ကဗျာဆရာ မောင်ဆောင်းခအမှုတွင် အမျိုးသမီး တရားသူကြီးနှင့် စစ်ဆေးရန် မသင့်လျော်သည့် အသုံးအနှုန်းများ ပါနေသောကြောင့် အမျိုးသား တရားသူကြီးဖြင့် အစားထိုးစစ်ဆေးမည်

ကဗျာဆရာ မောင်ဆောင်းခအမှုတွင် အမျိုးသမီး တရားသူကြီးနှင့် စစ်ဆေးရန် မသင့်လျော်သည့် အသုံးအနှုန်းများ ပါနေသောကြောင့် အမျိုးသား တရားသူကြီးဖြင့် အစားထိုးစစ်ဆေးမည်
Published 4 December 2015
နေမျိုးဝင်း

“သမ္မတကြီး”စာသားပါ ကဗျာအား ရေးသားပြီး facebook တွင်တင်ခဲ့မိသဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရသည့် ကဗျာဆရာ မောင်ဆောင်းခ၏ အမှုတွင် အမျိုးသမီး တရားသူကြီးနှင့် စစ်ဆေးရန် မသင့်လျော်သည့် အသုံးအနှုန်းများ ပါနေသောကြောင့် အမျိုးသား တရားသူကြီးဖြင့် အစားထိုးကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။မောင်ဆောင်းခအား ဒီဇင်ဘာ ၄ ရက် ကရွှေပြည်သာမြို့နယ်တရားရုံးတွင် ရုံး ထုတ်ခဲ့ပြီး အဆိုပါရုံးချိန်းတွင် စစ်ဆေးခံမည့် တရားလိုရဲမှူးမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တပ်ဖွဲ့ပိုင်းဆိုင်ရာအစည်း အဝေးရှိသဖြင့် ရုံးချိန်းသို့မလာနိုင်ခဲ့သော ကြောင့် အမှုအား ဒီဇင်ဘာ ၁၇ ရက်သို့ ပြန် လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။မောင်ဆောင်းခရေးသားသည့် ကဗျာစာသားများထဲတွင်  အမျိုးသမီး တရားသူကြီးနှင့် စစ်ဆေးရန် မသင့်လျော်သော အသုံးအနှုန်းများ ပါဝင်နေခြင်းကြောင့် မောင်ဆောင်းခ၏ ရှေ့နေဦးရောဘတ်စန်းအောင်က တရားသူကြီး ပြောင်းလဲစစ်ဆေးပေးပါရန် နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားမှုကြောင့် ယခုရုံးချိန်းတွင် အမျိုးသမီး တရားသူကြီးအစား အမျိုးသား တရားသူကြီးဖြင့် ပြောင်းလဲကာ အမှုကို ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။“ပြီးခဲ့တဲ့ရုံးချိန်းက စစ်မယ့်ဟာကို အမှုစစ် တရားသူကြီးက အမျိုးသမီး အပျိုကြီးဖြစ်တဲ့အတွက် အမှုဖြစ်ကြောင်းအရ မေးရမယ့် မေးခွန်းအနေအထားဟာ အမျိုးသမီး တရားသူကြီးနဲ့ မကိုက်ညီလို့ အမျိုးသား တရားသူကြီးနဲ့ပြောင်းစစ်ပေးပါလို့ လျှောက်လွှာတင်တယ်။အခု အမျိုးသား တရားသူကြီးနဲ့ စစ်ဖို့ အမိန့်ကျပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလို ရဲမှူးတိုင်းရုံးမှာ တပ်ဖွဲ့ပိုင်းဆိုင်ရာ အစည်းအဝေးရှိတော့ နောက်ကျမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီဇင်ဘာ ၁၇ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်ပါတယ်” ဟု မောင်ဆောင်းခ၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ဦးရောဘတ်စန်းအောင် က“တစ်ခုဖြစ်နေတာက အေအေပီပီလို အဖွဲ့အစည်းတွေ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ တရားစွဲဆို ခံထားရတဲ့ သူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် ခုထိ အသိအမှတ် မပြုသေးတော့ သူတို့ကို ရာဇဝတ်ဆောင်တွေ မှာထားတယ်။ သူတို့ တော်တော် စိတ်ဆင်းရဲနေကြတယ်။ စရိုက်မတူတော့ ဘေးအန္တရာယ်တွေ ဖြစ်မှာလည်း ကြောက်နေတယ်။ အမှန်က ကိုယ်ကျိုးမပါတဲ့ အကြောင်းအရာတွေအတွက် တရားစွဲခံထားရတဲ့အမှုကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုသင့်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။၏တရားလိုဖြစ်သူ ရုံးချိန်းမလာရောက်နိုင်ခြင်းအပေါ် မောင်ဆောင်းခက “ရဲမှူးက တရားလို လုပ်စွဲထားတယ် ။တရားခွင်ကို လာပြီးတော့ အချိန်မပေးနိုင်ဘူး၊ မထွက်ဆိုနိုင်ဘူးဆိုရင် တရားမစွဲပါနဲ့။ ခုလို နှောင့်နှေးတဲ့အတွက် တရားမျှတမှုက မရောက်တော့ဘူး။ တရားခွင်မှာ နှောင့်နှေးတာက တရားမျှတမှုကို ဆန့်ကျင်ရာ ရောက်တယ်ဆိုတဲ့ အဆိုအမိန့် တစ်ခုလည်းရှိပါတယ်”ဟု ဆိုသည်။နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဗကသ ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် မောင်ဆောင်းခမှ လာရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားစွဲ အမှုဖွင့်ထား ခြင်းဖြစ်သည်။                                  

Most Read

Most Recent