တရုတ်သံရုံးရှေ့ ဆန္ဒပြမှုဖြင့် ထောင်ကျနေသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား လွှတ်ပေးရန် တပ်မတော်သားဟောင်းတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ

တရုတ်သံရုံးရှေ့ ဆန္ဒပြမှုဖြင့် ထောင်ကျနေသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား လွှတ်ပေးရန် တပ်မတော်သားဟောင်းတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ
Published 10 December 2015
ကြည်နိုင်

တရုတ်သံရုံးရှေ့ဆန္ဒပြမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား လွှတ်ပေးရန် တပ်မတော်သားဟောင်းတစ်ဦးမှ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ပိုင်းက ဗဟန်းမြို့နယ်  ဗိုလ်စိန်မှန် အားကစားကွင်းအတွင်း တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရသည်။အဆိုပါ ဆန္ဒပြမှုကို ကျောက်တံတားမြို့ နယ် ရဲတပ်ဖွဲ့တွင် ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြသူ တပ်မတော်သားဟောင်းမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်တပ်ထိန်း (ကြည်း) မှပင်ဖြစ်၍ တပ်သား ဦးသက်ဝေဆိုသူဖြစ်ကြောင်း သိရသည်။ “ ဦးနေမျိုးဇင်က အခုဆိုရင် ထောင်ဒဏ်လည်း ကျခံရနေရတယ်။ ပြီးတော့ ကျန်းမာရေးလည်း မကောင်းဘူး။ လက်ပံတောင်းတောင်ကိစ္စနဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြလို့ အဖမ်းခံရတယ်။ သူလုပ်ခဲ့တာတွေက ပြည်သူတွေအတွက် ကြိုးစားခဲ့တာတွေပါ။ အဲ့ဒီလိုကြိုးစားခဲ့တဲ့သူတွေကို လွှတ်ပေးဖို့ အတွက်ဖြစ်ပါတယ်”ဟု တပ်မတော်သားဟောင်းတစ်ဦးဖြစ်သော ဦးသက်ဝေက ပြောကြားသည်။ ဦးသက်ေ၀ (၆၁) နှစ်သည် ၁၉၈၇ ခုနှစ်တွင် တပ်မတော်တပ်ထိန်း(ကြည်း)မှ ကိုယ်ပိုင်အမှတ်- ၃၉၇၀၁၈၊  တပ်သားအဆင့်ဖြင့် ထွက်ခဲ့သူဖြစ်ပြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ဟောပြောလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သေးကြောင်း ဦးသက်ဝေက ပြောကြား သည်။ ဦးသက်ဝေသည် အဖြူရောင်ဗီနိုင်းပေါ်တွင် အနက်ရောင်စာလုံးများဖြင့် “ယနေ့တိုင်းပြည်မှာ စစ်မှန်သော ပြည်သူလက်သို့  ရောက်ရှိခဲ့ပြီ၊ ပြည်သူအတွက် ကြိုးစားခဲ့သူ ထောင်မှလွှတ်လိုက်ပါ”  ဗိုလ်ကြီးနေမျိုးဇင်ပုံနှင့် အောက်တွင် ဗိုလ်ကြီးနေမျိုးဇင် (ကြည်း) ၂၉၄၄၄၊ တပ်မတော်တပ်ထိန်း(ကြည်း)တောင်ကြီး ၊ တပ်မတော်၏ လက်အောက်ခံ တာဝန်ရှိသူများ မတရားလုပ်ရပ်အရေးယူ၊ ဦးသက်ဝေပုံနှင့်အောက်တွင် တပ်သားသက်ဝေ၊ ကိုယ်ပိုင် အမှတ် ၃၉၇၀၁၈၊ တပ်မတော် တပ်ထိန်း(ကြည်း) စာသားများပါသော ဗီနိုင်းအား ကိုင်ဆောင်၍ တစ်ကိုယ်တော်ဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဦးသက်ဝေသည် ယင်းကဲ့သို့ ဆန္ဒပြမှုအား ခွင့်ပြုချက်လျှောက်ထားရန် အတွက် ဒီဇင်ဘာ ၄ ရက်က ကျောက်တံတား မြို့နယ်မြို့တော်ခန်းမရှေ့မှ ကျောက်တံတား မြို့နယ်ရဲစခန်းရှိသည့် ၃၇ လမ်းအထိ သွားရာလမ်းတစ်လျှောက်၌ အထက်ပါစာသား များပါဝင်သည့် ဗီနိုင်းအား ကိုင်ဆောင်ကာ သွားရောက်ခဲ့သည့်အတွက်  ကျောက်တံတား မြို့မရဲစခန်းမှ(ပ)၂၉၀/၂၀၁၅၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။                           

Most Read

Most Recent