ရန်ကုန်မြို့ကို တိုးချဲ့ရန် စီစဉ်ထားသည့် မြို့သစ်စီမံကိန်း ခုနစ်ခုအား အကောင်အထည ဖော်ရန်အတွက် ယင်းနေရာများတွင် နေထိုင်သည့် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ၍ ချပြဆွေးနွေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်းရေးဆွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ရန်ကုန်မြို့ကို ဧကတစ်သိန်းကျော် ထပ်မံတိုးချဲ့မည် ဖြစ်ပြီး ဦးစားပေး (၁) ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေး(၂) ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊ ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး(၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး(၆)မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး(၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားကြောင်း သိရသည်။“မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူ ဟာစီမံကိန်း ၂၀၄၀” အရ ရန်ကုန်မြို့ကို တိုးချဲ့သင့်ကြောင်း ထွက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ တိုးချဲ့မည့် နေရာများတွင် နေထိုင်သည့် ဒေသခံ ပြည်သူလူထုနှင့် တွေ့ ဆုံ၍ ဆွေးနွေးပြီး ပြည်သူလူထုကို ချပြကာ ဆက်လက် လုပ်ဆောင်မည် သွားမည်ဟု သိရသည်။“ဒီစီမံကိန်းတွေ လုပ်ဖြစ်တယ်ဆိုရင် သူတို့ဒေသမှာ ဘာတွေလိုအပ်လဲ။ ဘယ်လို လုပ်သင့်တယ်ဆိုတာ ဒေသခံတွေကို ချပြဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင်မှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ မြို့သစ်စီမံကိန်း ခုနစ်ခုအနက် ဦးစားပေးနံပါတ် ၂ ဖြစ်သည့် ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် ၂၁၇၁၆ ဧကအား ဦးစွာ အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီသုံးခု တင်ဒါ တင်သွင်းထားကြောင်း၊ စီမံကိန်းကြီးဖြစ်၍ ယခုထိ တင်ဒါရွေးချယ်နိုင်ခြင်းမရှိသေးဘဲ ယခု အစိုးရလက်ထက်တွင် တင်ဒါရွေးချယ်နိုင်ခြင်းရှိ၊ မရှိမှာလည်း မသေချာကြောင်း သိရသည်။သို့ဖြစ်၍ ယင်းမြို့သစ်များသည် နောက်အစိုးရ လက်ထက်မှသာ ၎င်းတို့၏ ဘဏ္ဍာငွေအပေါ်မူတည်၍ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။လက်ရှိ တင်ဒါများ စိစစ်နေသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများပါဝင်ကြောင်း၊ ယင်းသို့ အကောင်အထည် ဖော်မည်ဖြစ်၍ ကြည့်မြင်တိုင်မြို့နယ် ဝါးရုံဆိပ်ကျေးရွာရှိ လယ်မြေဧက ၁၅၀၀ ကျော်အား မြို့မြေအဖြစ် သတ်မှတ်ကာ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး ခြင်းမရှိတော့သဖြင့် အခက်အခဲများ တွေ့နေရကြောင်း ဒေသခံတောင် သူအချို့ထံမှ သိရသည်။ရန်ကုန်မြို့၏ သဘာဝလူဦးရေတိုးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းရှိသဖြင့် တိုးပွားလျက်ရှိသည့် လူဦးရေအပြင် အိုးမဲ့အိမ်မဲ့နှင့် ကျူးကျော်များအတွက် နေရာချထားပေးနိုင်ရန် မြို့သစ်များ တိုးချဲ့ဖော်ထုတ်ရန်လိုကြောင်း “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀” တွင် ဖော်ပြထားကြောင်း၊ ရန်ကုန်မြို့သည် လက်ရှိဧရိယာ ၃၄၀ စတုရန်း မိုင်ခန့်ရှိနေပြီး ထပ်မံတိုးချဲ့မြို့သစ်ခုနစ်ခုသည် စတုရန်းမိုင် ၁၀၀ ခန့်ရှိကြောင်း၊ အဆိုပါ စတုရန်းမိုင် ၁၀၀ ကျော်တွင် လူဦးရေရှစ်သန်း ခန့် ထပ်မံနေထိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ကို တိုးချဲ့ရန် စီစဉ်ထားသည့် မြို့သစ်စီမံကိန်း ခုနစ်ခုအား အကောင်အထည်ဖော်ရန် ယင်းနေရာများတွင် နေထိုင်သော ဒေသခံပြည်သူတို့နှင့် တွေ့ဆုံ၍ ချပြဆွေးနွေးမည် ဟုဆို















