အမှိုက်ကောက်တာ ရှက်စရာ မဟုတ်ပါ

အမှိုက်ကောက်တာ ရှက်စရာ မဟုတ်ပါ
Published 8 December 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

လူတွေ အသုံးပြုပြီး စွန့်ပစ်လိုက်တဲ့ အသုံးမဝင်တော့တဲ့ ပစ္စည်းတွေကို အမှိုက်လို့ ခေါ်ကြတာ ဖြစ်တယ်။ ယေဘုယျအားဖြင့် အားလုံးကို အမှိုက်လို့ ခေါ်ကြပေမယ့် လူတစ်ဦး ချင်းစီကနေ ထွက်လာတဲ့ အမှိုက်တွေ ရှိသလို မီးဖိုချောင်ကနေ ထွက်လာတဲ့ အမှိုက်တွေလည်း ရှိတယ်။ စက်ရုံ အလုပ်ရုံတွေကနေ ထွက်လာတဲ့ အမှိုက်တွေလည်းရှိတယ်။ စက်ရုံတွေကနေ ထွက်လာတဲ့ အမှိုက်တွေကိုတော့ စွန့်ပစ် ပစ္စည်းတွေ (Wastes) လို့ ခေါ်ကြတယ်။ တစ်ခါ စက်ရုံတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေမှာမှ လူတွေကို အန္တရာယ် ရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ အက်စစ်လို စွန့်ပစ် ပစ္စည်းတွေကတော့ စွန့်ပစ်ရာမှာ လူတွေကို အန္တရာယ် မဖြစ်အောင် စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်လာတာ ဖြစ်တယ်။ ရွှေထုတ်လုပ်ရာမှ သတ္တုရိုင်းတွေ အတွင်းက ရွှေကို ရာနှုန်းပြည့် ထုတ်ယူရာမှာ အသုံးပြုတဲ့ ဆိုင်ယနိုက်လို ဓာတုပစ္စည်းတွေက လူတွေရဲ့ အသက်ကို ဆုံးရှုံးစေနိုင်တာကြောင့် အဲဒီ ဆိုင်ယာနိုက် စွန့်ပစ် အရည်တွေကို မြေကြီးထဲ စိမ့်ဝင်မသွားအောင် စနစ်တကျ အကာအရံတွေ ပြုလုပ်ထားတဲ့ ကန်တွေ အတွင်းကို စွန့်ပစ်ကြရတယ်။
အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တတ်ဖို့ အရေးကြီးတယ်။ စာရေးသူတို့ နိုင်ငံမှာ အတိတ်ကာလရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ အောက်မှာ လူအတော် များများက ကိုယ်ကျင့်သိက္ခာတွေ ပျက်ယွင်း လာနေကြတယ်။ မူလတန်း ကျောင်းတွေမှာ စာရေးသူတို့ ငယ်ရွယ်စဉ်ကလို ပြည်သူ့ နီတိတွေ သင်ကြားတာတွေ မရှိတော့ ရိုင်းစိုင်း လာကြတယ်။
စာရေးသူတို့ မြန်မာစကားမှာ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” ဆိုတာရှိတယ်။ သို့ပေမဲ့ ဒီကနေ့မှာ အဲဒါတွေက စာရွက်ပေမှာသာ ရှိတော့တယ်။ အခု လောလောဆယ်မှာကို စာရေးသူ ကိုယ်တိုင် လူငယ်တွေကို လမ်းဖယ်ပေးနေရတယ်။ ရဟန်း သံဃာတွေ လမ်းမှာ ဆွမ်းခံကြွလာတာ တွေ့ရင် လမ်းဖယ်ပေးရမှန်း မသိ ဖြစ်နေကြတယ်။
အရင်ကလည်း ကြုံရင်ကြုံသလို ရေးခဲ့ဖူးပါတယ်။ လိုင်းကားတွေပေါ်မှာ သံဃာတော်တွေ အတွက် သီးသန့်ခုံ နှစ်ခုံ ရှိတယ်။ အဲဒီခုံကို သံဃာတော် တက်လာတော့ စာရေးသူက သံဃာတော်ကို နေရာလှူဖို့ ဆော်သြလိုက်တယ်။ ထိုင်နေတဲ့သူက ထိုင်ချင်လို့ ထိုင်တာ ဖယ်မပေး နိုင်ဘူးတဲ့လေ။ သံဃာတော်ကလည်း ဒကာကြီး ပြောမနေပါနဲ့တော့ ဘုန်းကြီး မထိုင်တော့ပါဘူး ဆိုပြီး မတ်တတ်ရပ်ပဲ စီးသွားတယ်။
၂၉-၁၁-၂၀၁၅ တနင်္ဂနွေနေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တော်ဝင် နှင်းဆီမှာ တွေ့ဆုံပြီး အခုပွဲက NLD အောင်နိုင်တဲ့ပွဲ မဟုတ်ဘဲ ပြည်သူလူထုရဲ့ အောင်နိုင်မှု ဖြစ်တယ်ဆိုတာ ပြောသွားတယ်။ ဒါက ခေါင်းဆောင် စိတ်ဓာတ် ဖြစ်တယ်။ အရာရာကို အခွင့်အရေး ယူချင်တာက ခေါင်းဆောင် စိတ်ဓာတ် မဟုတ်ပါ။ အလုပ်လုပ်ရာမှာ ခေါင်းဆောင်က စံနမူနာပြ လုပ်ဆောင် သွားကြရမှာ ဖြစ်တယ်။ "Leaders show by examples" လို့ ဆိုထားတယ် မို့လား။ ဒါကို Bottom-Up Initiative လို့ဆိုခဲ့တာ ဖတ်လိုက်ရဖူးတယ်။
အခု အမှိုက်ကောက်ပြတာက ခေါင်းဆောင် လုပ်မယ့်သူတွေရဲ့ စံနမူနာပြ လုပ်ဆောင်မှုတွေကို အစပြု ပုံဖော်ပေးလိုက်တာ ဖြစ်တယ်လို့  စာရေးသူ သုံးသပ်မိတယ်။
FORD မော်တော်ကား ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ Chrysler မော်တော်ကား ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်လာတဲ့ Lee Iaacocca ဆိုရင် အဲဒီ ဝန်ထမ်းပေါင်း တစ်သိန်းခွဲ ရှိတဲ့ Chrysler မော်တော်ကား ကုမ္ပဏီမှာ ကုန်ကျစရိတ်တွေ လျော့နည်းစေဖို့ သူကိုယ်တိုင် လစာလျှော့ယူ ပြလိုက်ရာမှာ ကျန်တဲ့ ဝန်ထမ်းပေါင်း တစ်သိန်းခွဲက ဒို့တစ်တွေ အရင်ဥက္ကဋ္ဌနဲ့ ဆိုရင် အလုပ်လက်မဲ့ဖြစ်ပြီ။
အခု လက်ရှိ ဥက္ကဋ္ဌကြီး ကြောင့်သာ ရာထူးနေရာ တည်မြဲနေတာ။ ဥက္ကဋ္ဌကြီးက သူ ကိုယ်တိုင် လစာလျှော့ ယူလိုက်တာကို ဝန်ထမ်းပေါင်း တစ်သိန်းခွဲကလည်း တစ်ယောက်ကို တစ်ဒေါ်လာနှုန်းနဲ့ လစာ လျှော့ယူလိုက် တာ Chrysler မော်တော်ကား ကုမ္ပဏီက ခေါင်းဆောင် လုပ်သူရဲ့ စံနမူနာပြ လုပ်ဆောင်မှုကြောင့် တစ်လကို ဒေါ်လာ တစ်သိန်းခွဲကျော် ကုန်ကျစရိတ်တွေ သက်သာသွားခဲ့တယ်။ ဒီနမူနာကို ယူပြီး ခေါင်းဆောင် လုပ်သူတွေက ကောင်းတာ မှန်သမျှ စိတ်ရင်းစိတ်မှန်စွာ လုပ်ဆောင်ပြ ကြရမှာ ဖြစ်တယ်။
အတိတ် ကာလကလို သူသော်မှ စားသေးတာ ငါတို့လည်း စားကြစို့ရဲ့ဆိုပြီး ဝိုင်းစားလိုက်ကြတာ စာရေးသူတို့ မြန်မာနိုင်ငံက သယံဇာတတွေ ပေါကြွယ်ဝပါလျက် အဆင်းရဲဆုံးနဲ့ ခြအစားဆုံး နိုင်ငံ တစ်နိုင်ငံ စာရင်းဝင် ဖြစ်လာခဲ့တယ်။
အဓိက,ကတော့ နိုင်ငံကို အုပ်ချုပ်စီမံ ခန့်ခွဲကြမယ့် သူတွေက အနာဂတ် အမြင်ကောင်းတွေ ရှိကြရမယ် ဆိုတာ ဖြစ်ပါတယ်။ ဟိုယခင်က ခေါင်းဆောင် နေရာမှာရှိသူ တစ်ဦးက ကိုယ်တိုင် အမှိုက်ကောက်ပြတာကို သတင်းစာတွေ၊ ဂျာနယ်တွေမှာ တစ်ရက် တွေ့လိုက်တယ်။ နောက်တော့ ပျောက်သွားတယ်။ ဟန်ပြ လုပ်ဆောင်မှုမျိုး မဖြစ်စေရဘဲ မိမိနိုင်ငံသားတွေ ကိုယ်တိုင် အမှိုက်ကောက်ခြင်းကနေ ရရှိလာမယ့် အကျိုး ဖြစ်ထွန်းမှုတွေကို နားလည်အောင် လုပ်ဆောင်ပေး ကြရမယ်။
စာရေးသူက ရှစ်လွှာမှာနေတာ ၁၀ နှစ် ကျော်ပါပြီ။ နံနက်ဆိုရင်  နံနက်ပိုင်း လမ်းလျှောက်သွားရင်း လှေခါးထစ် ၁၀၀ ကို တံမြက်လှည်းတယ်။ တစ်ပတ် တစ်ကြိမ် အဲဒီ အမှိုက်တွေကို စုထည့်ပြီး အမှိုက်ပုံးမှာ သွားပစ်တယ်။ စာရေးသူတို့ လှေခါးတွေမှာ ပင့်ကူမျှင်တွေ လုံး၀ မရှိစေပါ။ အမှိုက်တွေ မရှိစေပါ။
အစပိုင်းမှာတော့ အချို့သော စည်းကမ်း မလိုက်နာသူတွေ အနည်းငယ်က အမှိုက်တွေ ပစ်တာ ရှိသေးတယ်။ သူတို့ကို စာရေးသူ အပြစ်မမြင်ပါ။ စာရေးသူ အမှိုက်တွေကို ကိုယ်တိုင် တံမြက်စည်းလှည်း၊ ကိုယ်တိုင် စွန့်ပစ်တာကို နောက်ထပ် တွေ့ရင် သူတို့အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာတွေ ရှောင်ကြဉ်သွားမှာ ဖြစ်တယ်။
စာရေးသူမှာ အခုလို အမှိုက်ကောက်တဲ့ အကျင့် ဖြစ်လာခဲ့တာက စာရေးသူ ကိုယ်တိုင် စက်မှုဇုန်တွေမှာ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံ ASEAN မှာအဖွဲ့ဝင် လိုက်တော့ ၂၀၁၅ ခုနှစ်မှာ ကျင့်သုံး အကောင်အထည် ဖော်မယ့် AFTA ကို တစ်ခါတည်း ကြေညာခဲ့တာ ဖြစ်လို့ စာရေးသူက စက်မှုဇုန်တွေမှာ Total Quanlity Management (TOM) လို့ ခေါ်တဲ့ အရည်အသွေးပြည့် မီစံခန့်ခွဲမှု သဘော တရားတွေကို သင်တန်းပေးရတဲ့ အကျိုးဆက် ဖြစ်တယ်။ နိုင်ငံတော် အနေနဲ့ ၂၀၁၅ ခုနှစ် ရောက်ရင် AFTA မှာ မိမိနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေး ကောင်းလာဖို့ ရည်ရွယ်ပြီး TOM သင်တန်းတွေ ပေးခဲ့တယ်။ သို့ပေမဲ့ နိုင်ငံတော်က မကျင့်သုံး ဖြစ်ပေမယ့် စာရေးသူရဲ့နေအိမ်မှာ TOM စနစ်ကို ကျင့်သုံးတယ်။ အမှိုက်တွေ ပစ်ဖို့ စနစ်တကျ ပုံးတွေထားတယ်။ စာရေးသူက စက္ကူနဲ့ အလုပ်လုပ်တာ ဖြစ်လို့ စက္ကူတွေ ပစ်မယ့် အမှိုက်ပုံးကို စာရေးသူရဲ့ စားပွဲအောက်မှာ ထားတယ်။ မီးဖိုချောင်ကနေ ထွက်လာမယ့် အမှိုက်တွေအတွက် သီးခြား အမှိုက်ပုံး ထားတယ်။ ဒီစနစ်ကို စာရေးသူ တရားစခန်းဝင်တဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ရိပ်သာကလည်း ကျင့်သုံးနေတာ ဖြစ်လို့ ဝမ်းသာနေမိတယ်။ ဆရာတော်ကြီးနဲ့ စကားစပ်လို့ လျှောက်ထားရာမှာ သဘော တရားတွေကို ဆရာတော်ကြီး ကိုယ်တိုင် သိနေတယ်။ အမှိုက်ပုံးတွေ စနစ်တကျ ထားရှိမှု၊ တစ်ပတ်ကို တစ်ကြိမ် တရားအားထုတ်တဲ့ ယောဂီတွေ ကိုယ်တိုင် သန့်ရှင်းရေး လုပ်ကြရတယ်။ အခုလို အခြေခံ လုပ်ဆောင်ချက်တွေ အတိုင်း ကျင့်သုံး လုပ်ဆောင်နေတဲ့ ဆရာတော်ကြီးရဲ့ ၁၀ မိုင်ကုန်း တောစခန်းမှာ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ နိုင်ငံခြားသား ယောဂီတွေ လာရောက် တရားအား ထုတ်ကြတယ်။
စာရေးသူ အနေနဲ့ အကြံပြု လိုတာက အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ကြပါ။ အဲဒီ အမှိုက်တွေကနေ မကြာမီမှာ အမှိုက်တွေကနေ ရွှေဖြစ်လာတော့မှာမို့ အမှိုက်တွေ ကောက်ရတာကို မရှက်ကြတော့ဘဲ ဂုဏ်ယူစွာ အမှိုက်ကောက်ကြပါ။ အမှိုက်ကောက်တာ ရှက်စရာ မဟုတ်ပါ။ မဟုတ်တာ၊ မမှန်တာ၊ အကျိုးမရှိတာတွေ လုပ်တာတွေကမှ ရှက်စရာဖြစ်ကြောင်း သိရှိနားလည် သဘောပေါက်ကြဖို့ ဖြစ်ကြောင်းပါ။

Most Read

Most Recent