ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရ ဖြစ်စေရန် အဂတိ လိုက်စားမှုများအား စစ်ဆင်ရေး တစ်ရပ်သဖွယ် အလေးထား ချေမှုန်းသင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရ ဖြစ်စေရန် အဂတိ လိုက်စားမှုများအား စစ်ဆင်ရေး တစ်ရပ်သဖွယ် အလေးထား ချေမှုန်းသင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ
Published 14 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရ ဖြစ်စေရန်အတွက် အဂတိ လိုက်စားမှုများအား စစ်ဆင်ရေး တစ်ရပ်သဖွယ် အလေးထား ချေမှုန်းသင့်ကြောင်း ဒီဇင်ဘာ ၁၄ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာ အပေါ်တွင် ကော်မတီ အသီးသီး၏ သဘောထားမှတ်ချက် တောင်းခံရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီက မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအား လုံလောက်သော လစာ၊ စရိတ်များ ထုတ်ပေးထားပြီး စွမ်းဆောင်ရည်ပြည့် အသုံးချကာ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်ပါက ပွင့်လင်းမြင်သာစွာ၊ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မလိုအပ်သော စီမံကိန်းများ လျှော့ချခြင်း၊ အခွန်ရှောင်သူများအား ထိရောက်စွာ အရေးယူခြင်းများကို ဆောင်ရွက်ကာ ဘတ်ဂျက်လိုငွေ လျှော့ချပြီး ဝန်ထမ်းများ လစာတစ်မျိုးတည်းဖြင့် လုံလောက်စွာ ရပ်တည်နိုင်သည်အထိ ဆောင်ရွက်ပေးသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီးခံ ကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော်၏ သယံဇာတများအား တစ်ဖက်နိုင်ငံသို့ နည်းမျိုးစုံဖြင့် ခိုးထုတ်မှုများအား အလေးထားထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ငါးနှစ်တာ သက်တမ်း၏ နောက်ဆုံးနှစ်ဖြစ်သည့် အားလျော်စွာ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် သတ်မှတ် လျာထားချက်များကို ပြည့်မီစေသင့်ကြောင်း၊ အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရန်အတွက် တာဝန်ရှိ ဌာနအသီးသီးသို့ စနစ်တကျ ဆောင်ရွက် တိုက်တွန်းသင့်ကြောင်း ပူးပေါင်း ကော်မတီက မှတ်ချက်ပြုထားသည်။ထို့အပြင် ကုန်သွယ်မှု ပမာဏ ရည်မှန်းချက်၏ ၁၁၂ ဒသမ ၄ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်သည် ဆိုသော်လည်း ကုန်သွယ်မှု လိုငွေမှာ ကျပ် ၁၆၁၁၁ ဒသမ ၃၃၄ ဘီလျံ ဖြစ်ပေါ်နေကြောင်း၊ ယင်းသို့ ဖြစ်ပေါ်နေသည့် အကြောင်းရင်း တစ်ခုဖြစ်သော မလိုအပ်သည့် တစ်ဦးချင်း Free Permit ဖြင့် ကားတင်သွင်းမှုများနှင့် ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ရပ်ဆိုင်းသင့်သည့် ကိစ္စရပ်များ ရပ်ဆိုင်းနိုင်ရန် မူဝါဒရေးရာအပိုင်း အမြန်ဆုံး ပြန်လည်သုံးသပ် စိစစ်ဆောင်ရွက်သင့်ကြောင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာအရ ဆောင်ရွက်နေမှုများ အပေါ်တွင် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍများတွင် တရားလွန် ဆောင်ရွက်နေမှုများကို နိုင်ငံတော် အစိုးရ အနေဖြင့် ပြတ်ပြတ်သားသားဖြင့် ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ ယခု အခြေအနေတွင် သစ်လုံးသာ ခိုးထုတ်သည် မဟုတ်ဘဲ သစ်မြစ်ပါ တူးဖော်ကြောင်း၊ သစ်မြစ်၏အောက်တွင် တွေ့ရသော ဓာတ်သတ္တုများကိုပါ ဆက်လက်တူးဖော်နေသည်များကို ပြင်းပြင်းထန်ထန် ကာကွယ်တားဆီးသင့်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။အစိုးရအဖွဲ့မှ တင်ပြလာသည့် အမျိုးသားစီမံကိန်း အစီရင်ခံစာတွင် သတ္တုကဏ္ဍတွင် ကြေးနီနှင့် နီကယ်သတ္တု တူးဖော်ထုတ်လုပ်ခြင်း၊ ဝင်ငွေပြောင်းလဲခြင်းများ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိကြောင်း၊ ထို့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကိစ္စကို ပွင့်လင်းမြင်သာစွာ ဖော်ပြသင့်ကြောင်း၊ စာချုပ်များ ပြင်ဆင်ချုပ်ဆိုခြင်းကြောင့် ဝင်ငွေပိုမို တိုးတက်ရရှိမှုကို ခြောက်လပတ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသင့်ကြောင်း၊ သစ်တောကဏ္ဍတွင် တရားမဝင် သစ်ထုတ်လုပ်မှုနှင့် ဖမ်းဆီးရရှိမှု အခြေအနေများကို အမျိုးသားစီမံကိန်း အစီရင်ခံစာတွင် ဖော်ပြသင့်ကြောင်း ပူးပေါင်းကော်မတီက ထောက်ပြခဲ့သည်။အဂတိ လိုက်စားမှုများသည် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမှုကို ထိခိုက်ပျက်စီးစေနိုင်သည့်အပြင် အစိုးရ ယန္တရား လည်ပတ်မှုကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း၊ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ယိမ်းယိုင်ပျက်စီးစေနိုင်ကြောင်း၊ ထို့အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက နိုင်ငံအားလုံး ပူးပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးပြောကြားထားသည်။

Most Read

Most Recent