ဝင်ခွင့်ပြုတက္ကသိုလ်များနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ပေးပို့မှု နောက်ကျသည့်အပေါ်ကျောင်းသားမိဘများ စိုးရိမ်လျက်ရှိ

ဝင်ခွင့်ပြုတက္ကသိုလ်များနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ပေးပို့မှု နောက်ကျသည့်အပေါ်ကျောင်းသားမိဘများ စိုးရိမ်လျက်ရှိ
Published 6 December 2015
အေးပပ

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်ပြု တက္ကသိုလ်များနှင့် ပတ်သက်သည့် အကြောင်းကြားစာ ပေးပို့မှု နောက်ကျနေခြင်းကြောင့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ    စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။“ဝင်ခွင့်ပြုတဲ့ ကျောင်းစာရင်းထဲမှာ ကျောင်းသားကျောင်းသူ အမည်စာရင်း မပါသေးဘူးဆိုရင်လည်း နောက်ဆက်တွဲ ကြေညာမယ့် စာရင်းထဲမှာ ထပ်ကြည့်လို့ ရပါတယ်။ နောက်ဆက်တွဲစာရင်းက နောက်ငါးရက်လောက်နေရင် ထပ်ထွက်ပါမယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။တက္ကသိုလ်များမှ ခွင့်ပြုသည့် ဝင်ခွင့်ပြု စာရင်းများကို ရန်ကုန်စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ၄၂၀ မှတ်အောက် ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်နှင့် အနောက်ပိုင်းတက္ကသိုလ် များတွင် ကြည့်ကြရန်နှင့် ဝင်ခွင့်ပြုစာရင်းများ သက်ဆိုင်ရာတက္ကသိုလ်များ၊ ကောလိပ်များတွင် ကြေညာသွားမည်ဖြစ်ကာ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရန်ကုန်တွင် ကြေညာမည်မဟုတ်ကြောင်း အဆိုပါ ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။အဆိုပါ ထုတ်ပြန်ကြေညာထားမှုနှင့် စပ်လျဉ်း၍ ကျောင်းသားမိဘ အသိုင်းအဝိုင်းမှလည်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။“ဝင်ခွင့်ပြုစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်တွေမှာ ကြေညာသွားမယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရန်ကုန်မှာ ကြေညာမှာမဟုတ်ဘူးဆိုတော့ အခုချိန်ထိလည်း အိမ်ကို အကြောင်းကြားစာတွေလည်း မပို့နိုင်ကြသေးဘူး။ ဒီမှာလည်း ကြေညာမှာ မဟုတ်ဘူးဆိုတော့ ဒီ ဦးစီးဌာနမှာက တက္ကသိုလ်တွေ အကုန်လုံးရဲ့ မှတ်တမ်းအချုပ်တွေရှိတာပဲဟာ။ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်တွေမှာ ကြေညာသွားမယ်ဆိုရင် ကျွန်တော်တို့တွေအနေနဲ့ လျှောက်ထားခဲ့သမျှ တက္ကသိုလ်တွေကို တစ်ခုပြီးတစ်ခု နာမည်စာရင်းမပါ မချင်း လိုက်ကြည့်ရတော့မလို ဖြစ်နေတာပေါ့။ ဝင်ခွင့်ပြု စာရင်းလောက်ကိုတော့ ဦးစီးဌာနအနေနဲ့ တာဝန်ယူ ထုတ်ပြန်ကြေညာ ပေးဖို့သင့်ပါတယ်”ဟု ကျောင်းသားမိဘ တစ်ဦးက ၎င်း၏အမြင်ကို ပြောပြခဲ့သည်။“ကျွန်တော့်တူမက မိတ္ထီလာမှာနေတာ။ အခုချိန်ထိ ဘယ်တက္ကသိုလ် တက်ရမှန်းလည်း မသိသေးဘူး။ ဝင်ခွင့် အကြောင်းကြားစာတွေက ခုထိ ရောက်မလာသေးဘူး။ကျိုင်းတုံမှာ နေတဲ့တူကလည်း အခုချိန်ထိ ဝင်ခွင့် တက္ကသိုလ် အကြောင်းကြားစာတွေ ရောက်မလာသေးတော့ ဘယ်တက္ကသိုလ် တက်ရမယ်ဆိုတာလည်း မသိသေးဘူး။ ကျောင်းတွေကလည်း ဖွင့်တော့မှာဆိုတော့ အခုချိန်ထိ ဘယ်တက္ကသိုလ် တက်ရမယ်ဆိုတာ မသိကြသေးတော့ မိဘတွေလည်း စိတ်ပူတယ်။ ကလေးတွေလည်း စိတ်ပူနေရတယ်}}ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ တက္ကသိုလ် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများနည်းတူ နယ်မြို့များမှ တက္ကသိုလ်တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူအချို့မှာလည်း ဝင်ခွင့်ပြု တက္ကသိုလ်များနှင့် စပ်လျဉ်းသည့် အကြောင်း  ကြားစာများ ရောက်ရှိမလာသည့်အတွက် များစွာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ဝင်ခွင့်လျှောက်လွှာတွေက အိမ်တွေ ကို ရောက်မလာသေးတဲ့အတွက် ကလေးရော မိဘပါ ဗျာများနေရပါတယ်။ ရန်ကုန်က လူတွေက သိပ်အကြောင်း မဟုတ်ပါဘူး။ နယ်က လူတွေအတွက်က အခက်အခဲဖြစ်ပါတယ်။ ရန်ကုန်မှာ ဆွေမျိုးနီးစပ်ရှိတဲ့သူတွေ အကူအညီတောင်းပြီး ကြည့်နိုင်ရင် အဆင်ပြေပေမယ့် ရန်ကုန်မှာ အသိမရှိတဲ့သူတွေ ဆွေမျိုးမရှိတဲ့သူတွေအတွက်ဆို အများကြီး အခက်အခဲ ဖြစ်ပါတယ်”ဟု  ကျောင်းဝင်ခွင့်ပြု အကြောင်းကြားစာ ရောက်ရှိမလာသည့်အပေါ် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။    အဆင့်မြင့်ပညာကဏ္ဍ ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်အတန်းဟောင်းများကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသူများအတွက် ပထမနှစ်သင်တန်များကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။                                  

Most Read

Most Recent