ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆွေးနွေးပွဲအားNLD ပါတီက ဆက်လက် တာဝန်ယူရမည်ဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် NLD မှ ကိုယ်စားလှယ်နှစ်ဦးသာ ပါဝင်မှုကို ပြန်လည်သုံးသပ်ရန် သူရဦးအောင်ကို ဆွေးနွေး

ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆွေးနွေးပွဲအားNLD ပါတီက ဆက်လက် တာဝန်ယူရမည်ဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် NLD မှ ကိုယ်စားလှယ်နှစ်ဦးသာ ပါဝင်မှုကို ပြန်လည်သုံးသပ်ရန် သူရဦးအောင်ကို ဆွေးနွေး
Published 7 December 2015
စိုးမင်းထိုက်၊ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ထာဝရ ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆွေးနွေးပွဲအား NLD ပါတီက ဆက်လက် တာဝန်ယူရမည်ဖြစ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတွင် NLD ကိုယ်စားလှယ်နှစ်ဦးသာ ပါဝင်မှုကို ပြန်လည်သုံးသပ်ရန် သူရဦးအောင်ကိုက ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဖြစ်မြောက်ရန် လက်ရှိ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့အပြင် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာအောင် ဆက်လက် စည်းရုံး ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်း အပါအဝင် ထာဝရ ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ဆက်လက် တာဝန်ယူသွားရမည် ဖြစ်သည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတွင် NLD ပါတီမှ ကိုယ်စားလှယ်နှစ်ဦးတည်းသာ ပါဝင်စေမှုသည် လျော်ကန်သင့်မြတ်မှု ရှိ၊ မရှိ ပြန်လည် သုံးသပ်သင့်ကြောင်း သူရဦးအောင်ကိုက ဆွေးနွေးခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီ ၉၀ ကျော်မှ ကိုယ်စားလှယ် ၁၆ ဦးနှင့် အကြံပေးရှစ်ဦးတို့အား မဲပေးရွေးချယ်ထားကြောင်း၊ ထိုသို့ရွေးချယ်ထားမှုအပေါ် ပြန်လည်သုံး သပ်သင့်သည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အနာဂတ်နိုင်ငံတော် အရေးအရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက ၂၀၁၄ ခုနှစ်တွင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တင်ပြခဲ့ကြောင်း သူရဦးအောင်ကိုက ဆက်လက် ဆွေးနွေးခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံဖို့တောင်းဆိုတယ်။ ပြည်ထောင်စု လွှတ်တော်က ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြည်ထောင်စုအစိုးရက ၁၄ ပွင့်၊ ၄၈ ပွင့်တို့၊ အပွင့် ၁၀၀ ကျော်တို့ စီစဉ် ဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ အဲဒီလို များသွားတော့ နိုင်ငံတော်အတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်နိုင်ဘဲ အချိန်ကုန်ပြီး အဖျားရှုးသွားခဲ့တာကို သင်ခန်းစာ ယူသင့်ပါတယ်။ လူများပြီး ပွဲမစည် ဆိုတဲ့စကားအတိုင်း မဖြစ်စေဖို့ နိုင်ငံရေးပါတီ ၉၀ ကျော် အစား ပြည်သူ့ကိုယ်စားလှယ် အနည်းဆုံး တစ်ဦး အရွေးချယ်ခံရသည့် နိုင်ငံရေးပါတီတွေပဲ ပါဝင်သင့်ပါတယ်။ ရွေးကောက်ပွဲတွင် လုံးဝအနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကိုတော့ အခြေခံမူ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ ပါဝင်ခွင့် ပြုသင့်ပါတယ်"ဟု သူရ ဦးအောင်ကိုက ဆွေးနွေးခဲ့သည်။
ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သော လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပြီးသည့်အချိန်မှ ရက်ပေါင်း ၆၀ အတွင်း ပါဝင်သင့်သူများ ပါဝင်ကာ ပူးတွဲရေးသား ဖော်ဆောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရက်ပေါင်း ၉၀ အတွင်း စတင်ဖော်ဆောင်ရန်ဟု ဖော်ပြထားကြောင်း၊ ထိုသို့ ကန့်သတ်ထားမှုသည် ပြည့်စုံသော နိုင်ငံရေး အခြေခံကောင်းတစ်ရပ် ရရှိရန် တင်းကျပ်သော အနေအထား ဖြစ်နေသောကြောင့် ဆက်လက် တာဝန်ယူရမည့် နိုင်ငံရေးပါတီနှင့် ပြန်လည် ညှိနှိုင်းသင့်ကြောင်း သူရဦးအောင်ကိုက ဆွေးနွေးခဲ့သည်။
NCA စာချုပ်တွင် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးထားကြောင်း၊ ထို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲချုပ်ငြိမ်းရန် ကြိုးပမ်းနိုင်မှသာ ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျန်လက်နက်ကိုင်အဖွဲ့များအား စာချုပ်တွင် ဆက်လက် ရေးထိုးနိုင်ရန် ဒုတိယအဆင့်အနေဖြင့် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဆက်လက် ဆွေးနွေးခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပြင်ဆင်ဖွဲ့စည်း ပညာပေး လေ့ကျင့်ပေးကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှုအောက်တွင် ထားရှိသည့် ပြည်ထောင်စု တပ်မတော်အဖြစ် တည်ဆောက်နိုင်ပါက အရှေ့တောင်အာရှတွင် အင်အား တောင့်တင်းခိုင်မာသည့် ကြည်းတပ်မတော်တစ်ခု ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ကုန်းကြောင်း နယ်နိမိတ်ကို အပြည့်အ၀ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး သယံဇာတများ တရားမဝင် စီးထွက်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆိုသည်မှာ ဆုံးရှုံးမှု သက်သက် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား စွန့်လွှတ်နိုင်ပါက ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ဆွေးနွေးခဲ့သည်။
ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကိစ္စနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent