လက်ရှိအစိုးရသက်တမ်း ကုန်ခါနီးတွင် ဖားကန့်ဒေသ၌ အရှိန်အဟုန်ဖြင့် ကျောက်စိမ်းတူးဖော်နေမှုများကို ပြည်ထောင်စုအစိုးရက အရေးပေါ်တားမြစ် အရေးယူပေးရန် ဒေသခံများတောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။
တရုတ်နိုင်ငံလုပ် အင်အားကြီးမားသော ယန္တရားကြီးများ ဖားကန့်ဒေသသို့ ကန်ပိုင်တည်လမ်းကြောင်းမှ နေ့စဉ်နီးပါး ဝင်ရောက်နေပြီး ကျောက်စိမ်းကုမ္ပဏီများ၏ အထိန်းအကွပ်မဲ့ ကျောက်မျက်တူးဖော်နေသည်ကို စိုးရိမ်နေကြောင်း ဖားကန့်ဒေသခံများက The Daily Eleven သတင်းစာသို့ ဆက်သွယ် ပြောကြားသည်။
ဒေသခံများ၏ သုံးသပ်မှုများအရ ၂၀၁၂ ခုနှစ် အစောပိုင်းကာလများနှင့် ၂၀၁၄ ခုနှစ် နောက်ပိုင်းကာလများတွင် စက်ယန္တရားအင်အားမှာ ၁၀ ဆကျော် များလာပြီး ယာဉ်ယန္တရား အရေအတွက်မှာလည်း နှစ်နှစ်ကျော်အတွင်း သုံးဆကျော် များလာကြောင်း ပြောကြားသည်။ လတ်တလောတွင် ဖားကန့်ဒေသအတွင်း ကျောက်မျက်တူးဖော်ရာတွင် အင်အားများစွာ အသုံးပြုလျက်ရှိသည့် ဓာတ်ပုံများဖော်ပြ၍ ပြည်သူ့သယံဇာတများ အလွန်အကျွံထုတ်ယူနေကြောင်း ဝေဖန်မှုများလည်း Facebook အကောင့်များစွာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
လက်ရှိတွင် ဖားကန့်ဒေသအတွင်း မြင်းကောင်ရေ သုံးထောင်နှင့်အထက်ရှိသည့် ယာဉ်ယန္တရားပေါင်း နှစ်သောင်းနီးပါး ရှိနိုင်ပြီး အစိုးရစာရင်းများမှာ နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီပေါင်း ၂၀၄ ခု၊ လုပ်ကွက်ပေါင်း ၂၇၇ ကွက်၊ ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၃၂၈ ခု၊ လုပ်ကွက်ပေါင်း ၃၀၄၇ ခု၊ စုစုပေါင်းကုမ္ပဏီ ၅၃၂ ခု၊ လုပ်ကွက်ပေါင်း ၃၃၂၄ ကွက်၊ စက်ယန္တရားမှာ ဘက်ဟိုး ၁၂၇၈ စီး၊ ဒိုဇာယာဉ် ၄၄ စီး၊ မြေသယ်ယာဉ် ၂၅၅၅ စီး၊ လုပ်သားအင်အားမှာ ၁၁၀၆၆၂ ဦးခန့်ရှိကြောင်း ၂၀၁၅ ဒီဇင်ဘာလဆန်းပိုင်းတွင် တာဝန်ရှိသူက ဖြေကြားထားသည်။ ကုမ္ပဏီနှင့် နီးစပ်သောအသိုင်းအဝိုင်းက ယင်းစာရင်းမှာ ခန့်မှန်းစာရင်းများကို အစိုးရဝန်ထမ်းများမှ နီးစပ်သလို ဆွဲယူထားခြင်းဖြစ်ပြီး အမှန်မဟုတ်ကြောင်း ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိပ်မူအုပ်စု ကရင်ချောင်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဦးဘရန်ဆိုင်းက “အခု မြစ်ကြီးနားလမ်းမှာ ဘက်ဟိုးတစ်စီးကို ကားငါးစီး ခွဲသယ်ရတယ်။ မြင်းကောင်ရေအင်အား ၉၀၅၁ ဆိုပြီး တွေ့နေရတယ်။
အဲဒီလောက်ကြီးတာ ဒီမှာ ဘယ်သူမှ မမြင်ဖူးဘူး။ ၂၀၁၂ မပိတ်ခင်တုန်းကထက် စက်အင်အားက ၁၀ ဆလောက် ကွာသွားပြီ။ အရေအတွက်လည်း သုံးဆလောက် ကွာပြီ။ ကုမ္ပဏီတစ်ခုမှာ အစီးရေ နှစ်ရာနဲ့ ငါးရာကြားမှာ ရှိတယ်။ ကျွန်တော့်အမြင်ကတော့ စားလို့ရတဲ့ အချိန်လေးမှာ စားနိုင်သမျှ စားသွားမယ်ဆိုတဲ့ သဘောပါပဲ။
ထပ်ဝင်နေတာတွေကိုကြည့်ရင် စက်အင်အားတွေ၊ အရေအတွက်တွေကို ကန့်သတ်မှုတော့ မရှိသေးပါဘူး။ ဒေသခံတွေက စိုးရိမ်နေကြတယ်။
တိုင်းပြည်ထူထောင်ဖို့ နောက်အစိုးရအတွက်ကို မစဉ်းစားတဲ့သဘောပါ။ တူးစရာကောင်းတဲ့နေရာက မရှိသလောက် ဖြစ်သွားပါပြီ။ ဘယ်လောက်ကျန်မလဲကတော့ ပြောရခက်ပါတယ်။
ကုမ္ပဏီတွေက ရွာတွေက သူတို့နေရာ ရောက်လာတယ်လို့ မြင်ကြတယ်။ ရွာရှိတဲ့နေရာကို သူတို့ ရောက်လာတယ်လို့ မမြင်ကြဘူး။ ဒီသုံးလေးလအတွင်းမှာ အရမ်းကြီး ဆိုးဆိုးရွားရွား တူးနေကြတာက စိတ်မကောင်းစရာပါ။ တရုတ် ဘက်ဂရောင်းတစ်ခုတည်းလောက်ကို မကတော့ဘူးလို့ ထင်တယ်”ဟု ပြောကြားသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ဖားကန့်ဒေသသို့ ယာဉ်ယန္တရား သယ်ယူသည့်လမ်းကြောင်းမှာ ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် သယ်ယူခြင်းနှင့် မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းသယ်ခြင်းစသည့် လမ်းကြောင်းနှစ်ကြောင်း ရှိပြီး ယခုနှစ် ပွင့်လင်းရာသီအတွက် ချင်းတွင်းမြစ်ကြောင်းမှ မြေသယ်ယာဉ်၊ စက်ယန္တရား ၂၅၀ နှင့် မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းမှ ဝင်လာသည့် အရေအတွက်မှာ ၅၀ ဝန်းကျင်သာ ရှိသေးကြောင်း ဒီဇင်ဘာ ၃ ရက်က ပြောကြားထားသည်။ တရုတ်နိုင်ငံလုပ် ယာဉ်ယန္တရားများ နေ့စဉ်ဝင်ရောက်မှုမှာ ကန်ပိုင်တည်ဂိတ်တွင် တရားဝင် အခွန်ဆောင်မှုများရှိကြောင်းသိရပြီး အရေအတွက်နှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ရုံး၊ အစိုးရအဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ ဖားကန့်လုံးခင်း ကျောက်မျက်ရုံးများသို့ ဆက်သွယ်မေးမြန်းသော်လည်း မသိရှိသေးကြောင်းသာ ပြောကြားပြီး ကချင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာနကမူ ယင်းအရေအတွက်ကို သိရှိထားခြင်းမရှိသေးကြောင်း ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိပ်မူအုပ်စု ကရင်ချောင်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
ဖားကန့်ဒေသတွင်း လူမှုရေးနှင့် ရပ်ရွာရေးလုပ်ငန်းများကို ကူညီနေသည့် ဦးတင်လှိုင်က “ကားတွေက မြစ်ကြီးနားလမ်းကြောင်းဘက်က နေ့တိုင်းဝင်နေကြတယ်။ ကုမ္ပဏီ တစ်ခုထဲကတောင် အစီးငါးရာ မှာထားတယ်လို့ သိရတယ်။ တခြားကုမ္ပဏီပေါင်း ရာချီနေတာ ဘယ်လောက်များတယ်ဆိုတာ မပြောနိုင်တော့ဘူး။ ဘက်ဟိုးကြီးတွေလည်း တစ်သက်လုံး တစ်ခါမှ မမြင်ဖူးဘူး။ နှစ်ထပ်အိမ် တစ်လုံးလောက်ရှိတယ်။ စက်အင်အားက လုံးဝလျှော့ချတာ မလုပ်ကြသေးဘူး။ စက်ယန္တရားတွေ အများကြီးသုံးလာတော့ မြေစာတွေ ပစ်စရာတွေ နေရာမရှိဘူး။ စွန့်ပစ်မြေစာကို ထိန်းလို့ မရနိုင်ဘူး။ အများစုက ဥရုချောင်းဘေးပဲ။ အားလုံးကပြိုင်တူကြီး လုပ်ပြီး စနစ်တကျမရှိ ဘူး။ ကျောက်ထွက်တဲ့နေရာကို အတင်းနှိုက်ပြီး ကျောက်စိမ်းအထွက်နည်းတဲ့နေရာကို ချန်ပစ်တာတွေ၊ မြေစာဖို့တာတွေ ရှိတယ်။ နောက်ကျရင် ဘယ်နေရာအသစ်၊ ဘယ်နေရာအဟောင်းဆိုတာကို သိနိုင်ဖို့ ခက်သွားပြီ။ အမှန်က ရှေ့စား နောက်ပစ် တူးရမှာ။ စနစ်မရှိကြတော့ဘူး။ ရသလို တူးနေကြတာ။ ဒေသခံတွေရော ဥရုမြစ်ရော ခံပေဦးပေါ့ဗျာ။ ဒေသခံတွေနဲ့ ကုမ္ပဏီကလည်း ပေါင်းစည်းဆောင်ရွက်မှုက မရှိသလောက်ဖြစ်နေတာ။ ဒေသခံတွေ အားလုံးကတော့ စပ်ကူးမပ်ကူးကာလမှာ ရသလောက် ကြုံးတယ်လို့ပဲ ထင်မြင်နေပါတယ်။ နောင်စနစ်မှန်ကို လက်မခံနိုင်တဲ့သဘောကြောင့် အလုအယက် လုပ်တယ်လို့ပဲ ပြောချင်တယ်။ နောက်အစိုးရအတွက် ကျန်အောင် ဒီလိုကြီး မလုပ်စေချင်ဘူး။ နောက်ကျရင်လည်း အစိုးရကဆင်းရဲတော့ ထုတ်တော့ သုံးရဦးမှာပဲလေ” ဟု ပြောကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် နံနက်အစောပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိပ်မူအုပ်စုကြားရှိ ဆန်ခတ်ကူးကျေးရွာအပိုင်းရှိ စွန်ပစ်မြေစာပုံပြိုကျရာ တဲ ၇၀ ခန့် မြေအောက်ရောက်ရှိခဲ့ပြီး လူနှစ်ရာဝန်းကျင် ပျောက်ဆုံးမည်ဟု ဒေသခံများက ခန့်မှန်းနေကြသော်လည်း ၁၁၄ ဦး တူးဖော်ပြီးနောက်ပိုင်း ရှာဖွေမှုကို နိုဝင်ဘာ ၂၅ ရက်တွင် ရပ်ဆိုင်းခဲ့သည်။ ဖားကန့်ဒေသတွင် လစဉ်နီးပါး မြေပြိုမှုကြောင့် သေဆုံးမှုများရှိခဲ့ပြီး ယခုဖြစ်စဉ်မှာ (၃၆) ကြိမ်မြောက် မြေပြိုလူသေသည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ မြေစာပြိုသေဆုံးသည့် ဖြစ်စဉ်များ၊ မြေစာပုံများ စနစ်တကျ မစွန့်ပစ်ခြင်းသည်လည်း ဥရုမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်များတွင် ရေကြီးလျှံမှုကို ဖြစ်စေသည့် အဓိကအကြောင်း တစ်ခုဖြစ်လာကြောင်း၊ စနစ်တကျ မတူးပါက ဖားကန့်ဒေသ၏ အနာဂတ်မှာ ဆယ်စုနှစ်ပိုင်းတစ်ခုအတွင်း တိမ်ကော၊ မှေးမှိန်လာမည်ဖြစ်ကြောင်း ပညာရှင်များက ဝေဖန်ကြသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိပ်မူအုပ်စု ကရင်ချောင်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က “ယန္တရားအမြောက်အမြား ရှိနေတယ်။ အဲဒါတွေက တရုတ်ဘက်ကနေ ဝင်လာတယ်။ သိရသလောက်ကတော့ တရားဝင် ဝင်လာတာမရှိဘူး။ သူ့နည်း သူ့ဟန် နားလည်မှုနဲ့ သွင်းနေကြတာ။ တာဝန်ရှိတဲ့သူတွေက မသိတာလည်း မဟုတ်ဘူး။ သို့သော်လည်းပဲ နားလည်မှုနဲ့ သွင်းနေကြတာ ဖြစ်တယ်။ နားလည်မှုနဲ့ သွင်းနေကြတာဆိုတော့ လာဘ်ပေးလာဘ်ယူမှု ရှိတယ် မရှိဘူးဆိုတာကတော့ မှန်းဆလို့ရတာပေါ့။ ဒါမျိုးတွေက တကယ်တမ်းပြောရရင် အများကြီးပဲ။ စက်ယန္တရားတွေက ခန့်မှန်းခြေပြောရရင် နှစ်သောင်းနဲ့ သုံးသောင်းကြားမှာ ရှိနိုင်တယ်။ တရားမဝင် သွင်းထားတဲ့ပစ္စည်းတွေ မဟုတ်ဘူး။နိုင်ငံတော်အတွက်လည်း အခွန်မရဘူး။ နောက်တစ်ခုက လက်ရှိမှာ ကျောက်စိမ်းဈေးကွက် မရှိဘူး။ ဈေးကျနေတယ်။ တရုတ်ကပဲ ကျောက်စိမ်းဝယ်ကြတာ။ ဒီလို ဇိမ်ခံပစ္စည်းတွေ ဝယ်တာကို တရုတ်သမ္မတက အားမပေးဘူး။တရုတ်ပြည်မှာလည်း လာဘ်ပေးလာဘ်ယူမှုတွေကို နှိမ်နင်းနေတယ်။ ဒါကြောင့် ကျောက်စိမ်းဝယ်တာ နည်းလာတယ်။ လက်ရှိအချိန်မျိုးမှာ ကျောက်စိမ်းတူးဖော်တာကို ရပ်ဆိုင်းထားရမယ်။ အဲဒီလိုမလုပ်တဲ့အပြင် ကျောက်စိမ်းတွေကို စက်ယန္တရားကြီးတွေနဲ့ နေ့ဆိုင်း ညဆိုင်းနဲ့ တူးနေကြတယ်။ အောက်ဈေးနဲ့ တရုတ်ပြည်ထဲ ရောက်နေတယ်။ မှောင်ခိုနည်းနဲ့လည်း တရုတ်ပြည်ထဲ ရောက်နေတယ်။နိုင်ငံတော်အတွက် အများကြီး ဆုံးရှုံးတယ်။နိုင်ငံတော်နဲ့ ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး။ ကျောက်စိမ်းဆိုတာက ကုန်ခမ်းသွားနိုင်တဲ့ ပစ္စည်းပဲ။ အခုလို ဈေးမရှိတဲ့အချိန်မှာ အကြီးအကျယ် တူးနေတယ်ဆိုတာက နိုင်ငံရေးအပြောင်းအလဲမှာ ပေါ်လစီပြောင်းသွားနိုင်တယ်။ ပေါ်လစီပြောင်းသွားရင် မတူးရဘဲ ဖြစ်မှာစိုးလို့ နေ့ရောညရော အပြင်းအထန် တူးနေခြင်းဖြစ်တယ်။ အမှန်ကတော့ အဲဒီလို တူးနေတာ မဖြစ်သင့်ဘူး။ အဲဒါကို ခွင့်ပြုထားတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိသင့်သလောက် မရှိဘူး။
နားလည်မှုနဲ့ စက်ယန္တရားတွေ သွင်းပြီး လုပ်နေတယ်ဆိုတာက အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိတာပေါ့။ အဓိက ကတော့ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့အစည်းတွေမှာ တာဝန်ရှိတာပေါ့”ဟု ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိပ်မူအုပ်စု ကရင်ချောင်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ကာ အစိုးရတပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေအဖွဲ့တို့ မိုးမောက်မြို့နယ်တွင် စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ စစ်ပွဲများ ကချင် တစ်ပြည်နယ်လုံး ပျံ့နှံ့လာပြီး ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို ၂၀၁၂ ခုနှစ် မေ ၃၀ ရက်မှ စတင်ကာ အစိုးရက တရားဝင်ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ပြန်လည်တူးဖော်ခွင့်ပြုခဲ့ရာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ ယင်းကဲ့သို့ နှစ်နှစ်ကျော်ကြာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေစဉ် ကျောက်မျက်လုပ်ကွက်များအတွင်းနှင့် အပြင်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ ကျောက်မျက်ကုမ္ပဏီများတွင် ကြီးမားပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီပိုင် စက်ယန္တရားများ လောင်စာဆီများ အဆောက်အအုံများ ဖျက်ဆီးခံရခြင်း၊ ခိုးယူခံရခြင်း၊ ကျောက်မျက်ရိုင်းများ ခိုးယူခံရခြင်းများ၊ တိုက်ပွဲအတွင်း အရပ်သားများ သေဆုံးခြင်း၊ ကျေးရွာအတွင်း လက်နက်ကြီးများ ထိမှန်ခြင်း၊ တရားမဝင် ကျောက်မျက်တူးဖော်သူများ၊ အရပ်သားများ မိုင်းနင်းမိပြီး သေဆုံးခြင်း၊ ခြေလက်အင်္ဂါများ ချို့တဲ့သွားခြင်း၊ စာသင်ကျောင်းများ ပိတ်ခဲ့ရပြီး နဝမတန်းကျောင်းသူ တစ်ဦး တိုက်ပွဲအတွင်း သေဆုံးခြင်း၊ ကျေးရွာများ ရွာလုံးကျွတ် ဖားကန့်မြို့နှင့် စစ်ပွဲလွတ်ရာ နေရာများသို့ ထွက်ပြေးရခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်မှုမှာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တူးဖော်လာခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်ခန့်အထိ စက်ယန္တရားအငယ်စားများဖြင့် ဖက်စပ်ကုမ္ပဏီများက တူးဖော်လာခဲ့ကြောင်း၊ ယင်း ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများ၊ ပုဂ္ဂလိက ကုမ္ပဏီများစွာ စက်အင်အား အလုံးအရင်းဖြင့် တူးဖော်ခဲ့ကြရာ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှစ၍ အလွန်ကြီးမားသော စက်ယန္တရားကြီးများဖြင့် ၂၀၁၂ ခုနှစ် မေ ၃၀ ရက်အထိ တူးဖော်ခဲ့ရာတွင် တောင်အလုံး ၆၀ ခန့်နှင့် ယင်းတောင် ပတ်ဝန်းကျင်ရှိ ချောင်းအမြောက်အမြား ပျောက်ကွယ်သွားကြောင်း၊ မှော်ဒေသအများစုတွင် နာမည်ကျော် ကျောက်စိမ်းများထွက်ရှိရာ နေရာများမှာ နောက်ထပ်တူးဖော်စရာ မရှိလောက်အောင် ပျက်ယွင်းပျောက်ကွယ်သွားကြောင်းဖြင့် အဆိုပါ ဖားကန့်ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဒေသခံများက ဆိုသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်ဒေသအတွင်းရှိ သဘာဝတောင် အလုံး ၅၀ လုံးခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာ၀ ဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန်မြင့်မားလာခြင်းများ ကြုံတွေ့နေရ ကြောင်း သိရသည်။ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မှော်မောင်းလျှံ ကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာစသည်တို့အပြင် တစ်ခြားသော ကျေးရွာဒေသများတွင် ကျေးရွာများ ပြောင်းရွှေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများလည်း နေရာအနှံ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၁၂ နှစ် အစိုးရသတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု တစ်ဧကလုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိပြီး ကျောက်မျက်ကုမ္ပဏီအများစုမှာ ယခုအချိန်တွင် ပြန်လည်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ဖားကန့်ဒေသတွင် ကျောက်စိမ်းထွက်ရှိနိုင်သည့် ဒေသများမှာ ကံဆီး၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ ဟောင်ပါး၊ တာမခံ စသည့်ကျေးရွာဒေသများဖြစ်ပြီး ကျောက်စိမ်းနှင့် ကျောက်စိမ်းမျိုးနွယ်ဝင် ထွက်ရှိနိုင်သည့် ဧကပေါင်း ၁၅၀၀၀ ကျော်ရှိနေပြီး ယင်းဧက အားလုံးမှာ ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများလက်သို့ ရောက်ရှိနေကြောင်း သိရသည်။
ဖားကန့်ဒေသတွင် လုပ်ကွက်ပေါင်း မည်မျှရှိသည်၊ ကုမ္ပဏီပေါင်း မည်မျှရှိသည်၊ ယန္တရားအင်အား မည်မျှကို အသုံးပြုနေသည်ကိုပင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မသိရကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက နိုဝင်ဘာ ၂၆ ရက် ဖားကန့်ခရီးစဉ်တွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် ကချင်ပြည်နယ် အစိုးရရုံးတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် လွှတ်တော် အထူးအစည်းအဝေးတွင် ဖားကန့်ဒေသနှင့် ပတ်သက်၍ “ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီမှာ မြေစာပြို ကျမှု ဖြစ်ခဲ့တယ်။ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကျောက်မျက်တူးဖော်ရေးရုံးမှ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကုမ္ပဏီများ၊ မီးသတ်၊ ကြက်ခြေနီ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ အပါအဝင် နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ဘက်ဟိုး ၅၅ စီးဖြင့် တူးဖော်ရှာဖွေခဲ့ရာမှာ ၁၁၄ ဦး ရှာဖွေနိုင်ခဲ့ပါတယ်။ နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုး မတွေ့ရအောင် ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး အစဉ်မပြတ် စောင့်ကြည့်စီမံဆောင်ရွက်ပေးနိုင်အောင် အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းခဲ့ပါတယ်။ ဌာနတွေပေါင်းပြီး ကျပ်ငွေ ၆၂၄ သိန်း၊ ဆန် ၁၁၄ အိတ်၊ ဆီ ၂၂၄ ပိဿာကိုထောက်ပံ့ခဲ့ပါတယ်”ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အစိုးရက ကောက်ယူထားသော စာရင်းများအရ ဖားကန့်ဒေသတွင် အိမ်ထောင်စု (၃၃၁၂၈) သုံးသောင်းသုံးထောင်ကျော်၊ လူဦးရေ (၃၁၂၅၂၈ ) ဦး သုံးသိန်းတစ်သောင်းကျော်၊ ကျေးရွာအုပ်စုပေါင်း ၂၁ စု၊ ကျေးရွာပေါင်း ၁၁၆ ရွာအနက် ၅၄ ရွာသာ ပြည်ထဲရေးအမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရရုံး မှတ်တမ်းများအရ သိရသည်။ မြေစာပုံအနီးမှ ထပ်တိုးရွာများကို ထည့်သွင်းခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က “ဖားကန့်ဒေသဆိုတာ နိုင်ငံအတွက် ဝင်ငွေအများကြီး ရှာဖွေပေးနေတဲ့ ကျောက်မျက်ရတနာတွေ ဖြစ်ပါတယ်။ ဒီအစိုးရတင် မကပါဘူး။ နောက်အစိုးရတက်လာရင်လည်း ဖြေရှင်းပေးရမှာပဲ။ အစိုးရက စနစ်တကျနဲ့ ကိုင်တွယ်ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ နောက်အစိုးရကျရင်လည်း ဒီကိစ္စကို အရေးကြီးကဏ္ဍတစ်ခုအနေနဲ့ ကိုင်တွယ်ရမှာပါ။ ဖားကန့်ဒေသက အခုမှဖြစ်နေတာ မဟုတ်ဘူးလေ။
ကျန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ဖြစ်နေခဲ့တာပဲ။ တူးပဲ တူးကြပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းခဲ့ကြတယ်။ တူးတဲ့စက်တွေနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်မှုတွေ ထားရမှာပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရမှာဖြစ်တယ်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ပြန်သုံးသပ်ရမယ်။ ပြန်သွားလိုက်ရင်တော့ ဖွဲ့စည်းပုံကို ပြန်သုံးသပ်ရမှာ ဖြစ်နေတယ်။ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်တာဆိုတော့ ပြည်နယ်အနေနဲ့ လုပ်ပိုင်ခွင့် သိပ်မရှိဘူး ဖြစ်နေတယ်။အားလုံးမှာတော့ တာဝန်ရှိတယ်။
ဒါပေမဲ့ တာဝန်အရှိဆုံးကတော့ ပြည်ထောင်စုအစိုးရပေါ့။ ကျောက်စိမ်းဆိုတာကို ကျွန်တော်တို့ နိုင်ငံကပဲ ထွက်တာပါ။ အခုလို ထွက်ရှိနေပေမယ့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှု နည်းပါးတယ်။ မှောင်ခိုထွက်နေတာလည်း အများကြီးပဲ။ စနစ်တကျလုပ်ဖို့ လိုတယ်။ ဖားကန့်ကိစ္စကို စနစ်တကျ ကိုင်တွယ်ဖို့ အစိုးရပိုင်းက လုပ်ဆောင်နိုင်ဖို့ လိုတယ်”ဟု ပြောကြားသည်။
ဖားကန့်ဒေသတွင် ၁၉၉၄ ခုနှစ်မှစကာ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လာသည့်အတွက် တွင်ကျယ်စွာ ဆောင်ရွက်လာနိုင်သည်ဟု ထင်မြင်ရကြောင်း၊ သို့ရာတွင် နှစ်ပေါင်းများစွာကြာမှ အရည်အသွေးပြည့်မီသည့် ကျောက်မျက်ရတနာများကို အချိန်တိုအတွင်းမှာပင် ယန္တရားကြီးများ၊ မိုင်းများအသုံးပြုပြီး တူးဖော်သည့်အတွက် အဖိုးတန်ကျောက်မျက်ရတနာများသည် အချိန်အနည်းငယ်အတွင်းမှာပင် ကုန်ဆုံးပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင်က ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ မြေစာတောင်ပြိုသည့်အတွက် လူရာချီသေဆုံးမှုမျိုး ထပ်မံမဖြစ်ပွားရန် ကြိုတင်ကာကွယ် စီမံမှုများဆောင်ရွက်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က အရေးကြီးအဆိုအဖြစ် နိုဝင်ဘာ ၃၀ ရက်က တင်သွင်းခဲ့ကာ ဒီဇင်ဘာ ၇ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခဲ့သည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန်ကျေးရွာအနီးတွင် တွေ့မြင်ရသည့် ကုမ္ပဏီလုပ်ကွက်အချို့
ယခုကဲ့သို့ လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးခါနီးအချိန်တွင် အရှိန်အဟုန်ဖြင့် ဥပဒေမဲ့ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် သုံးသပ်မှုများ ရှိနေသည်။ ဖားကန့်ဒေသတွင် ဥပဒေမဲ့ လုပ်ဆောင်နေမှုများ၊ ထိုသို့လုပ်ဆောင်နိုင်ရန် ခွင့်ပြုထားသူများစသည်ဖြင့် အဆိုပါအခြေအနေများနှင့် ပတ်သက်၍ အဂတိလိုက်စားမှု ရှိ မရှိကို တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
“အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သော် လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော် လည်းကောင်း၊ အခြားသူတစ်ဦးဦးအတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းအတွက်သော် လည်းကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွေးနွေးခြင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုသည်။
တံစိုးလက်ဆောင်ဆိုရာတွင် အဂတိလိုက်စားမှုအလို့ငှာ အဖိုးစားနား သို့မဟုတ် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လက်ခံခြင်း သို့မဟုတ် ပေးခြင်းပြုသော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များလည်း ပါဝင်သည်။
အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းဆိုသည်မှာ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ အဂတိလိုက်စားမှုဖြင့် ငွေကြေးနှင့် ပစ္စည်းများ တိုးပွားရရှိလာခြင်းကြောင့်သော် လည်းကောင်း၊ ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော် လည်းကောင်း၊ ငွေကြေးနှင့် ပစ္စည်းများကို မတရားရယူခြင်းကြောင့်သော် လည်းကောင်း ကြွယ်ဝချမ်းသာလာခြင်းကို ဆိုသည်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ် ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားပါသည်။















