ကျောက်မီးသွေး စက်ရုံစီမံကိန်းများကို လုံး၀ မလိုလားသည့်အတွက် နောင်တက်လာမည့် အစိုးရသစ်ကိုပါ ဆက်လက် ဖိအားပေး ကန့်ကွက်သွားမည်ဟု ဒေသခံများ ပြောကြား

ကျောက်မီးသွေး စက်ရုံစီမံကိန်းများကို လုံး၀ မလိုလားသည့်အတွက် နောင်တက်လာမည့် အစိုးရသစ်ကိုပါ ဆက်လက် ဖိအားပေး ကန့်ကွက်သွားမည်ဟု ဒေသခံများ ပြောကြား
Published 4 December 2015
နီလာ

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး စက်ရုံစီမံကိန်းများ တည်ဆောက်ရန် လက်ရှိအစိုးရက စီစဉ်နေပြီး အဆိုပါ စီမံကိန်းများကို ဒေသခံများက မလိုလားသည့်အတွက် ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့သည်။ထို့ပြင်  ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ဆောင်ရွက်ရန် ဆက်လက် ကြိုးပမ်းမှုများ ရှိပါက နောင်တက်လာမည့် အစိုးရသစ်ကိုပါ ဆက်လက် ဖိအားပေး ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။“ကျွန်မတို့က ဒီစီမံကိန်းတွေကို လုံးဝသဘောမတူဘူး။ အဲဒီအတွက် ကျွန်မတို့က ဆက်လက် ကန့်ကွက်သွားဖို့ ရှိတယ်။ နောက် တက်လာမယ့် အစိုးရအပေါ်မှာ ဒေသခံတွေက ယုံကြည်တယ်။ သူတို့လည်း ကျွန်မတို့ ဒေသခံရဲ့ အသံကို နားထောင်ပြီးတော့ ဖြေရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ်လို့များ ကျွန်မတို့ ဒေသခံရဲ့ အသံကို နားမထောင်ခဲ့ဘူးဆိုရင် နောက်အစိုးရသစ်ကိုရော ဆက်လက် ဖိအားပေး ကန့်ကွက်သွားမယ်”ဟု မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင် လူငယ်အဖွဲ့မှ ဒေသခံ လူငယ်တစ်ဦးဖြစ်သူ မသီရိဦးက ပြောကြားသည်။မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ငွေကြေးထောက်ပံ့မှု၊ ထောက်ခံမှုများ မပြုလုပ်ရန် ဂျပန်နိုင်ငံသို့ မြန်မာ့ဒေသခံ ကိုယ်စားပြုအဖွဲ့များမှ တောင်းဆိုစာကို နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်းတွင် ပြဿနာများကို ဖြစ်ပေါ်စေသော၊ ညစ်ညမ်းစေသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းကို ဂျပန်ဘဏ်များဖြစ်ကြသော Japan Bank for International Cooperation (JBIC)ESifh Japan Inter-national  Cooperation Agency (JICA) တို့အနေဖြင့် ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ထောက်ခံအားပေးခြင်းများ မပြုလုပ် ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ဒေသကိုယ် စားပြုဒေသခံသုံးဦးမှ ဂျပန်သံရုံးသို့ စာတစ်စောင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ တောင်းဆိုစာသည် ဒေသခံလူ ထုအပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေညှိနှိုင်းမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အပေါ် ယုံကြည်စိတ်ချ လက်ခံနိုင်သော ရေရှည် တည်တံ့သော အဖြေတစ်ခုကို ဂျပန်တို့အနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့်အတူ ကူညီလုပ်ဆောင်ရန် သင့်ကြောင်း မြန်မာနိုင်ငံမှ အရပ်ဘက် လူမှုအဖွဲ့အစည်း(၇၂)ဖွဲ့မှ ထောက်ခံ အတည်ပြု ထားသော စာတစ်စောင်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် စူးစမ်းလေ့လာခွင့်ပြုထားသော (plan) လုပ်ထားသည့် အဆင့်တွင်ရှိနေသော ကျောက်မီးသွေးစက်ရုံ (၁၁)ရုံ ရှိနေကြောင်း၊ မည်သည့် စီမံကိန်းကိုမျှ အဆုံးအဖြတ် မပေးရသေးကြောင်း၊ ၎င်းတို့ထဲတွင် တနင်္သာရီ တိုင်းဒသကြီး၊ မြိတ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှစ်ခု၊ ရေးတွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း၊ ထန်းတပင်နှင့် ကျောက်တန်းတို့တွင် တစ်ခုစီ၊ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်း၊ ဘုတ်ပြင်တို့တွင် တစ်ခုစီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝတွင် တစ်ခုပါဝင်ကြောင်း သိရသည်။                                                                  

Most Read

Most Recent