ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူ တပ်ပြေးတစ်ဦးအား စစ်ခုံရုံးမှ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီးနောက် အရပ်ဘက်တရားရုံးတွင် မုဒိန်းမှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် ရက်ပိုင်းအတွင်း တရား စွဲဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။စစ်တွေမြို့ နာဇီရွာရပ်ကွက် မီးလောင်စုအကွက်တွင် နေထိုင်သူ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်က တပ်ထွက်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင် မောင်က“ကျူးလွန်တဲ့သူက တပ်ပြေးပုံစံဖြစ်တဲ့အတွက် စစ်ခုံရုံးက နိုဝင်ဘာ ၁၉ ရက်က ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်။ ကျွန်တော်တို့ဆီကိုလည်း အရပ်ဘက်က တရားစွဲတင်နိုင်ကြောင်း စာဝင်ပါတယ်။ ဒါကြောင့် တရားစွဲတင်နိုင်ရေးအတွက် ရဲလုပ်ငန်း ဆောင်ရွက်နေတာ ပြီးသလောက်ဖြစ်နေပါပြီ။ သက်သေခံ ပစ္စည်းရော၊ တရားခံရော အထောက်အထား အခိုင်အလုံရှိတဲ့အတွက် ရမန်နှစ်ပတ် အတွင်းမှာ တရားစွဲတင်နိုင်ပါမယ်။ စအိုကို ပြုကျင့်တယ်ဆိုတဲ့အတွက် ကာမရာဂကို သူ့ရဲ့ ဓမ္မတာအတိုင်းမဟုတ်ဘဲ ရယူလိုတဲ့ဆန္ဒနဲ့ ပြုကျင်တယ်ဆိုတဲ့ ပုဒ်မ ၃၇၇ နဲ့ မုဒိန်းမှု ပုဒ်မ ၃၇၆ နဲ့ပါ ပုဒ်မ နှစ်ခုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသူမှာ တပ်ထွက် ကျော်ကျော်ဦး ဆိုသူဖြစ်ကြောင်း၊ ကျော်ကျော်ဦးမှာ (တ/၃၈၆၀၁၉) ဖြစ်ပြီး ခမရ (၃၇၈) မြောက်ဦးတပ်မှ ၂၀၁၂ ခုနှစ်ကတည်းက တပ်ပြေးဖြစ်နေပြီး လက်ရှိစစ်တွေမြို့ စက် ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်မှာ နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။တရားခံကို အခင်းဖြစ်ပြီး ချက်ချင်းဖမ်း ဆီးနိုင်ခဲ့ပြီး ရဲစခန်းတွင် ပ-၂၃၄၊ ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ဥပဒေနှင့်အညီ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဆိုသော သတင်းကြောင့် အခင်းဖြစ်သော နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက စစ်တွေ မြို့မရဲစခန်းရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။ ယင်းမတိုင်မီကလည်း စစ်တွေ ဓညဝတီရပ်ကွက်မှ ရှစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား တပ်မတော်သားတစ်ဦးမှ ဗလက္ကာရ ပြုကျင့်ခံခဲ့ရပြီး နောက်ပိုင်းတွင် ရန်ကုန် ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသရင်း မိန်းကလေးငယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ရခိုင်ပြည်နယ်ထဲတွင် မကြာခဏဆိုသလို ရခိုင်အမျိုးသမီးငယ်များ မတရားပြုကျင့်ခံနေရပြီး မတရားပြုကျင့်ခံရမှုထဲတွင် သက်ငယ်အမျိုးသမီးများ ပါဝင်နေ၍ ရခိုင်အမျိုးသမီးအနေဖြင့် ဆိုးရွားသောအန္တရာယ်နှင့် ကြုံတွေ့နေရသော အနေအထားသို့ရောက်ရှိ နေကြောင်းနှင့် အသက်ငါးနှစ်အရွယ် ရခိုင်အမျိုးသမီးငယ်တစ်ဦး မတရားပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်င်မှု ရှိလာစေရန်အတွက် အစိုးရဘက်က အလေးထား စဉ်းစားလာစေရန်နှင့် တစ်ဖက်မှာလည်း စနစ်တကျနှင့် အမှန်တရားကို ထုတ်ဖော်နိုင်စေရန် ပြည်သူလူထုဘက်ကလည်း ဝိုင်းဝန်းပံ့ပိုးမှု ရှိလာစေရန် မတရားပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီး အစည်းအရုံး RWU နှင့် ရခိုင်အမျိုးသမီးကွန်ရက် RWN တို့က နိုဝင်ဘာလ ၁၇ ရက်က ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ငါးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူ တပ်ပြေးတစ်ဦးအား စစ်ခုံရုံးမှ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး အရပ်ဘက်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် ဆက်လက်တရားစွဲဆိုမည်















