မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကလေးငယ် ၁၀ ဦးလျှင် တစ်ဦးနှုန်းမှာ လမစေ့မီ မွေးဖွားနေပြီး မြန်မာနိုင်ငံတွင် မွေးကင်းစကလေး သေဆုံးမှုများ၏ ၃၆ ရာခိုင်နှုန်းမှာ လမစေ့မီ မွေးဖွားခြင်းကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။မြန်မာ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လမစေ့မီ မွေးဖွားသည့် ကလေးငယ်ပေါင်း ၁၅ သန်းခန့် ရှိနေပြီး ယင်းကဲ့သို့ မွေးဖွားမှုကြောင့် ကလေးငယ် တစ်သန်းခန့်မှာ နှစ်စဉ် အသက်ဆုံးရှုံးနေရကြောင်း၊ ယင်းဖြစ်စဉ်များသည် ငါးနှစ်အောက် ကလေး သေဆုံးမှုနှုန်း များပြားခြင်းကို ဦးတည်စေကြောင်းနှင့် ယင်းကဲ့သို့ မွေးဖွားခဲ့ရသည့် ကလေးငယ်များ အနေဖြင့် သင့်လျော် ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခြင်း မရှိခဲ့ပါက ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်မသန်စွမ်း အဖြစ်သို့ ရောက်ရှိသွားနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ရတတ်ကြောင်း သိရသည်။၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် အရှင်မွေး ကလေးငယ် ၁၀၀၀ တွင် အသက်တစ်နှစ်အောက် ကလေး ၆၂ ဦးနှုန်းနှင့် ငါးနှစ်အောက် ကလေး ၇၂ ဦးနှုန်း သေဆုံးနေရကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ငါးနှစ်အောက် ကလေးငယ်များမှာ နေ့စဉ် ၁၅၀ ကျော်ခန့် သေဆုံးနေရကြောင်းနှင့် ငါးနှစ်အောက် ကလေး သေဆုံးမှုများ၏ ထက်ဝက်ခန့်မှာ အာဟာရ ချို့တဲ့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးသည့် ကလေးငယ် အများစုမှာ မွေးပြီးစ ပထမလ အတွင်း သေဆုံးသည်ကို တွေ့ရှိရကြောင်း၊ အာဟာရ ချို့တဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် မွေးကင်းစ ကလေး ၈၀၀၀၀၀ အပါအဝင် ကလေးငယ်ပေါင်း သုံးသန်းကျော်မှာ သေဆုံးနေရကြောင်းလည်း သိရသည်။မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ကျန်းမာရေး အသုံးစရိတ်မှာ နည်းပါးစွာ ရရှိခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများနှင့် ကျန်းမာရေးလုပ်သား မလုံလောက်မှုများစွာ ရှိနေခဲ့ကြောင်း၊ ယင်းကဲ့သို့ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ နည်းပါးမှုများတွင် အသိသာဆုံးသော အချက်မှာ သန့်ရှင်းသည့် ရေရရှိမှု မရှိခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု စနစ်အားနည်းခြင်းတို့ ဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်းစ ကလေးများကိုလည်း အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုစနစ် အားနည်းခြင်းကြောင့် သေဆုံးမှုနှုန်းမှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မွေးကင်းစကလေး သေဆုံးမှုများ၏ ၃၆ ရာခိုင်နှုန်းမှာ လမစေ့မီ မွေးဖွားမှုကြောင့်ဟုဆို















