လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထွက်ရှိမည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ယနေ့ ဖွင့်လှစ်မည်

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထွက်ရှိမည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ယနေ့ ဖွင့်လှစ်မည်
Published 9 December 2015

ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင် ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ဓာတ်အားစုစုပေါင်း ၁၄၀ မဂ္ဂါဝပ် ထွက်ရှိမည့်  အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဒီဇင်ဘာ ၉ ရက် (ယနေ့)တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
“မဂ္ဂါဝပ် ၁၄၀ ထွက်ရှိမယ့်အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဒီဇင်ဘာ ၉ ရက်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ စမ်းသပ်လည်ပတ်ပြီး  National Grid ထဲကို ပေးနေတာကတော့ ကြာပါပြီ။ ဒီစီမံကိန်းကို နိုင်ငံတော် ဘတ်ဂျက်နဲ့ ဝန်ကြီးဌာနကပဲ ဆောက်တာပါ။ စီမံကိန်းကို ဖြစ်နိုင်စွမ်း ရှိမရှိ လေ့လာတာကတင် တစ်နှစ်လောက် ကြာပါတယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၂ /၂၀၀၄) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၂၀၀၅ ခုနှစ်တွင် အကြို တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်အတွင်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်း အကောင်အထည် ဖော်ရာတွင် စူးစမ်းလေ့လာမှု၊ ဒီဇိုင်းဖော်ထုတ် ရေးဆွဲမှု လုပ်ငန်းဆောင်ရွက်မှုများကို ဂျပန်နိုင်ငံ KAN- SAI Electric Power ကုမ္ပဏီနှင့် ရေးအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန အောက်ရှိ အင်ဂျင်နီယာ ဝန်ထမ်းများ ပူးပေါင်း ကွင်းဆင်းလေ့လာခဲ့ပြီး ပဏာမ အစီရင်ခံစာ ပြုစုခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပင်မတမံ၏ အောက်ခြေတွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ယင်းဓာတ်အားပေးစက်ရုံ၌ ဖရန်စစ်တာဘိုင် (Francis Turbine) အမျိုးအစား မဂ္ဂါဝပ် ၇၀ စီရှိ ဓာတ်အားထုတ်လုပ်သည့် စက်နှစ်လုံး တပ်ဆင်ထားကြောင်း၊ အဆိုပါစက်နှစ်လုံးမှ ထွက်ရှိလာသော ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် ၁၄၀ ကို နိုင်ငံတော် မဟာဓာတ်အားလိုင်း (National Grid) သို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကြိုးဖြင့် ပြီးခဲ့သည့် နှစ်က ပို့လွှတ်ပေးထားပြီးဖြစ်ကြောင်း၊ ယင်းတပ်ဆင် စက်အင်အားမဂ္ဂါဝပ် ၁၄၀ မှ လျှပ်စစ်ဓာတ်အား တစ်နှစ်လျှင် ပျမ်းမျှ ကီလိုဝပ် နာရီ ၄၅၄သန်း ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ အောက်ဘက်၌တည်ဆောက်ထားသည့်  ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၏ တစ်နှစ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ  ၉၁၁ သန်းမှ ကီလိုဝပ် နာရီ  ၉၄၃ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent