Global Witness ၏ ‘ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်’ အစီရင်ခံစာ၌ ဖော်ပြထားသော မျိုးနွယ်၊ မြတ်ယမုံ ကျောက်မျက် ကုမ္ပဏီတို့၏ ပိုင်ရှင် မဟုတ်ကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့် လုပ်ငန်း အုပ်စုများစွာနှင့် ဆက်နွှယ်မှု မရှိကြော

Global Witness ၏ ‘ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်’ အစီရင်ခံစာ၌ ဖော်ပြထားသော မျိုးနွယ်၊ မြတ်ယမုံ ကျောက်မျက် ကုမ္ပဏီတို့၏ ပိုင်ရှင် မဟုတ်ကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့် လုပ်ငန်း အုပ်စုများစွာနှင့် ဆက်နွှယ်မှု မရှိကြော
Published 27 November 2015
ဖြိုးဝေ

Global Witness ၏ ‘ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်’ အစီရင်ခံစာ၌ ဖော်ပြထားသော မျိုးနွယ်၊ မြတ်ယမုံ ကျောက်မျက် ကုမ္ပဏီတို့၏ ပိုင်ရှင် မဟုတ်ကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့် လုပ်ငန်း အုပ်စုများစွာနှင့် ဆက်နွှယ်မှု မရှိကြောင်း မွေး/ရေ ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း ရှင်းလင်းငြင်းဆို
တရုတ်သွင်းကုန် အချက်အလက်များအရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာ ကျောက်စိမ်း ကဏ္ဍမှ တရုတ်သို့ တင်ပို့ခဲ့သည့် ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က ‘ကျောက်စိမ်း- မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော်လျှို့ဝှက်ချက်’ အစီရင်ခံစာ ထုတ်ပြန်ကာ ပြောကြားခဲ့ပြီး အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည့် မြတ်ယမုံ၊ မျိုးနွယ် ကုမ္ပဏီများ၏ ပိုင်ရှင်မှာ မိမိမဟုတ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများနှင့် အကျိုးအမြတ် ပိုင်ဆိုင်မှုများမှာ လုံး၀ သက်ဆိုင်မှု မရှိကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှုးဟောင်း ဦးမောင်မောင်သိမ်းက နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
■ ဦးမောင်မောင်သိမ်းကို Global Witness အဖွဲ့က ဘာတွေမေးခဲ့လဲ
ဗြိတိန်အခြေစိုက်ွူ Global Witness အဖွဲ့က ‘ ကျောက်စိမ်း- မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်’ အစီရင်ခံစာ မရေးသားမီ ဇွန် ၃၀ ရက်တွင် ဦးမောင်မောင်သိမ်း၊ အထွေထွေ အတွင်းရေးမှုး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟူ၍ လိပ်မူကာ မျိုးနွယ်ကျောက်မျက် ကုမ္ပဏီလီမိတတ်၏ ဒါရိုက်တာဖြစ်သူ ဦးနေအောင်သည် ဦးမောင်မောင်သိမ်း၏ သားဖြစ်သည်။ မျိုးနွယ်ကုမ္ပဏီသည် မြတ်ယမုံ ကျောက်မျက် ကုမ္ပဏီလီမိတက်နှင့် တစ်အုပ်စုတည်း ဖြစ်သည်။ ဦးမောင်မောင်သိမ်းသည် မျိုးနွယ် ကျောက်မျက်၊ မြတ်ယမုံ ကျောက်မျက်၊ မြတ်ယမုံ ရောင်းဝယ်ရေးတို့၏ ပိုင်ရှင်တစ်ဦး ဖြစ်သည်။ မျိုးနွယ်ကျောက်မျက်၊ မြတ်ယမုံ ကျောက်မျက် ၊ မြတ်ယမုံ ရောင်းဝယ်ရေးတို့၏ တည်ဆောက်ပုံသည် ဦးမောင်မောင်သိမ်း၏ ပိုင်ဆိုင်မှုများကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဖုံးကွယ်ရန် လုပ်ဆောင်ထားသည်။ မျိုးနွယ် ကျောက်မျက်၊ မြတ်ယမုံ ကျောက်မျက်တို့သည် ဖားကန့် ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်း လိုင်စင်များကို ကိုင်ဆောင်ထားပြီး ဦးမောင်မောင်သိမ်းနှင့် ဆက်နွှယ်နေမှုကို အသုံးချ၍ လိုင်စင်များ ရယူထားသည်။ မျိုးနွယ်ကျောက်မျက်၊ မြတ်ယမုံကျောက်မျက် ကုမ္ပဏီတို့သည် ဖားကန့်ရှိ နိုင်ငံတော် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို အခကြေးငွေများ ပေးအပ်ကာ အကျင့်ပျက်ခြစားမှု ပုံစံဖြစ်နေသည်။ မျိုးနွယ်ကျောက်မျက်၊ မြတ်ယမုံကျောက်မျက်တို့သည် ကချင် လွတ်လပ်ရေး အဖွဲ့ထံ အခွန်များ ပေးဆောင်ခြင်း၊ တရုတ်သို့ ကုမ္ပဏီနှစ်ခုမှ ထွက်ရှိသည့် ကျောက်စိမ်း အနည်းဆုံး ရာခိုင်နှုန်း ၅၀ ခိုးထုတ်ခဲ့သည်။ ဦးမောင်မောင်သိမ်းနှင့် ဦးနေအောင်တို့သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအရ ညစ်ပတ်သော လှည့်စားမှုများတွင် ပါဝင်ရန်၊ ဂိုဏ်းဂဏ ဆန်သော အကြမ်းဖက်မှုများအား လှုံ့ဆော်ရန် ကျောက်စိမ်း လုပ်ငန်းများမှ ရရှိသော အမြတ်အစွန်းများကို အသုံးပြုနေကြသည် အစရှိသည့် မေးခွန်းများကို ဦးမောင်မောင်သိမ်းသို့ နှစ်ကြိမ်တိုင် ပေးပို့ မေးမြန်းခဲ့ပြီး ဇူလိုင် ၁၄ ရက် နောက်ဆုံးထား ဖြေဆိုပေးပါရန် တောင်းဆိုခဲ့သည်။ အဆိုပါ နှစ်ကြိမ်စလုံးတွင် လက်မှတ်ရေးထိုး မထားခြင်း၊ ခြိမ်းခြောက်သည့် သဘောသက် ရောက်နေခြင်း၊ ပစ်စာဆန်နေခြင်း စသည့် အချက်များကြောင့် ပြန်လည်တုံ့ပြန် ဖြေရှင်းမှု မပြုခဲ့ကြောင်း ဦးမောင်မောင်သိမ်းက ပြောကြားသည်။
‘‘ဦးနေအောင်က ကျွန်တော့်ရဲ့သားဆိုတာ မှန်ပါတယ်။ ကျွန်တော့်သားက မြတ်ယမုံ ကျောက်မျက် ကုမ္ပဏီပိုင်ရှင်ရဲ့တူ ဦးခင်မောင်မြင့်နဲ့ တက္ကသိုလ် အတူတက် ဘူမိဗေဒဘွဲ့ အတူတူရပြီး သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ မြတ်ယမုံမှာ ဝင်လုပ်နေပြီး ငွေကြေးအရင်းအနှီး မပါဘဲ သူ့သူငယ်ချင်းရဲ့ အစီအစဉ်နဲ့ ဒါရိုက်တာ ဖြစ်လာခဲ့တာပါ။ ကျွန်တော့် သားကလည်း ဝန်ထမ်းသာ ဖြစ်သလို ဒီလုပ်ငန်းတွေရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို ကျွန်တော် ဘာမှမသိပါဘူး။ အကျိုးအမြတ် ခံစားခွင့်တွေကလည်း ကျွန်တော်နဲ့ လုံးဝလုံး၀ မပတ်သက်ပါဘူး။ မလျော်သြဇာသုံးပြီး အခွင့်အရေးရဖို့ ဆောင်ရွက်ပေးခဲ့တာလည်း မရှိပါဘူး။
ဦးမောင်မောင်သိမ်းနှင့် ဦးနေအောင်တို့သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအရ ညစ်ပတ်သော လှည့်စားမှုများတွင် ပါဝင်ရန်၊ ဂိုဏ်းဂဏဆန်သော အကြမ်းဖက်မှုများအား လှုံ့ဆော်ရန် ကျောက်စိမ်း လုပ်ငန်းများမှ ရရှိသော အမြတ်အစွန်းများကို အသုံးပြုနေကြသည် ဆိုတာကတော့ ကျွန်တော့်အပေါ်မှာ အပြင်းထန်ဆုံးသော စွပ်စွဲချက်ပါ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ အေးချမ်းစွာနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ Global Witness အဖွဲ့အနေနဲ့ နိုင်ငံတော် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အခကြေးငွေပေးတာ၊ ကေအိုင်အိုကို အခွန်ပေးတာတွေက ကျွန်တော်နဲ့ မသက်ဆိုင်သလို ဒီကိစ္စတွေကို Global Witness အနေနဲ့ အတိအကျ ဖော်ထုတ်ပေးပြီး သက်ဆိုင်ရာကို အကြောင်းကြား ပေးစေချင်ပါတယ်’’ ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။
ထို့ပြင် Global Witness အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များအတွက် လေးစားပါကြောင်းနှင့် အခြေအမြစ် မရှိသော ဖော်ထုတ်ခြင်းများအတွက် စိတ်ပျက်စရာ အလွန်ကောင်းကြောင်းနှင့် ယခုထက် ပိုမိုတိကျစွာ ဖော်ထုတ်သင့်ပါကြောင်း ဦးမောင်မောင်သိမ်းက အကြံပြုခဲ့ပြီး အချို့ကုမ္ပဏီကြီးများကို ချန်လှပ်ခဲ့သည့်အတွက် Global Witness အဖွဲ့၏ မှန်ကန်မှုနှင့် ဂုဏ်သိက္ခာကို သံသယ ဖြစ်မိကြောင်း ဦးမောင်မောင်သိမ်းက ပြောကြားသည်။
■Global Witness အဖွဲ့က ကျောက်စိမ်းကနေ ဘယ်သူတွေ အကျိုးအမြတ် ရနေတယ်
Global Witness အစီရင်ခံစာတွင် ဖော်ပြထားချက်အရ မြန်မာကျောက်စိမ်း ကဏ္ဍမှ တစ်ဆင့် အမြတ်ထုတ်ခဲ့သူများထဲတွင် ဦးသန်းရွှေ မိသားစုတွင် ပါဝင်သူများအပြင် အာဏာရပါတီမှ အဆင့်မြင့် ပုဂ္ဂိုလ် လေးဦးကိုလည်း တစ်ဦးချင်း ဖော်ပြခဲ့သည်။
ထိုပုဂ္ဂိုလ်လေးဦးမှာ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိမ်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ဗိုလ်မှူးချုပ်ဟောင်း ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဟောင်းနှင့် ကာကွယ်ရေး ပစ္စည်းဌာန၏ ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ဦးဝင်းသန်းတို့ ဖြစ်ကြောင်း Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။
တပ်မတော်သည် ၎င်း၏ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့မှ တစ်ဆင့် ကျောက်စိမ်းကဏ္ဍတွင် တရားဝင် လုပ်ပိုင်ခွင့် ချုပ်ကိုင်ထားသည်ဟု Global Witness အစီရင်ခံစာ အနှစ်ချုပ်၌ ဖော်ပြခဲ့သည်။
‘‘Global Witness ၏ ၂၀၁၄ ကျောက်မျက်ပြပွဲအပေါ် လေ့လာဆန်းစစ်ချက်အရ ၎င်းကုမ္ပဏီများသည် အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းကို ရောင်းချခဲ့ပြီး ပျှမ်းမျှ တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၁၃၀၀၀ ကျော် ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်ဟု သိရသည်။ ၎င်းတို့အနက် စစ်တပ်ပိုင် ကုမ္ပဏီများ၏ တရားဝင်ပြပွဲများမှ ရောင်းချရမှု ပမာဏမှာ ၂၀၁၄ တွင် ဒေါ်လာသန်း ၁၈၀ နှင့် ၂၀၁၃ တွင် ဒေါ်လာသန်း ၁၀၀ ရရှိခဲ့သည်။ ထိုကုမ္ပဏီများကို ကာကွယ်ရေးဦးစီးချုပ်အတွက် ပြင်ပဘတ်ဂျက် ရန်ပုံငွေအဖြစ်  မှတ်ယူထားကြသည်’’ဟု Global Witness က ဆို ပါသည်။
ကျောက်စိမ်းလုပ်ငန်းတွင် ခရိုနီကုမ္ပဏီများ ပါဝင်ပတ်သက်မှုကို ၎င်းတို့၏ အစီရင်ခံစာ အပြည့်အစုံ၌ Global Witnessက ပြောကြားသည်။
အစီရင်ခံစာ အနှစ်ချုပ်တွင်မူ ‘‘ဦးသန်းရွှေ စစ်အစိုးရလက်ထက်တွင် ပေါ်ပေါက် ကြွယ်၀ လာခဲ့ကြသော ကုမ္ပဏီကြီးများဖြစ်ပြီး အဓိက အခရာကျလှသည်။ အထင်ရှားဆုံးမှာ ကိုးကန့် မူးယစ်ရာဇာ လော်စစ်ဟန် တည်ထောင်သည့် အေးရှားဝေါလ် လုပ်ငန်းစုနှင့် နံပါတ်တစ် ခရိုနီ ဦးတေဇ၏ ထူးလုပ်ငန်းစုတို့ ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးစလုံးသည် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု ခံထားရသူများ ဖြစ်ပါသည်’’ဟု Global Witness က ဆိုပါသည်။
ထို့နောက် ‘‘ပိုမိုထင်ရှားသော်လည်း လူသိ နည်းနေသည်ကား ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်း ၁၂ ခု ပါဝင်ပုံရသည့် Ever Winner လုပ်ငန်းစု ဖြစ်သည်။ Ever Winner ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်တွင်  တရားဝင် ကျောက်မျက်ပြပွဲ၌ ရောင်းချရမှု  ဒေါ်လာသန်း ၁၉၀ ဝန်းကျင်နှင့်၂၀၁၃ တွင် ဒေါ်လာသန်း ၁၂၀ကျော် ရရှိခဲ့သည်။ ၎င်းကုမ္ပဏီများ၏ ပိုင်ရှင်များသည် မြန်မာ့အကြီးဆုံး ဘဏ်နှင့် KBZ လုပ်ငန်းစု ခေါင်းဆောင် ဦးအောင်ကိုဝင်းနှင့် Skynet ဂြိုဟ်တုစလောင်း တီဗွီလုပ်ငန်းမှ မီဒီယာ လုပ်ငန်းရှင် ဦးကျော်ဝင်းတို့ အပါအဝင် နိုင်ငံရေးအရ သြဇာရှိသည့် လုပ်ငန်းရှင် သူဌေးကြီးများနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်ဟု Global Witness သုတေသနတွင် ဖော်ပြခဲ့သည်’’ဟု အစီရင်ခံစာ အနှစ်ချုပ်၌ ရေးသားခဲ့ပါသည်။
ကျောက်စိမ်း ထွက်ရှိမှုမှ အမြတ်ထုတ်ခဲ့သူများအနက် မူးယစ်ရာဇာများ ပါဝင်နေမှုကို ဖော်ပြရာ၌ အမေရိကန်အစိုးရက ဒေါ်လာ နှစ်သန်း ဆုကြေး ထုတ်ထားသော မူးရစ်ရာဇာ ဝေဆူးကျန် (ဝေရှောက်ခမ်) ကို အဓိကထား ဖော်ပြခဲ့သည်။
ဝေဆူးကျန်ကို ဖော်ပြရာ၌ ၎င်းသည် ‘ဝ’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA/P) ကို ဘဏ္ဍာရေး ထောက်ပံ့နေသူဖြစ်ပြီး  မြန်မာ့ကျောက်စိမ်း လုပ်ငန်း၌ လွှမ်းမိုးထားသည့် ကုမ္ပဏီ လုပ်ငန်းစု တစ်ခုအား ထိန်းချုပ်ထားသူ ဖြစ်သည်ကို ခိုင်လုံသော အထောက်အထားများ ရှိသည်ဟု Global Witness အစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြခဲ့ပါသည်။
‘‘ဝေဆူးကျန် ဦးစီးသော ကုမ္ပဏီများနှင့် အခြား UWSA/P အဆက်အနွှယ် ပုဂ္ဂိုလ်များသည် ၁၉၉၀ ခုနှစ်များကတည်းက ကျောက်စိမ်းလုပ်ငန်းတွင် နာမည်ကြီး လုပ်ငန်းရှင်များ ဖြစ်ကြပါသည်။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကြောင့် ၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းတွင် အခြေအနေ အပြောင်းအလဲ တချို့ဖြစ်စေခဲ့သော်လည်း ယခုအချိန်တွင် ဝေဆူးကျန်၏ ကျောက်စိမ်းလုပ်ငန်းအတွက် လျှို့ဝှက် လုပ်ဆောင်ပေးနေသော ကုမ္ပဏီငါးခု ရှိကြောင်း ကျွနု်ပ်တို့ ယုံကြည်ထားပြီး UWSA/P ၏ စုံစမ်းမှုများအရ အတည်ပြုနိုင်ခဲ့သည်။ ၎င်းကုမ္ပဏီများက ၂၀၁၃ နှင့် ၂၀၁၄ ခုနစ် အစိုးရ ကျောက်မျက်ရတနာ အရောင်း ပြပွဲများတွင် အခွန်မဆောင်မီ တန်ဖိုး ဒေါ်လာသန်း ၁၀၀ ရောင်းချခဲ့ကြောင်း မှတ်တမ်း ရှိခဲ့ပါသည်’’ဟု Global Witness ၏ အစီရင်ခံစာ အနှစ်ချုပ်၌ ရေးသားခဲ့သည်။
ထိုသို့ Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည့် ဦးသန်းရွှေ မိသားစု၊ ခရိုနီကုမ္ပဏီများ၊ မူးယစ်ရာဇာများ စသည့် လုပ်ငန်းအုပ်စုများက Global Witness အစီရင်ခံစာကို တုန့်ပြန်မှု မရှိဘဲ ဦးမောင်မောင်သိမ်းက ပထမဦးဆုံးအနေနှင့် သတင်းစာ ရှင်းလင်းမှုအပေါ် သတင်းမီဒီယာများက မေးမြန်းရာ ဦးမောင်မောင်သိမ်းက မိမိသည် အဆိုပါ လုပ်ငန်းအုပ်စုများနှင့် ပတ်သက်မှု မရှိကြောင်းနှင့် ယင်း၏ အကြောင်းကိုသာ မေးမြန်းပါရန် တုံ့ပြန်ပြောကြားသည်။
■ဦးမောင်မောင်သိမ်းက ဘာတွေပိုင်သလဲ
မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းသည် လက်ရှိအချိန်တွင် မည်သည့် ပိုင်ဆိုင်မှုမျှမရှိဘဲ တိုက်ကြီးတွင် စိုက်ပျိုးရေး ခြံတစ်ခြံနှင့် ငါးကန် တစ်ကန်ရှိကြောင်း အဆိုပါ ငါးကန်ကိုပင် သားဖြစ်သူ ဦးမင်းသိမ်း၏ အကြွေးများအတွက် ကူညီဆပ်ပေးရန် ရောင်းချရေး လုပ်ဆောင်နေကြောင်း ဦးမောင်မောင်သိမ်းက ပြောကြားသည်။
ဦးမောင်မောင်သိမ်းက ထိုသို့ ငါးကန်ကိုပင် သားဖြစ်သူ၏ အကြွေးအတွက် ရောင်းချရန် လုပ်ဆောင်နေကြောင်း ပြောကြားချက်အပေါ် ဦးမောင်မောင်သိမ်း၏ သားဖြစ်သူ ဦးမင်းသိမ်းက မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ ပေးဆပ်ရမည့် အကြွေး ပမာဏမှာ အကြွေးပေါင်း ကျပ်သန်း ၂၆၀၀၀ ကျော်၏ ရာခိုင်နှုန်း ၅၀ ခန့် ရှိနေကြောင်းနှင့် အဆိုပါ ဖြစ်ရပ်မှာလည်း ဦးမောင်မောင်သိမ်း ဝန်ကြီးဖြစ်စဉ်က ချေးပေးခဲ့မှု ဖြစ်သဖြင့် ထိုသို့ လုပ်ဆောင်ရန် သင့်မသင့်နှင့် အဆိုပါ ဦးမင်းသိမ်း၏  အကြွေး ပမာဏအတွက် ချေးငွေ ကူညီဆပ်ပေးရန် ဦးမောင်မောင်သိမ်းက ရောင်းချမည်ဆိုသည့် ငါးကန်မှာ ဧကပေါင်း မည်မျှ ရှိပါသနည်းဟု မော်ဒန်/ကုမုဒြာ ဂျာနယ်မှ မေးမြန်းရာ ဦးမောင်မောင်သိမ်းက ‘ သမီးက ဝယ်မှာလား မဝယ်ရင် မပြောပါရစေနဲ့’’ ဟု တုံ့ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မျိုးနွယ်နှင့် မြတ်ယမုံ ကျောက်မျက် ကုမ္ပဏီတို့၏ ဒါရိုက်တာနှင့် ဦးမောင်မောင်သိမ်း၏ သားဖြစ်သူ ဦးနေအောင်ကို The Daily Eleven က ဆက်သွယ်မေးမြန်းရာ ဦးနေအောင်က ‘‘ ကျွန်တော် အဖေက သူနဲ့ လုံးဝကို မဆိုင်တဲ့အတွက်ကြောင့် တအားကို သူ့ရဲ့ သိက္ခာပိုင်းအတွက် ထိခိုက်သလို တအားကိုလည်း ခံစားရတယ်။ ကျွန်တော်တို့လဲ ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မဖြေရှင်းတော့ဘူးလို့။ ဘာဖြစ်လို့လည်း ဆိုတော့ Global Witness က သူတို့ယူထားတဲ့ အချက်အလက်တွေက ခိုင်လုံတဲ့နေရာက ယူထားတာမဟုတ်သလို အခြေအမြစ်မရှိဘဲ ရေးထားတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကနေ ငြိမ်နေလို့ရှိရင် မှန်တယ်လို့ ထင်နေပါလိမ့်မယ်။ အဖေ့အနေနဲ့ ဖြေရှင်းသင့်တယ်လို့ အကြံပေးလို့ ဖြစ်ပါမယ်။ ကျွန်တော်က ဘူမိဗေဒနဲ့ ကျောင်းပြီးခဲ့လို့ ဒီကုမ္ပဏီမှာ ဝင်လုပ် နေတာပါ။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့တော့ ဒီ Global Witnessရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ပြန်လည် ဖြေရှင်းဖို့ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ကတော့ ဝန်ထမ်း သာသာပဲဆိုတော့ လူကြီးပိုင်းတွေရဲ့ သဘောတော့ မသိသေးပါဘူး။ ကုမ္ပဏီ အနေနဲ့တော့ ဖြေရှင်းဖို့ ရှိတယ်လို့ မကြားသေးပါဘူး။ ကုမ္ပဏီအနေနဲ့ ဖြေရှင်းခဲ့မယ် ဆိုရင်တောင် ကုမ္ပဏီအနေနဲ့ ဖြေရှင်းဖို့ မရှိဘဲ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းအနေနဲ့ပဲ ဖြေရှင်းပါလိမ့်မယ်’’ ဟု ဦးနေအောင်က ပြောကြားသည်။

Most Read

Most Recent