မှန်ကန်စွာ အသက်မွေးခြင်း

မှန်ကန်စွာ အသက်မွေးခြင်း
Published 28 November 2015
စိုးခိုင်ညိန်း

လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ စားဝတ်နေရေး ဆိုတဲ့ကိစ္စက မဖြစ်မနေ မလွှဲသာ မရှောင်သာ ထိတွေ့ပါလာရသည်။ ထိုစားဝတ်နေရေးကိစ္စ အဆင်ပြေ ချောမွေ့ဖို့ လူတွေဟာ စီးပွားရေးကို မဖြစ်မနေ လုပ်ကြရသည်။ ထိုအခါတွင် ရောင်းကြ၊ ဝယ်ကြ၊ ထုတ်လုပ်ကြ၊ စားသုံးကြနှင့် စီးပွားရေး လုပ်ဆောင်မှု တစ်မျိုးမျိုးကို အစဉ်အမြဲ ဆောင်ရွက်နေကြရသည်။ ထိုကဲ့သို့ လုပ်ဆောင်ကြရာတွင် မှန်ကန်သည့် နည်းလမ်းနဲ့ရော မမှန်ကန်သည့် နည်းလမ်းများဖြင့်ပါ ရနိုင်သမျှရအောင် လုပ်ကြတော့သည်။
မြတ်စွာဘုရား၏ ဒေသနာတော်အရ လူသည် မသိမှု အဝိဇ္ဇာကနေ စတင်ခဲ့ကြသည်ပဲ ဖြစ်သည်။ ထိုကဲ့သို့ မသိခြင်းအဝိဇ္ဇာနှင့် ယှဉ်၍ မွေးဖွားလာသည်နှင့်အညီ ဘဝတွင် မည်သို့ ပြုမူ ဆောင်ရွက်ရမည်ကို မသိတတ် နိုင်အောင်ရှိသည့်အတွက် ဘဝပြဿနာ အားလုံး၏ ရေသောက်မြစ်သဖွယ် ဖြစ်နေသည်။ ထိုအခါတွင် လိုချင်မှု ဆန္ဒနောက်သို့  အာသာပြင်းပြင်း လိုက်ကြရာမှ အမှားကြီး မှားကြရတော့သည်။ တရားသည်၊ မတရားသည် မသိသော အဝိဇ္ဇာတရား မှောင်ဖုံးနေသောကြောင့် လူသည် မတရားမှု ဒုစရိုက်များကို လုပ်ဆောင်လာကြတော့သည်။ လူသတ်ဖို့လည်း ဝန်မလေးတော့။ လုယက်ဖို့လည်း မကြောက်တော့။
မှုခင်းသတင်းတွေ ဖတ်ကြည့်လိုက်တော့ နေရာအနှံ့အပြား ဖြစ်ပွားနေတာတွေ့ရသည်။ နေ့ခင်းကြောင်တောင် အိမ်မှာ တစ်ယောက်တည်းရှိတဲ့ အမျိုးသမီးကြီးကို လည်ပင်းညှစ်ပြီး ဆွဲကြိုးဖြတ်လုယူသွားတာ။ မှတ်တိုင်မှာ မိန်းကလေးတစ်ယောက် စောင့်နေတုန်း အဖွဲ့လိုက်ချုပ်ပြီး တက္ကစီပေါ် ခေါ်တင်ပြေးသွားတာ။ ဘတ်စ်ကားစီးရင်း ခါးပိုက်နှိုက်ခံလိုက်ရတာ။ လူအုပ်ကြားထဲ လမ်းလျှောက်နေတုန်း နောက်ကနေ ကျောပိုးအိတ်ကိုဖြဲဖို့ ကြိုးစားမှုတွေ။ ညမှာ အမျိုးသမီးတစ်ယောက်တည်း တက္ကစီတားစီးဖို့ ကြောက်ရွံ့နေရတဲ့ အနေအထားတွေ။ မအူမလည် တောကတက်လာတဲ့ မိန်းကလေးတွေကို သိမ်းသွင်းဖြားယောင်းပြီး လူကုန်ကူးတာတွေ၊ တရုတ်ပြည်မှာ အပျော်မယား ရောင်းစားခံရတဲ့ အဖြစ်တွေ။ ဘဏ်က နေ လောလောလတ်လတ် ငွေထုတ်လာတဲ့သူကို လုယက်ပြီး ကားနဲ့ ထွက်ပြေးသွားတာတွေ။ နေ့ခင်းကြောင်တောင်ကြီး စတိုးဆိုင်မှာ၊ ဖုန်းပစ္စည်း ရောင်းတဲ့ဆိုင်မှာ၊ ငွေလဲကောင်တာမှာ ဝင်ရောက် လုယက်သွားတာတွေ စတဲ့စတဲ့ မတရားမှု၊ မကောင်းမှု ဒုစရိုက် သတင်းတွေက မဖတ်ချင်မှ အဆုံးပဲ ဖြစ်သည်။
သမ္မာအာဇီ၀ မှန်ကန်စွာ အသက်မွေးခြင်းဆိုသည်မှာ မြတ်စွာဘုရား ဟောကြားသော နိဗ္ဗာန်သို့ ဦးတည်သော လမ်းကျောင်း ရှစ်သွယ်ထဲမှ တစ်ခုဖြစ်သည်။ ဒါက မြတ်စွာဘုရား ဟောကြားခဲ့သော အသက်မွေးဝမ်း ကြောင်းမှုဆိုင်ရာ စားဝတ်နေရေး ကျင့်ဝတ်တစ်ခု ဖြစ်သည်။ ထိုကျင့်ဝတ်က လူ့အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများနှင့် ကုသိုလ်၊ အကုသိုလ် အကျိုးအပြစ်ကို အလေးထားရမည် ဖြစ်သည်။
စီးပွားရေးကိစ္စ လုပ်ငန်းများ အပေါ်တွင် ထိုကျင့်ဝတ်၏ သြဇာ သက်ရောက်မှုသည် ထင်ရှားပြီး ဖြစ်လေသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံ၏ လူ့အဖွဲ့အစည်းမှာ သူခိုးဓားပြ ထူပြောနေလျှင်၊ အကြမ်းဖက် အန္တရာယ်များ ရှိနေလျှင်၊ လမ်းပန်းဆက်သွယ်ရေး မလုံခြုံ မချောမွေ့လျှင်၊ မည်သည့်လုပ်ငန်းရှင် စီးပွားရေးသမားမှ လာရောက် ရင်းနှီးမြှုပ်နှံ လိုက်မည်မဟုတ်ပါ။ မည်သည့် ကမ္ဘာလှည့် ခရီးသည်မှလည်း လာရောက် လည်ပတ်လိမ့်မည်မဟုတ်ပါ။ ထိုအခါ ထိုတိုင်းပြည်၏ စီးပွားရေး အခြေအနေသည် ချွတ်ခြုံကျနေပေလိမ့်မည်။
အကယ်၍ နိုင်ငံသားများက တရားဥပဒေကို လေးစားလိုက်နာတတ်သူ၊ စည်းနှင့်ကမ်းနှင့် နေထိုင်တတ်သူ၊ ကိုယ့်ပတ်ဝန်းကျင်ကို လုံခြုံသန့်ရှင်း နေစေရန် အသိရှိရှိနဲ့ ထိန်းသိမ်း စောင့်ရှောက် ကြသူများ ဖြစ်လျှင်မူ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများ ရောက်လာပေလိမ့်မည်။ ထိုအခါတွင် အိမ်သာ၍ ဧည့်လာဆိုသလို ကမ္ဘာလှည့် ခရီးသည်များလည်း တဖွဲဖွဲ ရောက်လာနိုင်စရာ ရှိပေသည်။
သမ္မာအာဇီ၀ မှန်ကန်စွာ အသက်မွေးခြင်းဆိုသည်က ကိုယ်ပြုလုပ်သော စီးပွားရေးနှင့် ပတ်သက်ပြီး ဘယ်သူသေသေ ငတေမာ ရင်ပြီးရော စိတ်ထား၍မရပေ။ ထိုကဲ့သို့ ကျင့်ဝတ်နှင့် မညီသော စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအပေါ် ဆိုးကျိုးမှာ သက်ရောက်နိုင်ပေသည်။ ဥပမာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးသည် စံချိန်စံညွှန်း မမီသော ပစ္စည်းများကို အသုံးပြုထုတ်လုပ်လျှင် ဆိုပါစို့။ လက်ဖက်စသည်တို့မှာ ဆိုးဆေးများသုံးခြင်း၊ အချိုရည်တွေမှာ ဓာတုပစ္စည်းများ ထည့်သုံးခြင်း၊ အသားလုံးတွေမှာ ဘိုရစ်အက်စစ်သုံးခြင်း၊ သစ်သီးဝလံတွေမှာ ဆေးစိမ်ဆေးထိုး ဆေးဖျန်းခြင်း စသည်များသည် စားသုံးသူများ၏ ကျန်းမာရေး ထိခိုက်နိုင်သည်။ ထိုကျန်းမာရေး ထိခိုက်မှုများကြောင့် ဆေးဝါး ကုသစရိတ်က ထပ်တိုးလာမည်။ တာဝန်ရှိသူတွေက ထိုမသမာမှုများကို ရှာဖွေဖော်ထုတ်လျှင် ကုန်ကျစရိတ် များလာဦးမည်။ ဒါ့အပြင် ထိုကဲ့သို့ အရည်အသွေးမမီတဲ့ ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့လျှင် နိုင်ငံခြား ဖောက်သည်တို့၏ ယုံကြည်မှု လက်လွှတ် ဆုံးရှုံးရနိုင်သည်။ ထိုကဲ့သို့ ကျင့်ဝတ် ဖောက်ဖျက်ခြင်းမှ နိုင်ငံ၏စီးပွား ရေးကို ထိခိုက်နိုင်သည်။
ဖြောင့်မတ် မှန်ကန် ခိုင်မာသော ကျင့်ဝတ်အရဆိုလျှင် စီးပွားရေး လုပ်ဆောင်မှုအားလုံးသည် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် သတိကြီးကြီးထား လုပ်ဆောင်ဖို့ လိုပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျိုးစီးပွားကို မထိခိုက်စေရေး၊ လူ့အဖွဲ့အစည်းတစ်ရပ် လုံး တည်ငြိမ်မှုကို မပျက်ပြားစေရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုသော ကျင့်ဝတ်များဖြင့် ဈေးကွက်စီးပွားရေးကို လုပ်ဆောင်ကြဖို့ပဲ ဖြစ်သည်။
လူသည် မိမိလိုအပ်ချက်၊ မိမိစိတ်ကြိုက် ပျော်ရွှင်မှုအတွက် လွတ်လပ်စွာ စီးပွားရှိရမည်ဟု ဆိုသော်လည်း စင်စစ် လူသည် လူမှုပတ်ဝန်းကျင် အဖွဲ့အစည်း သဘာဝပတ်ဝန်းကျင်ဆိုသော ကဏ္ဍသုံးရပ်လုံးကို ထည့်သွင်း လိုက်မည်ဆိုလျှင် လူပုဂ္ဂိုလ်တစ်ဦး၏ လွတ်လပ်မှုတွင် အကန့်အသတ်များ ရှိလာပါသည်။ ထိုကန့်သတ်ချက်များကို ကျင့်ဝတ်ဖြင့် ထိန်းညှိ ဆောင်ရွက်ရပေမည်။
သို့သော် လူအချို့သည် ကိုယ်ချမ်းသာလျှင် ပြီးရောဆိုတဲ့ အတ္တအခြေခံသော စိတ်များဖြင့် လုပ်ဆောင်သော စီးပွားရေး လက်ဝါးကြီးအုပ်ကာ မောင်ပိုင်စီးမှုများကြောင့် နိုင်ငံ၏ အခြေအနေသည် နိမ့်ကျလျက် ရှိတော့ သည်။ ထိုလုပ်ဆောင်မှုများကြောင့် သစ်တောတွေ၊ တောင်တွေ၊ ကျောက်သံပတ္တမြား၊ သဘာဝရင်းမြစ်တွေ၊ ရေနံဓာတ်သတ္တုတွေ ပျောက်ပျက်ဆုံးရှုံးရလေသည်။ တရားမဝင် သစ်တင်ပို့မှုတွေကြောင့် သစ်တောများ ပြုန်း တီးကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ကာ ရေကြီးမြေပြိုမှုတွေနဲ့  ဒုက္ခ အရောက်ကြီး ရောက်ကြရတော့သည်။ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးတို့၏ တန်ဖိုးနှင့် အရေအတွက်ကလည်း ကြောက်စရာကောင်း လှသည်။
လူသားများသည် လောဘ၏ သားကောင်များဖြစ်သည်။ ထိုလိုချင်တပ်မက်မှု လောဘကို ပြည့်ဖို့ရန် ဖြည့်ဆည်းခြင်းငှာ မစွမ်းနိုင်ပေ။ လောဘလိုချင်မှုကို ဖြည့်ဆည်းခြင်းဖြင့် သတ်၍မရနိုင်ပေ။ အကယ်၍ ကောင်းကင်မှ ရွှေမိုးငွေမိုးများ ရွာချသည့်တိုင် တဏှာလောဘ မသတ်နိုင်သော သူသည် စိန်မိုး၊ ပတ္တမြားမိုး ရွာပါစေဟု ဆုတောင်း နေဦးမည်သာဖြစ်သည်။ အလိုလောဘကို သတ်နိုင်မှသာလျှင် အဆုံးသတ်နိုင်ပေလိမ့်မည်။
မြေယာ မြောက်မြားစွာ ပိုင်သော သူဌေးကြီးတစ်ယောက်က ဆင်းရဲသား တစ်ယောက်ကို ခေါ်ပြီး မင်းကို မြေကွက်ပေးမယ် အကျယ်အဝန်းကို အခုဒီနေရာကနေ မင်းအလိုရှိသလောက် ပြေးပြီး စိတ်ကြိုက်ယူပေတော့လို့ ပြောတဲ့အခါ ဆင်းရဲသားဟာ အားကုန်ရှိသလောက် ပြေးပြီး မောတဲ့အခါ နားပြီး နားပြီး နောက်လှည့်ကြည့်တဲ့အခါ နည်းသေးတယ် ထင်ပြီး ဆက်ပြေးလိုက်၊ နောက်လှည့်ကြည့်ပြီး နည်းသေးတယ်ထင်ပြီး ဆက်ပြေးလိုက်နဲ့ နောက်ဆုံးတော့ ပြေးရင်းပြေးရင်း အမောဆို့ သေသွားသည်တဲ့။ ထိုကဲ့သို့ လိုချင်မှုလောဘသည် အတော်မသတ် အသက်ဆုံးရှုံးသည်အထိ ကြိုးစားခြင်း ဖြစ်ပေသည်။
လူတို့သည် တဏှာလောဘ စေခိုင်းရာ နောက်သို့ မျက်ကန်း တစ်ယောက်လို လိုက်ပါ ရင်းမှ ကောင်းမှုနှင့်မကောင်းမှုတို့ကို မခွဲခြားနိုင်ဖြစ်ကာ မည်သည့်အရာက အစစ်မှန် ချမ်းသာကို ဦးတည်စေ၍ မည်သည့်အရာက ဆင်းရဲခြင်း ဒုက္ခသို့ ဦးတည်သွားသည်ကို နားမလည်နိုင်ဖြစ်ကာ အမှားကြီးမှားကာ မတော် လောဘများဖြင့် မတရားစီးပွားကို ရှာဖွေကြ ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ရခြင်းသည် ပညာမဲ့မှုကြောင့် ဉာဏ်မျက်စိကွယ်ကာ မှားသည်၊ မှန်သည် မခွဲခြားနိုင်တော့ဘဲ လောဘ၏အလိုသို့ လိုက်မိသောကြောင့်ဖြစ်လေသည်။ အတ္တနှင့်ယှဉ်သော တဏှာ၏လိုဘကို မပြည့်ပြည့် အောင် ဖြည့်ရင်းမှ လူတို့သည် မိမိတို့ အချင်းချင်း သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်နှင့် သော်လည်းကောင်း၊ သဘာဝတရားနှင့် လည်းကောင်း သူသေကိုယ်ရှင် တိုက်ပွဲ ဆင်ကြလေတော့သည်။
ထိုမကောင်းမှုများကို တွန်းလှန်၍ သမ္မာအာဇီ၀ ကျကျ စီးပွားရှာ လုပ်ဆောင်ဖို့ ရန်မှာ ဉာဏ်ပညာသည်  အဓိကကျပေသည်။ လူသည် ဉာဏ်ပညာ ရှေ့သွားပြု၍ စဉ်းစားဆင်ခြင်လာလျှင် အကောင်းအဆိုး ကုသိုလ် အကုသိုလ် ပိုင်းခြား လာနိုင်ကာ  ကောင်းမှု ကုသိုလ်ဘက်သို့ ဦးတည်၍ ညွတ်ကိုင်းလာနိုင်ပါသည်။ ဉာဏ်ပညာသည်  ကုသိုလ်ကောင်းကျိုးကို ရှေးရှု၍ မိမိ၏အကျိုး၊ လူ့အဖွဲ့အစည်း၏ အကျိုး၊ သဘာဝပတ်ဝန်းကျင်၏ အကျိုး စသည်တို့ကို  စဉ်းစားချင့်ချိန် လာနိုင်ပေသည်။
ဆိုသည့်အားလျော်စွာ ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ခွဲဝေဖြန့်ဖြူးမှု၊ ရင်းနှီးမြှုပ်နှံမှု စသော စီးပွားရေး အပြုအမူအားလုံး သမ္မာအာဇီဝကျကျ ကျင့်ဝတ်များဖြင့် ပညာကို အခြေခံ၍ ပြုမူကြဖို့ပဲ ဖြစ်လေသည်။ ထိုဉာဏ် ပညာသည် လိုချင်မှုလောဘကို ချိုးနှိမ်ကာ လူအဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်တို့၏ အကျိုးအပြစ်များကို စဉ်းစားနှိုင်းချိန်၍ မှန်ကန်စွာ ပြုမူဆောင်ရွက် နိုင်ပေလိမ့်မည်။ အားလုံးသောသူများ သမ္မာအာဇီ၀ ကျကျ ပြုမူဆောင်ရွက်နိုင်ကြပါစေ။

Most Read

Most Recent