ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးကို ပထမဆုံးအကြိမ် ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးကို ပထမဆုံးအကြိမ် ရုံးထုတ်
Published 3 December 2015
နီလာစိုး(ပုသိမ်)

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ်ပြုပြင်၍ Facebook ပေါ်တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအား အောက်တိုဘာ ၁၇ ရက်တွင် ကန်ကြီးထောင့် မြို့ခံလူငယ်များအနေဖြင့် ဦးစည်သူအောင်က ဦးဆောင်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ကာ နိုဝင်ဘာ ၂ ရက်အထိ တရားရုံးတွင် ရမန်ယူခဲ့ကြောင်း၊ တရားရုံးတွင် ချုပ်ရက် ရမန်ယူခဲ့သော်လည်း ဦးသန်းထွန်းကို ဝမ်းဗိုက်ဝေဒနာကြောင့် ရဲအချုပ်တွင်မထားဘဲ ရဲအစောင့်ဖြင့် ကန်ကြီးထောင့်ဆေးရုံနှင့် ပုသိမ်ဆေးရုံတို့တွင် အလှည့်ကျ ဆေးကုသမှုခံယူစေခဲ့ပြီးနောက် ထိုကာလအတွင်း စစ်ဆေးတွေ့ရှိချက်များကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် တင်ပြခဲ့သော်လည်း မှတ်ချက်တစ်စုံတရာ မပေးသဖြင့် အာမခံဖြင့် လွှတ်ပေးခဲ့ပြီး ဆက်သွယ်ရေးဝန်ကြီး၏ မှတ်ချက်ပြန်လည်ရရှိသောကြောင့် နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။“ဒီနေ့ ပထမဆုံး ရုံးထုတ်တာဖြစ်တဲ့အတွက် အမှုတွဲကို ဖတ်ကြည့်လိုက်တဲ့အချိန်မှာ တရားလိုပြု တိုင်တန်းချက်မှာပါတဲ့ ဦးသန်းထွန်းရဲ့အကောင့် ThuThu  နေရာမှာ Zin Lay ဆိုတဲ့ အကောင့်သုံးတယ်လို့ တွေ့ရတယ်။ နည်းပညာနဲ့ပတ်သက်တဲ့အတွက်  ဒီအပိုင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အကူအညီယူမယ်။ Facebook တည်ထောင်တဲ့ အဖွဲ့အစည်းကနေ အကူအညီတောင်းပြီး အမှန်တရားကို ရှာဖွေသွားမှာပါ”ဟုတရားလို၏ အကျိုးဆောင်ရှေ့နေ ဒေါ်မြင့်သိန်းက ပြောကြားသည်။“ကျွန်တော်ရှေ့နေကြီး  ပြောပြလို့ Thu Thu အကောင့်နေရာမှာ Zin Lay ဆိုတဲ့ အကောင့်ဖြစ်နေတယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမှုမဖွင့်ခင် ဒီအတိုင်း အပြင်မှာတောင်းပန်ဖို့ ညှိနှိုင်းမှုတွေ လုပ်တုန်း ဒီ ThuThu အကောင့်ဟာ သူသုံးတာပါလို့ ဝန်ခံခဲ့တာ ရှိပါတယ်။ အဲဒီအချိန်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးရယ် ရဲမှူးရယ် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေလည်း ရှိပါတယ်”ဟု တရားလိုပြုတိုင်တန်းသည့် ဦးစည်သူအောင်က ပြောကြားသည်။အဆိုပါအမှုကိစ္စနှင့် စပ်လျဉ်း၍ စွပ်စွဲခံရသူ ဦးသန်းထွန်း၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးပြုံးချိုအား မေးမြန်းရာ ပြန်လည်ဖြေကြားရန်မရှိကြောင်း ပြောကြားသည်။အဆိုပါအမှုအား ဒီဇင်ဘာ ၁၄ ရက်တွင် ပြန်လည်ချိန်းဆိုကာ တရားလိုအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent