ပုဂံတွင် နိုင်ငံတကာ ဖိတ်ခေါ် အပျော်တမ်း မာရသွန်ပြိုင်ပွဲ TEMPLE MARA THON တတိယအကြိမ်ကျင်းပရာ ထိုင်းဘုရင့်မြေးတော်လည်း ဝင်ရောက်ဆင်နွှဲခဲ့

ပုဂံတွင် နိုင်ငံတကာ ဖိတ်ခေါ် အပျော်တမ်း မာရသွန်ပြိုင်ပွဲ TEMPLE MARA THON တတိယအကြိမ်ကျင်းပရာ ထိုင်းဘုရင့်မြေးတော်လည်း ဝင်ရောက်ဆင်နွှဲခဲ့
Published 28 November 2015
ကိုနော်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် နိုင်ငံတကာ အပျော်တမ်း မာရသွန်ပြိုင်ပွဲTEMPLE MARA THON အား တတိယအကြိမ်အဖြစ် နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီက ထီးလိုမင်းလို ဘုရားမှ တာလွှတ်ကျင်းပခဲ့ရာ ထိုင်းဘုရင့်မြေးတော်HRH Bajrakiti-yabha လည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်း ရရှိသည်။ပြိုင်ပွဲတွင် Full Marathon, Half Marathon နှင့် ၁၀ ကီလိုမီတာဟူ၍ အမျိုးအစား သုံးမျိုးပါဝင်ခဲ့ရာ ပြည်တွင်း အပြေးသမားများ ၆၀ ကျော် အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အပြေးသမားစုစုပေါင်း ၂၄၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။“မနေ့ကတည်းက ပုဂံရှုခင်းတွေ၊ ပြေးမယ့်လမ်းကြောင်းနဲ့အတူ ကြည့်တော့ အတော်လှပါတယ်။ ကျွန်တော့ မိသားစုတော့ မသိဘူး။ ကျွန်တော့ဘဝမှာတော့ ဒီလောက်လှတဲ့ မြင်ကွင်းမျိုးမတွေ့ဖူးသေးဘူး။ ဗိသုကာ လက်ရာတွေက ထိပ်တန်းပါပဲ”ဟု ဟောင်ကောင်တွင် နေထိုင်သည့် အစ္စရေးနိုင်ငံသား Mr. Itay ကပြေးပွဲနှင့် ပတ်သက်၍ သူ၏ခံစားမှုကို ပြောပါသည်။“သူတို့ပြိုင်ပွဲကျင်းပတဲ့ သုံးကြိမ်စလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါသုံးကြိမ်မြောက်ပေါ့။ ပထမအကြိမ် Full Marathon, 26 မိုင်တုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ နံပါတ် ၂၇ လောက်မှာ ဝင်ပါတယ်။ မနှစ်ကတော့ Half Marathon ဝင်ပြိုင်တော့ ဒုတိယ ရခဲ့ပါတယ်။ ဒီလိုပွဲမျိုး ကျင်းပတဲ့အတွက် ခရီးသွားလုပ်ငန်းကိုလည်း အများကြီး အထောက်အကူ ပြုပါတယ်” ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဒေသခံအပြေးသမား ကိုကြည်စိုးစံက ပြေးပွဲနှင့် စပ်လျဉ်းသည့် သူ၏အတွေ့အကြုံနှင့် အမြင်ကို ပြောပါသည်။“ဒီတစ်ခေါက်မှာ နိုင်ငံတကာ အပြေးသမား ၁၆၂ ယောက်ပါတယ်။ ထိုင်းဘုရင့်ရဲ့ အိမ်ရှေ့စံရဲ့ သမီးတော်နဲ့အဖွဲ့တွေ ပါမယ်။မြန်မာအပြေးသမား ၆၀ ကျော် လောက်ပါတယ်။ အားလုံး ၂၅၀ လောက် ပါဝင်ဆင်နွှဲ ပါတယ်။ ဒါလည်း Smooth Tourism Prom-otion ပါပဲ။ အများစုကတော့ အမေရိကန်နဲ့ ဗြိတိန်၊ ထိုင်း၊ ကျန်တာ အာရှနိုင်ငံနည်းနည်းပါတယ်။ ဥရောပတို့၊ တောင်အမေရိကားတို့ သြစတြေးလျတို့ကလည်း ပါတယ်” ဟု မာရသွန်ပြေးပွဲအား စီစဉ်ကျင်းပခဲ့သည့် Myanmar Voyages International ခရီးသွားကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပါသည်။TEMPLE MARA THON အား ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Myanmar Voyages Interna-tional Tourism Co.,Ltd. ခရီးသွားကုမ္ပဏီ နှင့် ဒိန်းမတ်နိုင်ငံ အခြေစိုက် Albatros Travels ခရီးသွားကုမ္ပဏီတို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent