သမဂ္ဂ အဆောက်အအုံပေါ်က ည

သမဂ္ဂ အဆောက်အအုံပေါ်က ည
Published 6 December 2015
မြေနီသစ္စာ

ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံသည် မြန်မာသမိုင်းတွင် ထင်ရှားသော အမျိုးသာ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ခေါင်းဆောင်တို့ စုရုံခဲ့ရာ ဘုံဗိမာန်ဖြစ်သည်။ ယင်းအဆောက်အအုံ ပေါ်ကနေ၍ မြန်မာ့သမိုင်းကို လွတ်လပ်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ထိုမျှမက သမိုင်းမှတ်တိုင် အဆူဆူကိုလည်း စိုက်ထူခဲ့ကြသော ကွန်းခိုရာဖြစ်သည်။
၁၉၄၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက် ကြာသပတေးနေ့ အမှတ် ၁၄ မြေနုလမ်း၊ မြေနီကုန်းရပ်ကွက် စမ်းချောင်းတိုက်နယ်တွင် သခင်ဗဟိန်း အိမ်ရှိသည်။ နံနက်စောစော သခင် အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လကျ်ာ)၊ ကိုလှမောင် (ဗိုလ်ဇေယျ) သခင်ဗဟိန်းတို့သည် လျှို့ဝှက်စွာ အကြို အစည်းအဝေး ထိုင်ကြသည်။ ပုလိပ် စုံထောက်များကို မျက်ခြည်ဖြတ်ရန်အတွက် နံနက် (၆) နာရီ ထိုးသည်နှင့် လူစုခွဲရန် စီစဉ်ထားသည်။ ကိစ္စက တော်လှန်ရေးအတွက် ပြည်ပက လက်နက် အကူအညီ သွားရှာရန် စီစဉ်ဆုံးဖြတ်ဖို့ပင်ဖြစ်၏။ ယင်းအစီအစဉ် အစည်းအဝေးအတွက် လုံခြုံစိတ်ချရသော နေရာလို၏။ နေရာကို စဉ်းစားကြသောအခါ ပထမဆုံး ကိုလှမောင် (ဗိုလ်ဇေယျက လာမည့် စနေနေ့ (၂၀-၇-၁၉၄၀) ည ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အအုံတွင် ဆုံကြရန် အကြံပေးသည်။ ဗိုလ်ဇေယျ၏ အကြံပေးချက်ကို သခင်အောင်ဆန်း၊ သခင်လှဖေနှင့် သခင်ဗဟိန်းတို့က သဘောတူကြသည်။ အချိန်ကို ဘယ်သူမျှ မရိပ်မိ၊ မသိရှိ၊ မမှန်းဆနိုင်သည့် ညသန်းခေါင်ယံကျော်တွင် တွေ့ကြမှ အေးအေးဆေးဆေး ဆွေးနွေးနိုင်မည်။ တိုးချဲ့ဆွေးနွေးရန် နောက်ထပ်ပုဂ္ဂိုလ် ခြောက်ဦးကိုလည်း ဖိတ်ကြားရန် သခင်ဗဟိန်းက အစီအစဉ် ဆွဲပြသည်။ အားလုံးသဘောတူကြသည်နှင့် ဆုံရပ်သို့ သခင်အောင်ဆန်း၊ သခင်ဗဟိန်းနှင့် ဗိုလ်ဇေယျ (ကိုလှမောင်) တို့တစ်တွဲ၊ ကျန်လူများက ထပ်ဖိတ်ရမည့်သူများကို ခွဲတမ်းချပြီးသော် ခပ်မြန်မြန် လူစုခွဲလိုက်ကြသည်။ ထိုအချိန်က သခင်အောင်ဆန်းသည် ပုလိပ်တို့ အနံ့ခံလိုက်နေချိန် ဝရမ်းပြေးဖြစ်ရာ ညဘက်သွားလာရာတွင် သခင်ဗဟိန်းက အလွယ်တကူ သွားခေါ်နိုင်အောင် မြေနီကုန်းထဲရှိ သခင်ဗဟိန်း၏ ရဲဘော်ကို ဟန်တင့်အိမ်မှာ ပုန်းကွယ်နေစေ၏။
သခင်အောင်ဆန်း အထွေထွေ အတွင်းရေမှူးအဖြစ် ဆောင်ရွက်ခဲ့သော သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာ အစည်းအရုံးသည် တစ်ဖက်က အလုပ်သမား တောင်သူ လယ်သမား ကျောင်းသားလူငယ် အမျိုးသမီး စသည့် အင်အားစုတို့ကိုလည်း သိုသိပ်စွာ စည်းရုံး၏ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး အရင်းရှင် မြေရှင်စနစ် ဖျက်သိမ်းရေး တိုက်ပွဲများကိုလည်း လူထုနည်းဖြင့် လှုံ့ဆော် တိုက်ပွဲဝင်လျက် ရှိ၏။ တစ်ဖက်ကလည်း သာယာဝတီတွင် (၁၂-၅-၁၉၄၀) က ကျင်းပခဲ့သော တို့ဗမာ အစည်းအရုံး ပဉ္ဇမ ညီလာခံက (ဗမာ့လွတ်လပ် ရေးအတွက် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်သွယ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့၏။ ယင်းဆုံးဖြတ်ချက်အရ လက်နက်ကိုင် တော်လှန်ရေး ဦးတည်သွားရန် စီစဉ်နေသည်။
၁၉၄၀ ခုနှစ် ဇူလိုင်လ ၂၁ ရက် (စနေနေ့နှင့် တနင်္ဂနွေအကူး) ညသန်းခေါင်ကျော် ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်း တက္ကသိုလ်ရိပ်သာလမ်းနှင့် အဓိပတိလမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ဆီသို့ သခင်အောင်ဆန်း ခေါင်းဆောင်သော တော်လှန်ရေးသမားတို့ ချီတက်သွားကြသည်။ တစ်စုံတစ်ယောက်မှ မရိပ်မိအောင် သိုသိပ်စွာ သမဂ္ဂအဆောက်အအုံအတွင်းသို့ ဝင်သွားကြသည်။ စုစုပေါင်း ၁၁ ဦး။ (၁)သခင်အောင်ဆန်း၊ (၂)သခင်စိုး၊ (၃) သခင်ခင်အောင်၊ (၄) သခင်လှဖေ၊ (၅) သခင်ဗဟိန်း၊ (၆)ကိုလှမောင် (ဗိုလ်ဇေယျ)၊ (၇) ကိုလှမောင် (၈) ကိုဗဆွေ(ထားဝယ်)၊ (၉) မစ္စတာဂိုရှယ် (၁၀) ကိုထွန်းအုံ၊ (၁၁) သခင်ကျော်စိန်တို့ ဖြစ်ကြသည်။
မိုးမရွာသော်လည်း မိုးရိပ်ကြောင့် တံခါး အလုံပိတ်ထားသော အဆောက်အအုံထဲမှာ အေးအေးချမ်းချမ်း ရှိသည်။ အလင်းရောင်ရရန် အသင့်ဆောင်ယူလာသော ဖယောင်းတိုင်တို့ကို အကွယ်အကာတို့ဖြင့် ထွန်းညှိသည်။
လက်နက်နှင့် အကူအညီရရန် ဘယ်နိုင်ငံသို့ ခရီးထွက်မှာလဲ၊ ဗွေဆော်ဦးအဖြစ် ဘယ်သူတို့ကို လွှတ်မှာလဲ။ သွားမည့်ပုဂ္ဂိုလ်တို့အတွက် အစစအရာရာ မည်ကဲ့သို့ ဖန်တီးပါမည်လဲဟူသော အခြေခံကိစ္စ သုံးရပ်ကို ဆွေးနွေး ကြသည်။ သွားမည့်နေရာက တရုတ်ပြည်၊ မော်စီတုံး ခေါင်းဆောင်သော တရုတ်ကွန်မြူနစ်တို့သည် ကမ္ဘာ့နယ်ချဲ့သမားတို့ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည်။ မော်စီတုံး၊ ချူအင်လိုင်း၊ ချူတေး စသော တရုတ်တော်လှန်ရေး ခေါင်းဆောင်တို့နှင့် သွားရောက်တွေ့ဆုံလျက် တော်လှန်ရေး နည်းဗျူဟာနှင့် လက်နက်ရရှိဖို့အတွက် တရုတ်နိုင်ငံအရောက် ထွက်ခွာရန် ဆုံးဖြတ်ကြသည်။
သွားမည့်ပုဂ္ဂိုလ်တို့ကို ရွေးချယ်သောအခါ နောက်ဆုံးတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်(ဗိုလ်ရန်အောင်) တို့ကို ယင်းတို့ဆန္ဒအရ ရွေးချယ်လိုက်သည်။
တရုတ်ပြည်သွားရေးတွင် ကုန်းလမ်းက သွားဖို့ အဓိက အခက်အခဲရှိသည်။ တရုတ်-မြန်မာလမ်းမကြီးကို ပိတ်ထားသည်။ ဘယ်လိုနည်းနှင့်မျှ သွားရန် မလွယ်ကူပဲရှိသည်။ ယင်းကြောင့် ရေလမ်းဖြင့်သာသွားရန် ဆုံးဖြတ် လိုက်ကြ၏။ ထိုစဉ်က ထောင်ကျနေသည့် သခင်နုသည် ယခင်က တရုတ်ပြည်သို့ သွားခဲ့ရာတွင် တရုတ်ကွန်မြူနစ် ခေါင်းဆောင်များနှင့် တွေ့ခဲ့သည်။ ယင်းပုဂ္ဂိုလ်များထံသို့ သခင်နု မိတ်ဆက်စာသည် လည်းကောင်း၊ အိန္ဒိယကွန်မြူနစ်ပါတီ ဂိုရှယ်၏ တရုတ်ကွန်မြူနစ် ခေါင်းဆောင်များထံ မိတ်ဆက်စာသည် လည်းကောင်း သခင်အောင်ဆန်း ရရှိသွားသည်။
ရေလမ်းက သင်္ဘောဖြင့် သခင်အောင်ဆန်းနှင့် ဗိုလ်ရန်အောင်တို့ သွားနိုင်အောင် သခင်ဗဟိန်းဥက္ကဋ္ဌ တာဝန်ယူထားသော ABTUC အလုပ်သမားသမဂ္ဂက သခင်တိတ်ဂွမ်နှင့် ယခင် တကသ ခေါင်းဆောင် ဝတ်လုံ တော်ရ တီကေဘွန်းတို့၏ အကူအညီဖြင့် တရုတ်များ ငှားရမ်းပြေးဆွဲနေသော ဟိုက်လီ သင်္ဘောဖြင့်သွားရန် စီစဉ်ကြ၏။
သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် တရုတ်အမည်များဖြင့် တရုတ်ယောင်ဆောင်ရသည်။ ထို့ပြင် နိုင်ငံကူး လက်မှတ် အတုများနှင့် တရုတ် သင်္ဘောသား ဝတ်ရုံတို့ကိုလည်း စီစဉ်ရသည်။
ယင်းအစီအစဉ်များ စေ့စပ် သေချာစွာ ဆောင်ရွက်ရန် နှစ်ပတ်ကျော်ကြာသည်။ (၈-၈-၁၉၄၀)ရက်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ ဟိုင်လီသင်္ဘောပေါ်သို့ ရောက်ရှိကြသည်။ သခင်လှဖေနှင့် သခင်ထိန် ဝင်းတို့က သင်္ဘောဆိပ်အရောက် ပို့ဆောင်ပေးသည်။ ယင်းသို့ဖြင့် သခင်အောင်ဆန်းသည် တန်လွမ်ချောင် ဟူ၍လည်းကောင်း၊ သခင်လှမြိုင်သည် တန်ဟုတိုင် ဟူ၍လည်းကောင်း၊ တရုတ်အယောင်ဆောင်ထားသော တော်လှန်ရေးရဲဘော်နှစ်ဦးသည် ၁၆ ရက်ကြာ (၂၄-၈-၁၉၄၀)ရက်တွင် တရုတ်ပြည်ရှိ အမွိုင်ဆိပ်ကမ်းသို့ ရောက်ရှိသွားတော့သည်။
ယင်းသို့ဖြင့် သမဂ္ဂ အဆောက်အအုံမှာ လွန်ခဲ့သော ၇၅ နှစ် (၂၀-၇-၁၉၄၀)ရက် ညသန်းခေါင်ကျော်က လျှို့ဝှက်တိုင်ပင်စွာ စီစဉ်ခဲ့ကြသော တော်လှန်ရေး ခရီးအစီအစဉ်သည် တစ်လကျော်အကြာတွင် မြန်မာနိုင်ငံကို ကျွန်ပြုထားသည့် ဗြိသိသျှအစိုးရ လုံးဝမသိဘဲ ရည်မှန်းရာသို့ ရောက်ရှိသွားခဲ့တော့သည်။

Most Read

Most Recent