ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိ

ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိ
Published 7 December 2015
အောင်ဇော်ထွန်း

ရှမ်းပြည်မြောက်ပိုင်း ဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား နိုဝင်ဘာ ၂၇ ရက်မှ လက်ရှိအချိန်ထိ တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း TNLA ၏ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဒီဇင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ တိုက်ပွဲဖြစ်ရခြင်းမှာ နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် ဖြေရှင်းသွားရန် RCSS/SSA က စဉ်းစားနေကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။TNLA နှင့် RCSS တို့၏ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်သည့် TNLA ၏ သတင်းထုတ်ပြန် ရှင်းလင်းချက်တွင် TNLA လှုပ်ရှားနယ်မြေ အချို့ဖြစ်သည့် ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ် ဒေသအတွင်းသို့ RCSS သည် နယ်မြေကျော် ဝင်ရောက်လှုပ်ရှားလာသဖြင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုဒေသ၏ အချို့သော နယ်မြေများတွင် TNLA နှင့်အတူ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့များ အတူတကွ အခြေချ လှုပ်ရှားနေကြောင်း၊ နိုဝင်ဘာ ၂၇ ရက်မှ ယနေ့အထိ တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်မတော်က RCSS ဘက်မှ ဝင်ရောက်ကူညီခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း၊ TNLA နှင့် RCSS အကြား ဖြစ်ပွားနေသည့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများသည် အဖွဲ့အစည်းနှစ်ခုအကြား လက်နက်ကိုင် ပဋိပက္ခသာဖြစ်ပြီး တအာင်းလူမျိုးနှင့် ရှမ်းလူမျိုးအကြား လူမျိုးရေး ပဋိပက္ခ မဟုတ်ကြောင်း ရေးသားဖော်ပြထားသည်။TNLA ၏ ရေးသားထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “ဖြစ်ရတဲ့ အကြောင်းကတော့ နယ်မြေလုတယ်လို့ ပြောပြီးတော့ တိုက်တာကိုး။ နယ်မြေလုတယ်။ ကျွန်တော်တို့က သူတို့နယ်မြေကို သွားလုတယ်ဆိုပြီး သူတို့က တိုက်တာပဲဖြစ်တယ်။ သူတို့က ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်တယ်။ သို့ပေမဲ့လည်း ကျွန်တော်တို့ဘက်ကလည်း အဲဒီ နယ်မြေတွေဟာ TNLA အနေနဲ့ သူတို့ကိုယ်ပိုင် နယ်မြေ မဟုတ်ရပါဆိုတဲ့ အကြောင်း၊ ကျွန်တော်တို့ RCSS/SSA က သူတို့ လက်နက်ပြန် မကိုင်ခင်ကတည်းက ကျွန်တော်တို့ အဲဒီနယ်မြေမှာ အခြေချနေပြီးသား ဖြစ်ပါတယ် ဆိုတဲ့အကြောင်း အဲဒီလို ပြန်ပြီးတော့ ပြောကြ ဆိုကြတဲ့ ထုတ်ပြန်ကြေညာချက်တွေလည်း တွေ့ရပါတယ်။ တိုက်ပွဲဖြစ်တာကတော့ အဓိက ပြောရမယ်ဆိုရင် နယ်မြေလုတာပဲ ဖြစ်တာပေါ့” ဟု ပြောကြားသည်။RCSS/SSA ဘက်က အစိုးရ တပ်မတော်မှ ပါဝင်ကူညီနေသည် ဆိုသည်မှာလည်း မဟုတ်ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။“ကျွန်တော် မေးကြည့်သလောက်တော့ အစိုးရနဲ့ လက်တွဲစရာအကြောင်း မရှိပါဘူးလို့ သူတို့က ပြောပါတယ်။ အစိုးရပိုင်းက ဒေသခံ ပြည်သူ့စစ်တွေ ဘာတွေ ဆိုရင်လည်း ကူတိုက်ပေးဖို့ ကမ်းလှမ်းလာတာတောင်မှ သူတို့က မကောင်းပါဘူးဆိုပြီး လက်မခံပါဘူးဆိုပြီး အဲဒီလိုပြောတာကိုလည်း ကျွန်တော် သိရပါတယ်” ဟု ၎င်းက ဆိုသည်။TNLA နှင့် RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကို ဖြေရှင်းရန် RCSS ခေါင်းဆောင်များ စဉ်းစားနေကြောင်း၊ ယခု ဒီဇင်ဘာလ တတိယ ပတ်ဝန်းကျင်တွင် ကျင်းပမည့် RCSS အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် ဆွေးနွေးမည်ဟု သိရကြောင်း ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။“အဓိက,ကတော့ ဒီလိုမျိုး လက်နက်ကိုင်ပြီးတော့ ဖြေရှင်းမှုတွေကို ရှောင်ရှားနိုင်ဖို့ ကျွန်တော်တို့ အစိုးရနဲ့ ဆွေးနွေးထားတဲ့ NCA ရှိတာပေါ့။ ဒါကြောင့်မို့လို့ NCA အတိုင်း ကျွန်တော်တို့က သွားလိုတယ်။ အပစ်အခတ်တွေ ရပ်စဲနိုင်ဖို့အတွက် ဒီနည်းလမ်းပဲ ရှိတာကိုး။ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဆိုတဲ့ နည်းလမ်းကသာ အကောင်းဆုံးဖြစ်တယ်ဆိုတာ RCSS/SSA က လက်ခံပြီးတော့ အဲဒီလို ပုံစံမျိုးနဲ့ သွားလိုတဲ့ ဆန္ဒရှိတယ်။ အခုလည်း အားလုံးနဲ့ ေြ့ပလည်အောင် ညှိနှိုင်းဆွေးနွေးဖို့ကလည်း ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးတာပဲ။ အဲဒီ နည်းလမ်းကပဲ အကောင်းဆုံးဖြစ်တယ် ဆိုတာ RCSS/SSA က အမြဲတမ်း ထုတ်ပြောနေတာ။ အဲဒီနည်းလမ်းပဲ သုံးကြမယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent