လူထုဒေါ်အမာ ရာပြည့် လူထုဒေါ်အမာ၏ အမေ့ရှေးစကား

လူထုဒေါ်အမာ ရာပြည့် လူထုဒေါ်အမာ၏ အမေ့ရှေးစကား
Published 28 November 2015
မြေနီသစ္စာ

အမေမာသည် လူကြုံရှိလျှင် သူ့စာအုပ်ကို ပို့ပေးတတ်သည်။ အမေ့ ရှေးစကားသည့် ကျွန်တော့်ညီလို တပည့်လို ဖြစ်နေသော ပုဏ္ဏားအမျိုးသား ဗေဒင်လက္ခဏာဆရာ ကလောင်ရှင် မန်းသားလူချော(ကွယ်လွန်)နှင့် အမေမာ ပါးလိုက်သည့် စာအုပ်လက်ဆောင်ပင်။ မြေနီသစ္စာသို့ အမေ့လက်ဆောင် အမာ ၁၃-၁၀-၉၇ ဟုလည်း အမေ့ရှေးစကား ပထမမျက်နှာတွင် အမေမာက အမှတ်တရ လက်မှတ် ရေးထိုးထားသည်။ အမေ့ရှေးစကားသည် ဆောင်းပါး ပေါင်းချုပ် စာအုပ်ဖြစ်သည်။ သောင်းပြောင်းထွေလာနှင့် ကလျာမဂ္ဂဇင်းတို့မှာ ၁၉၉၄ ကတည်းက အမေမာ ရေးလာခဲ့သော ဆောင်းပါးတို့ကို စုပေါင်းထားခြင်း ဖြစ်သည်။
ဒီဆောင်းပါးတွေဟာ အများအားဖြင့် ကျွန်မတို့လူမှုရေး အဆောက်အအုံ ပျက်ပြားပြိုဆင်း လာတာတွေ တွေ့ရလို့ စိတ်ဆင်းရဲစွာနဲ့ ရေးတာတွေ ဖြစ်ပါတယ်။ အဲဒီလို ရေးတဲ့အခါ သမီးနဲ့မအေ၊ သားနဲ့ဖအေ တိုးတိုးတိတ်တိတ် ပြောဆို ဆုံးမ ဆွေးနွေးကြရမယ့် စကားမျိုးတွေကိုလည်း ထည့်ရေးမိပါတယ်။ ကိုယ့်အိမ်တွင်းမှာ အိမ်သူအိမ်သား အချင်းချင်းသာ ပြောဆိုကြရမယ့် စကားမျိုးတွေကို မပြောအားကြ တော့တဲ့အတွက် အဲဒီမိဘများကိုယ်စား ကျွန်မက ရေးချနေရတာမို့ တချို့စကားရပ်များကိုတော့ နားနဲ့မနာ ဖဝါးနဲ့သာ နာကြပါတော့လို့ တောင်းပန်ပါရစေ။
အမေမာက ဤကဲ့သို့ နိဒါန်းပျိုးထားသော အမေ့ ရှေးစကားသည် စင်စစ် ယိုယွင်း ကျဆင်းနေသော မြန်မာ့လူမှုဘ၀ အစုစုတို့ အပေါ်မှာ ပြုပြင်သင့်သည်တို့ကို ပြင်ဆင်ရန် တိုးတိုးသက်သာ òန်ပြထားသည့် စာပဒေသာပင်။
ဤအရာကား ထိန်းသိမ်း စောင့်ရှောက် ထားအပ်ပေ၏။ ထိုအရာကား သိမှတ်သိုထား အပ်ပေ၏။ ၎င်းအရာကား ထုတ်နုတ်သုံးစွဲရန် တည်းဟူသော မေတ္တာစိတ်၊ စေတနာစိတ်ဖြင့် ရေးပြထားသည့် အမေမာ၏ ကရုဏာစာများ ပင်။
“မျက်စိပွင့်တဲ့ မျိုးချစ်တွေက ဘာလို့ တို့လာပြီး ကျွန်လုပ် သွေးစုပ်တဲ့ လူတွေကို တို့လူမျိုးတွေက သခင်ခေါ်နေရမှာလဲ။ မခေါ်နိုင်ဘူး။ တို့လူမျိုးကမှ သခင်လူမျိုး သခင်အစစ်။ ဒါကြောင့် တို့နာမည်ရှေ့က သခင် တပ်ထားတယ်ဟေ့။ ‘ဗမာပြည်ဟာ ဒို့ပြည်၊ ဗမာစာဟာ ဒို့စာ၊ ဗမာစကားဟာ ဒို့စကား’ စတဲ့ ကြွေးးကြော်သံတွေနဲ့ ကိုယ့်လူမျိုးရဲ့ အဆင့်အတန်းကို ပြန်ယူကြ၊ ပြန်မြှင့်တင်ကြ၊ ပြန်ပြီး နေရာမှန်ကို ရောက်ဖို့ လုံးပန်းကြရတယ်။ အဲဒီတုန်းက စာရေးတဲ့အခါ အားမာန်ပါတဲ့ အသံကိုရချင်လို့ ‘တို့’ လို့မရေးဘူးကွဲ့။ ‘ဒို့’လို့ ဒဒွေးနဲ့ ရေးတာ။”
အမေမာသည် သိစေချင်၊ ကြားစေချင်၊ မှတ်သား စေချင်သည့် စကားတု့ိကို နားထဲသို့ ရှောခနဲ ဝင်သွားအောင် ဤကဲ့သို့ပြောတတ်၏။ တကယ့် အမေ့ရှေးစကား ဟန်ပင်။
“အမေကတော့ အဘွားကြီးမို့လား မသိဘူး။ မြန်မာ မိန်းကလေးဆိုရင် ခါးပေါ်မှာ ထဘီကလေးနဲ့မှ တင့်တယ်တယ် ထင်တာပဲ။ မဟုတ်ရင် တရုတ်မလား၊ ဂျပန်မလား၊ ဖိလစ်ပိုင်မလား၊ အင်ဒိုနီးရှားမလား၊ ထိုင်းကအမျိုးသမီးလား မခွဲခြားနိုင်တဲ့ ဘဝရောက်ပြီး တို့လူမျိုးရေး လက္ခဏာ၊ လူမျိုးရဲ့အသွင်အပြင် ပျောက် သွားလိမ့်မယ်ထင်တာပဲ။”
ထဘီအစား ဘောင်းဘီ ပြောင်းဝတ်လာသော သမီး မိန်းကလေးတို့အပေါ်တွင် အမေ၏ အမြင်ပင်။ အမေမာခမျာ မြင်ရတွေ့ရသည်တို့ကို အမြင်မတော်၍ ဆင်ခြင်ကြစေရန် ရည်သန် ပြောဆိုခြင်းပင်။
တစ်စတစ်စ ယိုယွင်းလာသော မြန်မာ့ လူ့အဖွဲ့အစည်း အဆောက်အအုံပေါ်တွင် အမေမာသည် ဖြစ်မှဖြစ်ရလေခြင်းဟု မချင့်မရဲ ဖြစ်နေရှာ၏။ အပျက်အနေအထားသို့ ရောက်တော့မည့် ဘဝက အပြုအနေအထားသို့ ပြန်ရောက်လာစေရန် စာနာစိတ်ဖြင့် ဖေးမ ပြောပြနားချခြင်းပင်။
ယခု ၂၀၁၅ က ရေတွက်လျှင် လွန်ခဲ့သော အနှစ် ၂၀ ကာလ။ သူ့ခေတ်မှာ အမေမာ မြင်ခဲ့ရသော ရောင်စုံမြင်ကွင်းများပင်။ “စီးကရက် ရောင်းရတဲ့ မိန်းကလေးက စီးကရက်ဘူးတွေ ဗန်းထဲထည့်ပြီး ရက်စတောရင့်ကြီးတွေ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်နေကြသူတွေ၊ ကာရာအိုကေ ကြည့်နေကြသူတွေကို စီးကရက် လိုက်တည်တာ ရောင်းတာတဲ့။ သောက်မယ့်သူကို မီးခြစ်ပြီး မီးညှိပေးတယ်။ ဘီယာရောင်းတဲ့ ကလေးမကလေးတွေကလည်း ဒီလိုပဲ။ ဘီယာဘူးဖွင့်ပေး၊ ငှဲ့တိုက်ပေါ့တဲ့။”
အတွေ့အမြင်ကို ပြုပြင်စေလို၍ စာဖြင့် ထားချန်ခဲ့သော အမေမာသည် သူရေးပြသည့် စကားလုံးတွေက မျက်စိထဲမှာ တရေးရေး တဖြည်းဖြည်း ပေါ်၍ပေါ်၍လာ၏။ သမီးမိန်းကလေးတွေ၏ ဘဝကို စာနာမိလာ၏။ကြင် နာမိလာ၏။ သနားမိလာ၏။
ပြီးတော့ ဒီအလုပ်ခွင်က ဘယ်အချိန် ပြန်ရတာလဲမေးတော့ ည ၁၁ နာရီမှာ တည်းခိုခန်း ပြန်ပို့ပေးသတဲ့။ ယင်းကဲ့သို့သော သမီးတို့၏ ပုံရိပ်သည် ဦးတည်ရာတို့ဆီသို့ အနားယူ ကုန်ဆုံးသွားကြပုံတို့သည် စင်စစ်ခေတ်၏ ဆိုးမွေများပင်။
အမေမာသည် အမေ့ရှေးစကားဖြင့် မြန်မာ့ လူ့အဆောက်အအုံနှင့် မြန်မာ့လူနေမှုကို ရှုထောင့်စုံက ခြယ်ရေးပြသ၏။ စေ့စေ့စပ်စပ်ဖြင့်ကြည့်၊ တွေးကြည့်ရသောအခါ ရင်နင့်ရသည်၊ ထိရှရသည်၊ ကရုဏာသက်ရသည်။ ခေတ်ကိုပြုပြင်စေလိုသော စေတနာပြယုဂ်ပင်။
အမေ့ရှေးစကားသည် မြန်မာ့လူနေမှုဘဝ၏ အခက်ထဲမှာ အခဲဖြစ်နေသည်တို့ကို ရှုထောင့်စုံ၊ ဘဝစုံ၊ နေရာစုံ၊ အမြင်စုံတို့ဖြင့် စုံလင်အောင် ခြယ်ရေးပြသထား၏။ ယင်းကြောင့် ပန်းချီဆရာကြီး ဦးဘရင်လေး၏ စုတ်ချက် ကြမ်းကြမ်းဖြင့် ရေးထားသော ပန်းချီကားကြီးသဖွယ် ကြက်သီးထလောက်အောင်ပင် သမီးသုံးယောက်တို့၏ဖခင် ကျွန်တော့်အဖို့ ကြောက်ပါးလိလိ တုန်လှုပ်မိရပါ၏။
နှစ်တစ်ရာ အမေမာကို ဤစာဖြင့် ဦးညွှတ် ကန်တော့ပါ၏။

Most Read

Most Recent