင်္ဂလိပ်မြို့စားကြီး ‘အက်ဘတ်’ကတော့ သူ့လည်ပင်းမှာ ဆွဲထားတဲ့ လည်ဆွဲလေးကို ကြည့်ပြီး အဲရစ်ဟာ မိဖုရားကြီးရဲ့ သားတော်ဖြစ်မှန်း သိသွားပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောခဲ့ပါဘူး။ ငွေဝယ်ကျွန် အဲရစ်ကို အဖေတူ အမေကွဲဖြစ်တဲ့ ဗိုက်ကင်းခေါင်းဆောင် ‘ရက်နာ’ရဲ့သားကြီး’အိုင်နာ’ Kirk Douglas ကတော့ ကြည့်လို့မရပါဘူး။ တစ်ခါမှာတော့ သူတို့နှစ်ဦးပိုင်တဲ့ သိမ်းငှက်တွေနဲ့ ငှက်ဖမ်းကြရင်းနဲ့ အချင်းများပြီး အဲရစ်ရဲ့သိမ်းငှက်က အိုင်နာရဲ့ ဝဲဘက်မျက်လုံးနဲ့ မျက်နှာကို ဆွဲကုတ်လိုက်လို့ အိုင်နာရဲ့မျက်လုံးတစ်ဖက် ပျက်သွားပါတယ်။
ဒါကြောင့် ခေါင်းဆောင်ရက်နာက အဲရစ်ကို ပင်လယ်ကမ်းစပ်မှာရှိတဲ့ ကျောက်ဆောင်တွေကြားက ရေအိုင်တစ်ခုထဲမှာ ကြိုးနဲ့တုပ်၊ ဦးခေါင်းပေါ်ရုံပဲ ဖော်ထားပြီး တစ်ကိုယ်လုံးကို ရေထဲနှစ်ထားပါတယ်။ ဒီလိုလုပ်ရတာဟာလည်း ဗိုက်ကင်းနန်းတွင်း ကဝေမကြီး ‘ကစ်တလာ’က အဲရစ်ကို သတ်တဲ့သူဟာ ဗိုက်ကင်းတွေ ကိုးကွယ်တဲ့ ‘အိုဒင်’နတ်ဘုရားရဲ့ကျိန်စာသင့်လိမ့်မယ်ဆိုပြီး ဟောကိန်း ထုတ်ထားတဲ့အတွက် ကိုယ်တိုင်မသတ်ရဲကြလို့ အလိုလို ရေနစ်သေသွားအောင် လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ညဘက် ဒီရေတက်လာတဲ့အခါမှာ ကစ်တလာနဲ့ အဲရစ်တို့က အိုဒင်နတ်ဘုရားကို အော်ဟစ် တောင်းပန်ကြတဲ့အတွက် လေပြင်းတွေ ရုတ်တရက် ကျရောက်လာပြီး တက်လာတဲ့ ဒီရေဟာ ချက်ချင်း ပြန်ကျသွားလို့ အဲရစ် အသက်ချမ်းသာရာ ရသွားခဲ့ပါတယ်။
တစ်ခါမှာတော့ အင်္ဂလန်က ‘မော်ဂန်နာ’ဆိုတဲ့ မင်းသမီးတစ်ပါးကို ဗိုက်ကင်းတွေက ပြန်ပေးဆွဲလာကြပါတယ်။ မင်းသမီးကို ပြန်ပေးငွေတွေ အများကြီးနဲ့ အင်္ဂလန်ဘုရင်ကို ပြန်ရွေးခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ သားဖြစ်သူ အိုင်နာက မင်းသမီးကို မြင်မြင်ချင်း ချစ်ခင်နှစ်သက်သွားတဲ့ အခါမှာတော့ ဖခင်ဘုရင်ကြီးဟာ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ တစ်ညမှာတော့ အိုင်နာဟာ မင်းသမီးကို ခေတ္တထိန်းသိမ်းထားတဲ့ လှေပေါ်ကို တိတ်တဆိတ် တက်လာပြီး မင်းသမီးကို မတော်တရား ကျင့်ကြံဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အဲရစ်ရောက်လာပြီး အရက်မူးနေတဲ့ အိုင်နာ့ခေါင်းကို ရိုက်လိုက်လို့ အိုင်နာ မေ့မျောသွားပါတယ်။ နောက်တော့ အဲရစ်ဟာ ‘ရေငှက်’လို့ အမည်ရတဲ့ သူ့သူငယ်ချင်း ငွေဝယ်ကျွန်တစ်ဦးရယ်၊ ကဝေမကြီး ကစ်တလာရယ်၊ မင်းသမီးရဲ့အထိန်းတော်ရယ်တို့နဲ့အတူ လှေငယ်လေးတစ်စီးနဲ့ ထွက်ပြေးကြပါတယ်။ ရေငှက်ဆီမှာ ဘယ်နေရာ ဘယ်ဒေသက ရလာမှန်းမသိတဲ့ သတ္တုတစ်မျိုးနဲ့ လုပ်ထားတဲ့ ငါးရုပ်လေးတစ်ရုပ် ရှိပါတယ်။ ငါးရုပ်လေးဟာ ကြိုးနဲ့ဆွဲထားပြီး ဘယ်ဘက်ကိုပဲလှည့်လှည့် နောက်ဆုံးမှာတော့ ‘ဓူဝံကြယ်’North Star ရှိရာ မြောက်အရပ်ဆီကိုသာ ငါးရဲ့ဦးခေါင်းလေးက ပြနေတတ်တာကို ကစ်တလာက သတိထားမိပါတယ်။
မြူတွေကျနေတဲ့ ညအမှောင်ကြီးထဲမှာ ငါးရုပ်လေးကိုအသုံးပြုပြီး အဲရစ်တို့ရဲ့လှေငယ်လေးဟာ ရေကြောင်းအမှန်ကို ရှာဖွေတွေ့ရှိသွားလို့ ပင်လယ်ဘက်ကို ထွက်လာနိုင်ခဲ့ကြပေမယ့်  နောက်ကလိုက်လာတဲ့ ဗိုက်ကင်းလှေတွေကတော့ ကျောက်ဆောင်တွေနဲ့ တိုက်မိပြီး နစ်မြုပ်ကုန်ကြပါတယ်။ လှေတစ်စင်းပေါ်မှာ လိုက်ပါလာတဲ့ ဗိုက်ကင်းခေါင်းဆောင် ရက်နာ့ကိုလည်း ရှာမတွေ့တော့တဲ့အတွက် ရေနစ်သေဆုံးသွားပြီလို့သား အိုင်နာက ယုံကြည်သွားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ရက်နာဟာ ရေနစ်မသေဘဲ အဲရစ်တို့လှေဆီကို အမှောင်ထဲမှာေ ရကူးလာလို့ အဲရစ်က လှေပေါ်ဆွဲတင်ပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အဲရစ်တို့တစ်တွေဟာ အင်္ဂလန်ဘုရင်ရဲ့ရှေ့မှောက်ကို ရောက်လာကြပါတယ်။ ဘုရင်အေအဲလာက လက်ကိုကြိုးနဲ့ချည်ထားတဲ့ ဗိုက်ကင်းခေါင်းဆောင်ကို ဆာလောင်နေတဲ့ ဝံပုလွေတွေ ထည့်ထားတဲ့ တွင်းထဲကို ပစ်ချဖို့ စီမံခဲ့ပါတယ်။ ရက်နာက အဲဒီအချိန်မှာ အဲရစ်ကို သူ့ကိုနောက်ဆုံးအခွင့် အရေးပေးတဲ့အနေနဲ့ ဗိုက်ကင်းတို့ရဲ့သေပုံ သေနည်းမျိုးနဲ့ သေခွင့်တောင်းပါတယ်။ အဲဒါကတော့ လက်ကိုချည်ထားတဲ့ကြိုးကို ဖြေပေးဖို့နဲ့ လက်ထဲမှာ ဓားကိုင်ပြီး သေခွင့်ပေးဖို့ ဖြစ်ပါတယ်။ အဲရစ်က ရက်နာရဲ့လက်ကို ချည်ထားတဲ့ကြိုးကို ဓားနဲ့ခုတ်ဖြတ်ပေးပြီး သူ့ရဲ့ဓားကို ရက်နာရဲ့လက်ထဲမှာ ထည့်ပေးလိုက်တဲ့အခါ မှာတော့ ရက်နာဟာ သူတို့ရဲ့ နတ်ဘုရား ‘အိုဒင်’ကို အော်ဟစ်တိုင်တည်ပြီး ဝံပုလွေတွင်းထဲကို ခုန်ဆင်းလိုက်ပါတယ်။
ဒီလိုပြုမူခဲ့တဲ့အတွက် ဘုရင်အေအဲလာက အဲရစ်ရဲ့ ဘယ်ဘက် လက်ကောက်ဝတ်ကိုဖြတ်ပြီး အပြစ်ပေးလိုက်ပါတယ်။ နောက်ပြီးတော့ သူ့ကို လှေတစ်စင်းပေါ်မှာတင်ပြီး ပင်လယ်ထဲ မျောလိုက်တဲ့အခါ အဲရစ်လည်း အိုင်နာတို့ဆီကို ပြန်ရောက်သွားပြီး အိုင်နာရဲ့အဖေ ဘယ်လိုသေခဲ့တယ်ဆိုတာကို ပြန်ရှင်းပြပါတယ်။ နောက်တော့မှ နှင်းထုကို ဖြတ်သန်းပြီး အင်္ဂလန်ဘုရင်ရဲ့ရဲတိုက်ဆီကို အလစ်အငိုက်ယူပြီး ချဉ်းကပ်ဖို့ လှေတွေကို သူလမ်းပြ ပေးနိုင်တဲ့အကြောင်း အဲရစ်က ဆက်ပြောပြပါတယ်။ အိုင်နာဟာ အဲရစ်ကို မကျေနပ်ပေမယ့် အဲရစ်နဲ့အတူ ဗိုက်ကင်းလှေတွေနဲ့ အင်္ဂလန်နိုင်ငံဆီကို ရွက်လွှင့်ပြီး ထွက်ခွာလာခဲ့ကြပါတယ်။ နောက်ဆုံးမှာ ရဲတိုက်ထဲကို ဗိုက်ကင်းတွေ ဝင်ရောက်သွားပြီး အင်္ဂလိပ်တွေကို နှိမ်နှင်းနိုင်ခဲ့ကြပါတယ်။
အိုင်နာဟာ မင်းသမီး မော်ဂန်နာကို ရဲတိုက်အပေါ်ဆုံး အထပ်မှာ တွေ့လိုက်ရတဲ့အခါ မော်ဂန်နာက အိုင်နာ့ကိုမချစ်ဘဲ အဲရစ်ကိုသာ မေတ္တာရှိကြောင်း ပြောလိုက်လို့ အိုင်နာဟာ အကြီးအကျယ် စိတ်ဆိုးသွားပါတယ်။ အဲဒီနောက် အခန်းအပြင်ဘက်မှာ ရောက်နေတဲ့ အဲရစ်နဲ့ နှစ်ယောက်ချင်း ဓားချင်း ယှဉ်ခုတ်ကြတဲ့အခါ အဲရစ်ရဲ့ဓားကျိုးပြီး အဲရစ် လဲကျသွားပါတယ်။ အိုင်နာဟာ လဲကျနေတဲ့ အဲရစ်ကို အဆုံးမစီရင်ခင်မှာ မကြာသေးခင်ကမှ သိလိုက်ရတဲ့အဲရစ်ဟာ သူ့ညီဖြစ်တယ်ဆိုတဲ့ အကြောင်းကို သတိရသွားပါတယ်။ ဒါကြောင့်အဲရစ်ကိုကြည့်ပြီး ဖခင်ရဲ့မျက်နှာကို မြင်ယောင်လိုက်မိတဲ့အတွက် အိုင်နာ ခဏတာ တုံ့ဆိုင်းတွေဝေသွားချိန်မှာ အိုင်နာဟာ သူ့အစ်ကိုဆိုတာကို မသိသေးတဲ့ အဲရစ်က သူ့ဓားအကျိုးနဲ့ ထိုးလိုက်လို့ အိုင်နာကျဆုံးသွားပါတယ်။ နောက်တော့ အိုင်နာရဲ့အလောင်းကို လှေတစ်စင်းပေါ်တင်ပြီး ဗိုက်ကင်း အစဉ်အလာအတိုင်း မီးသဂြုႋဟ်နေချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
ရုပ်ရှင်ထဲက ဗိုက်ကင်းတွေဟာ စကားပြောရင် လူကို လက်နဲ့တို့ရုံလောက်တင် မကဘဲ တစ်ဖက်လူကို လက်ဝါးနဲ့ ဖြန်းခနဲမြည်အောင် ရိုက်ရိုက်ပြီးတော့တောင် စကားပြောကြတာတွေကို တွေ့ရပါတယ်။ အရက်သောက်ရင်လည်း အရက်တွေ ဖိတ်စင်ပြီး တစ်ကိုယ်လုံး ပေပွနေအောင် သောက်တတ်ကြသလို မူးလာရင်လည်း ဖိနပ်မချွတ်ဘဲ ထမင်းစားစားပွဲပေါ် တက်ပြီးတော့တောင် လမ်းလျှောက်တတ်ကြပါသေးတယ်။ ဒါပေမဲ့ အိုင်နာဟာ ဘယ်လောက်ပဲ ရိုင်းတယ်ဆိုဆို အရေးကြုံလာရင် ကိုယ့်သွေးကိုယ့်သားကို ချစ်တတ်တဲ့ စိတ်အယဉ်လေးတော့ ရှိနေပါသေးလား ဆိုတာကို ဒီဇာတ်ကား ကြည့်ပြီးတဲ့အခါမှာ သိလိုက်ရပါတယ်။
တကယ်တော့ ယဉ်ကျေးမှုဆိုတာ လူတစ်ယောက် ဒါမှမဟုတ် လူမျိုးတစ်မျိုးရဲ့ဂုဏ်ဒြပ်ပဲ ဖြစ်ပါတယ်။ မချမ်းသာတာဟာ ရှက်စရာမဟုတ်ပေမယ့် မယဉ်ကျေးဘူးဆိုရင်တော့ နိုင်ငံတကာအလယ်မှာ အရှက်ရစရာပါ။ ကိုယ်တို့နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘယ်သူတွေဟာ ယဉ်ကျေးပြီး ဘယ်သူတွေက ရိုင်းခဲ့ကြသလဲဆိုတာကို ပြည်သူတွေသာ အသိဆုံးဖြစ်မှာပါ။ ဒ့ါကြောင့် ရှေးယခင်က အကြောင်းကြောင်းကြောင့် မယဉ်ကျေးနိုင်ခဲ့ရင်တောင်မှ အခုလို တိုင်းပြည်အတွက် အရေးကြီးနေတဲ့ အချိန်အခါမျိုးမှာ ယဉ်ကျေးတဲ့ ပြကွက်တစ်ကွက်လောက် ကပြနိုင်လိုက်မယ်ဆိုရင် နိုင်ငံအတွက် အလွန်ကောင်းသွားမှာ ဖြစ်သလို မယဉ်ကျေးခဲ့တာတွေကိုလည်း ပြည်သူတွေ မေ့ပျောက် မသွားနိုင်ရင်တောင်မှ ခွင့်လွှတ် သွားနိုင်ကြမှာကတော့ အမှန်ပါပဲ။ 

Most Read

Most Recent