စင်ကာပူနိုင်ငံ၏ မြေယာသိမ်းဥပဒေ

စင်ကာပူနိုင်ငံ၏ မြေယာသိမ်းဥပဒေ
Published 7 December 2015
ခိုင်မြဲ

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားတို့၏ လယ်တွေယာတွေ အတင်းအဓမ္မ အသိမ်းခံနေရတဲ့ သတင်းတွေ ကြားနေရတော့ မိမိရောက်ရှိနေသော စင်ကာပူနိုင်ငံတွင် ကျင့်သုံးနေသော အစိုးရ၏ မြေယာသိမ်း ဥပဒေကို လေ့လာကြည့်မိသည်။ ၁၉၆၅ ခုနှစ်တွင် စင်ကာပူ လွတ်လပ်ရေးရပြီးနောက် အစိုးရ၏ စီမံကိန်းများ၊ ကားလမ်း၊ ရထားလမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ စက်မှုဇုန်စသည်တို့ စတင် အကောင်အထည်ဖော်ရန်အတွက် မြေယာများ လိုအပ်ချက် ရှိလာခဲ့သည်။ ထို့ကြောင့် ၁၉၆၆ ခုနှစ် စင်ကာပူအစိုးရ၏ ပထမဆုံး လွှတ်တော်တွင် မြေယာသိမ်း ဥပဒေသစ် (Land Acquisition Act) ကို အဆိုပြု တင်သွင်းခဲ့သည်။ ထိုဥပဒေတွင် နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံ ကျောင်း၊ ဆေးရုံ၊ ဘူတာ၊ ကားလမ်း၊ ရထားလမ်း၊ စက်မှုဇုန် စသည်တို့အတွက် မြေနေရာ လိုအပ်လာပါက မည်သည့်မြေနေရာမဆို မြေပိုင်ရှင်အား လျော်ကြေးငွေ ပေးအပ်ကာ သိမ်းယူနိုင်သည်။ ထို့နောက် ၁၉၆၇ ခုနှစ် ဇူလိုင် ၁၇ ရက်မှစတင်၍ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ လျော်ကြေးငွေ သတ်မှတ်ချက်နှင့် ပတ်သက်၍ အစိုးရနှင့်မြေပိုင်ရှင် အငြင်းပွားပါက ကြားခံဖြေရှင်းနိုင်ရန်လည်း ကြားခံအဖွဲ့အစည်းတစ်ခုထား၍ ဖြေရှင်းစေခဲ့သည်။
မြေပိုင်ရှင်များ ပိုမိုကျေနပ်မှုရှိနိုင်ရန်နှင့် တရားမျှတမှု ရှိစေရန်အတွက် ၁၉၇၃ ခုနှစ်တွင် လျော်ကြေးငွေကို မြေကွက်နှင့် ဖြိုဖျက်မည့် အဆောက်အအုံ၏ ကာလတန်ဖိုးဖြင့် တွက်ချက်ရမည်ဟု ဥပဒေကို ပြင်ဆင်ခဲ့သည်။ ထိုဥပဒေသည် စင်ကာပူအစိုးရ၏ မြေယာပိုင်ဆိုင်မှု များပြားစေပြီး နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက် အကူဖြစ်စေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် စင်ကာပူအစိုးရသည် နိုင်ငံ၏မြေယာ ၇၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့နောက် သိမ်းယူရရှိထားသော မြေများကို စီမံထိန်းချုပ်ရန် မြို့ပြ တည်ဆောက်ရေး အဖွဲ့ (Urban Redevelopment Authority) ကို ဖွဲ့စည်းပြီး စက်မှုဇုန်နယ်မြေ၊ စီးပွားရေးနယ်မြေ၊ လူနေရပ်ကွက်၊ ကျောင်း၊ ကစားကွင်းနှင့် ပန်းခြံများ စသည်တို့ကို သတ်မှတ်၍ စီမံကိန်းများ စတင်အကောင်အထည် ဖော်ခဲ့သည်။ စက်မှုဇုန်များ သတ်မှတ်ကာ လုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်နိုင်ရန် အနှစ် ၃၀ ဂရမ်၊ အနှစ် ၅၀ ဂရမ် စသည်ဖြင့် ဈေးနှုန်းချိုသာစွာ ပြန်လည် ငှားရမ်းခဲ့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ကုန်ထုတ်လုပ်ငန်းများ တိုးပွားလာခဲ့သည်။ လုပ်ငန်းဖွံ့ဖြိုးမှုကို လိုက်၍လည်း မြေဂရမ်သက်တမ်း တိုးရန် ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံတွင်မူ အာဏာရှင်လူတန်းစားနှင့် ၎င်းတို့နှင့် ဆက်နွှယ်သူများကသာ မြို့သစ်၊ ကွက်သစ်စသည်များကို သိမ်းယူကာ ခွဲဝေပိုင်ဆိုင်ကြသဖြင့် အခြားအသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းမြေနေရာများရရန် ခက်ခဲလျက် ရှိသည်။ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ၏ ငါးနှစ်တာ ကာလအတွင်း ပြည်သူလူထု စိုက်ပျိုးမြေများစွာ သိမ်းဆည်းခြင်း ခံလိုက်ရသော်လည်း လျော်ကြေးမရ၊ တိုင်တန်း၍မရ ဖြစ်ခဲ့ကြရသည်။ မည်သည့်စီမံကိန်းအတွက် သိမ်းသည်ကိုမသိရ။ ရာထူးရှိပုဂ္ဂိုလ်များ၏ အမည်များတပ်ကာ သိမ်းဆည်းခံလိုက်ကြရသည်။ ယခုအစိုးရသစ် တက်လာသော ကာလတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်လုပ်ကိုင်လိုသူ များပြားလာသော်လည်း မြေနေရာတန်ဖိုး မြင့်မားခြင်းနှင့် အစိုးရမှ ဖြည့်ဆည်းပေးရမည့် အခြေခံ အဆောက်အအုံဖြစ်သော ရေ၊ လျှပ်စစ်၊ လမ်းတံတားစသည့် မပြည့် စုံခြင်းကြောင့် လုပ်ငန်းစတင်ရန် ခက်ခဲနေကြသည်။ ယခုတက်လာမည့် အစိုးရသစ်အနေဖြင့် လုပ်ငန်း လည်ပတ်ခြင်း အဆောက်အအုံ တည်ဆောက်ခြင်းမရှိဘဲ မြေလွတ်ဖြစ်နေသော စက်မှုဇုန်နယ်မြေများကို ပြန်လည်သိမ်းယူကာ လုပ်ငန်းလုပ်ကိုင်လိုသော အခြားအသေးစား၊ အလတ်စားပုဂ္ဂလိက လုပ်ငန်းရှင်များသို့ နှစ် ၃၀၊ နှစ် ၅၀ စသည့် မြေဂရမ်များ ပြန်လည်ရောင်းချခြင်းဖြင့် နိုင်ငံဘဏ္ဍာတိုးသည့်အပြင် နိုင်ငံထုတ်ကုန် တိုးမြင့်ကာ ပြည်ပသွင်းကုန်များလည်း လျော့နည်းလာမည် ဖြစ်သည်။
စင်ကာပူအစိုးရသည် ပုဂ္ဂလိက ရှယ်ယာရှင်များ ဖိတ်ခေါ်၍ အစိုးရနှင့်ပူးပေါင်းကာ ပြည်သူလူထု နေထိုင်မှု အဆင်ပြေစေရေးအတွက် HDB (Housing Development Board)အဖွဲ့ကို ဖွဲ့စည်းကာ သိမ်းယူရရှိသည့် မြေများပေါ်တွင် အထပ်မြင့် လူနေတိုက်ခန်းများ တည်ဆောက်စေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အိမ်ခန်းပေါင်း ငါးသိန်းကျော် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် လူနေတိုက်ခန်းပေါင်း တစ်သန်းကျော် တည်ဆောက်ပြီးခဲ့၍ အရစ်ကျ ငွေပေးခြေစနစ်ဖြင့် ပြည်သူလူထုသို့ ရောင်းချခဲ့ပြီး လစဉ်ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းခန့်ပေးရုံဖြင့် နိုင်ငံသားတိုင်းကို အိမ်ခန်းပိုင်ဆိုင်ခွင့် ရစေခဲ့သည်။ နိုင်ငံ၏ လူဦးရေ ငါးသန်းအတွက် အိမ်ခန်းတစ်သန်း တည်ဆောက်ထားသည်ဖြစ်ရာ တစ်အိမ်ထောင်လျှင် ပျမ်းမျှငါးဦးနှုန်းဖြင့် နေထိုင်နိုင်ပြီး ပြည်သူလူထုနေထိုင်မှု အဆင်ပြေစေခဲ့သည်။ မြေယာပိုင်ဆိုင်မှုသည် အစိုးရလက်တွင်းသာ ရှိ၍ မြို့ပြများသတ်မှတ် ဖော်ထုတ်ရာတွင် လွယ်ကူစေခဲ့ပြီး ရေရှည် စနစ်ကျသော လူနေရပ်ကွက်များ၊ စီးပွားရေးဇုန်များ၊ စက်မှုဇုန်များ ပေါ်ပေါက်စေခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့မှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာ နိမ့်ကျခဲ့ရသည်။ ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်မှု၊ နေထိုင်မှု စသည်တို့အတွက် ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ကာ စီစဉ်ဆောင်ရွက်မှု မရှိခဲ့သဖြင့် လူဦးရေ တိုးတက်လာမှုတို့ကြောင့် ရန်ကုန်နှင့် အခြားမြို့ကြီးများမှာ အခြေခံ အဆောက်အအုံ ပြည့်စုံစွာမရှိဘဲ ပရမ်းပတာ ကြီးထွားလာခဲ့ပြီး ပြည်သူလူထု သွားလာမှု အဆင်မပြေ ဖြစ်နေကြရသည်။ စက်မှုဇုန်နှင့် လူနေရပ်ကွက် စသည်တို့မှာ ခွဲခြားထားရမည့်အစား တွဲလျက်ထားရှိခြင်း၊ လူနေရပ်ကွက်များအတွင်း လုပ်ကိုင်နေသော စက်မှုလုပ်ငန်းများကြောင့် အချို့သောနေရာများတွင် ပတ်ဝန်းကျင် ဆူညံခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရေဆိုးရေညစ်များ ရေတွင်းရေကန်များအတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ပြည်သူလူထု အဆင်မပြေမှုများ ကြုံတွေ့နေကြရသည်။ လွန်ခဲ့သော လအနည်းငယ်ခန့်က မန္တလေး တောင်သမန်အင်းအတွင်း ငါးများသေဆုံးမှုသည် စက်မှုဇုန်များမှ ဓာတုပစ္စည်းများ ပါဝင်သော စွန်ပစ်ရေဆိုးရေညစ်များကြောင့် ဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်သည်။ စက်မှုဇုန်များအတွင်း လုပ်ငန်းလိုင်စင်များ ခွင့်ပြုချမှတ်ရာတွင် လုပ်ငန်းအလိုက် စွန့်ပစ်မည့် ပစ္စည်းအမျိုး အစား၊ စွန့်ပစ်ပစ္စည်းပမာဏ၊ စွန့်ပစ်မည့်နည်းလမ်း စသည်တို့ကြောင့် ရေထု၊လေထု ညစ်ညမ်းမှုရှိ၊ မရှိ သေချာစွာ စိစစ်လေ့လာပြီးမှ လုပ်ငန်း ခွင့်ပြုသင့်သည်။ ရေဆိုးများစွန့် ထုတ်ရာတွင်လည်း မြစ်ချောင်းများ ဓာတုအဆိပ်သင့်ခြင်းမှ ကာကွယ်ရန် မြစ်ချောင်းအတွင်း ထုတ်လွှတ်မည့် ရေဆိုးများကို သန့်စင်ပြီးမှ ထုတ်လွှတ်ရန် စည်းကမ်းများ ချမှတ်ထားသင့်သည်။
စင်ကာပူအစိုးရသည် ၁၉၆၆ လွတ်လပ်ရေးရပြီး ပထမဆုံး လွှတ်တော်တွင် နိုင်ငံ၏ တိုးပွားလာမည့် လူဦးရေနှင့် စီးပွားရေးလုပ်ငန်းများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ရထားလမ်းများ လိူအပ်ချက်ကို စကားရည်လုပွဲများ ကျင်းပကာ အဖြေရှာ စည်းဝေးတိုင်ပင်ခဲ့သည်။ ကွယ်လွန်သွားပြီးဖြစ်သော ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဦးဆောင်မှုဖြင့် ယခု MRT လူအများသိထားသော မြေအောက်ရထားလမ်းများကို စီမံကိန်းများ စတင်ရေးဆွဲကာ အကောင်အထည် ဖော်ခဲ့သည်။
၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အစိုးရကို တော်လှန်သော လူထု အုံကြွမှုများ ဖြစ်နေချိန်တွင် စင်ကာပူနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလမ်းပိုင်းကို ဘူတာ ၂၀ တည်ဆောက်ပြီးချိန် ဝန်ကြီးချုပ် လီကွမ်းယုမှ တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။ ပညာဉာဏ် အမြှော်အမြင်နှင့် ပြည့်စုံသော ခေါင်းဆောင်အောက်တွင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ခဲ့သည့် အထင်ရှားဆုံး ဥပမာပင်ဖြစ်သည်။ ထို့ကြောင့် စင်ကာပူနိုင်ငံ၏ မြို့ပြ ဖွဲ့စည်းပုံတို့မှာ စနစ်ကျလှသည်။ အပန်းဖြေနားနေရန် ပန်းခြံများ၊ ဈေးဝယ်စင်တာများမှာ မြို့နယ်အလိုက် အပြည့်အစုံ ရှိသည်။ ဤသည်ကိုပင် အချို့သော မြန်မာများက ကြံဖန်ပြီး ဂုဏ်ယူကြသေးသည်။ စင်ကာပူ လွတ်လပ်ရေးရတော့ ရန်ကုန်ကိုလာပြီး လေ့လာတယ်။ ပြီးမှ စင်ကာပူကို တည်ထောင်တယ်ဟု ပြောလေ့ရှိသည်။ စင်ကာပူကို လာရောက် လည်ပတ်ဖူးသော မြန်မာ လူမျိုးများအားလုံး သိကြပါလိမ့်မည်။ စင်ကာပူနိုင်ငံမှာ ရန်ကုန်နှင့် တူသောနေရာ တစ်ခုမှမရှိပါ။ ဘယ်ကိုပဲ ကြည့်ကြည့် သန့်ရှင်းသာယာနေသည်ကိုပဲ မြင်ရမည်။ မြန်မာနိုင်ငံမှ လာသောသူများ ပထမဦးဆုံး ပြောသောစကားမှာ လမ်းကြီးတွေက အကျယ်ကြီးတွေဟူသော စကားဖြစ်သည်။ တကယ်တော့ လမ်းတင်မဟုတ် ပန်းခြံတွေ၊ ဥယျာဉ်တွေလည်း ကျယ်သည်။ ကျောင်းတွေလည်း ကျယ်သည်။ ကစားကွင်းတွေလည်း ကျယ်သည်။ ရှော့ပင်းမောဟု ဆိုနေသော ကုန်တိုက်ကြီးတွေကလည်း ကျယ်သည်။ ရုပ်ရှင်ရုံတွေကအစ ကျယ်သည်။ စာရေးသူသည် မကြာခဏ စဉ်းစားမိသည်။ ရန်ကုန်ကို လာပြီးအတုခိုးရင် ရန်ကုန်နှင့် တူတာရှိရမည်ဟု မကြာခဏ စဉ်းစားမိသည်။ တကယ်တော့ စင်ကာပူ ခေါင်းဆောင်များသည် ရန်ကုန်ကိုလာပြီး လေ့လာခဲ့တာတော့ ဖြစ်နိုင်သည်။ သို့သော် ရန်ကုန်ကို အတုယူတာမဟုတ်။ ရန်ကုန်၏ အမှားများကို သင်ခန်းစာယူသွားတာပဲ ဖြစ်ရမည်။ ထိုအချိန်က ၁၉၆၅ ခုနှစ်က ရန်ကုန်ဆိုသည်မှာ ယခု ရန်ကုန် မြို့တွင်း ခြောက်မြို့နယ်သာ ရှိသေးသည်။ သူတို့ လေ့လာခဲ့သည်က ကျောက်တံတားနှင့် လသာမြို့နယ် စသည်တို့သာ ဖြစ်ခဲ့လိမ့်မည်။ လမ်း ၃၀ မှာ လမ်းကျဉ်းလေးတွေကို တွေ့လိမ့်မည်။ စင်ကာပူတွင် ယာဉ်ကြော မပိတ်အောင် လမ်းမကျယ်ကြီးတွေ ဖောက်ဖို့ စီစဉ်ခဲ့ကြလိမ့်မည်။ ရထားလမ်းများသည် မြေပြင်ပေါ်တွင် ရှိသဖြင့် ကားလမ်းနှင့် တစ်လှည့်စီ သွားနေရသည်။ ထို့ကြောင့် လန်ဒန်မြို့လို မြေအောက် ရထားလမ်းများသာ ဖောက်မည်ဟု စီစဉ်ခဲ့ကြလိမ့်မည်ဟု တွေးနေမိသည်။ ထိုအချိန်က စင်ကာပူ ခေါင်းဆောင်တို့သည် ရန်ကုန်ကိုသာ လေ့လာသည်မဟုတ် လန်ဒန်နှင့် အခြားမြို့ကြီးများကိုလည်း လေ့လာခဲ့လိမ့်မည်။ ယနေ့ ကမ္ဘာတွင် ပေါ်ထွန်းနေသော ခေတ်မီ သိပ္ပံနှင့် နည်းပညာများကို စင်ကာပူနိုင်ငံသည် မျက်ခြည်မပြတ် လေ့လာ အသုံးချနေသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံထက် ၁၇ နှစ် နောက်ကျပြီးမှ ကိုယ်ပိုင်အစိုးရဖွဲ့ပြီး နိုင်ငံ တည်ထောင်ခွင့် ရခဲ့သော်လည်း အနှစ် ၅၀ အတွင်း ကမ္ဘာ့ထိပ်သီးနိုင်ငံ ဖြစ်လာအောင် ကြိုးပမ်းနိုင်ခဲ့သည်။
 မြန်မာနိုင်ငံသည် အနှစ် ၅၀ အတွင်း အာရှထိပ်သီးနိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံအဆင့်သို့ ကျရောက်သွားရသည်မှာ အစိုးရ အဆက်ဆက်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟူ၍သာ သုံးသပ်မိ ပါတော့သည်။

Most Read

Most Recent