နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဟောင်ကောင် သို့ ထွက်ခွာသွားသည့် Dragon Air လေကြောင်းလိုင်း၏ လေယာဉ်မှာ ငှက်နှင့် တိုက်မိခြင်းကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း Aviation Police-YGN ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဟောင်ကောင်လေဆိပ်သို့ ထွက်ခွာသွားသော Dragon Air လေကြောင်းလိုင်း၏ လေယာဉ်အမျိုးအစား A 321 ခရီးစဉ် အမှတ် KA 251 လေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာပြီး ၁၅ မိနစ်ခန့် အကြာတွင် ငှက်နှင့်တိုက်မိပြီး လေယာဉ်၏ အရှေ့ညာဘက်မှန် ကွဲအက်သွားသဖြင့် ရန်ကုန် လေဆိပ်သို့ ၀၁ နာရီ မိနစ် ၄၀ အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့ပြီး ခရီးစဉ်အား ဖျက်သိမ်းခဲ့ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Dragon Air လေကြောင်းလိုင်း ရန်ကုန်ရုံးခွဲသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိအမျိုးသမီးတစ်ဦး မှ ခရီးသည်များကို Inform လုပ်ပေးပြီးဖြစ်ကြောင်း၊ မီဒီယာများကို ဖြေကြားခြင်းမပြုနိုင်ကြောင်း၊ ဟောင်ကောင်ရုံးချုပ်မှသာ မီဒီယာများသို့ ဖြေကြားခြင်း ပြုလုပ်နိုင်ကြောင်း ပြောဆိုခဲ့သည်။မြန်မာနိုင်ငံ၏ လေယာဉ်မတော်တဆမှုဖြစ်စဉ် သမိုင်းတွင် ရှားပါးသည့်ဖြစ်စဉ်ဟု ခေါ်ဆိုရမည့် ဝေဟင်တွင်ပျံသန်းနေသော လေယာဉ်နှင့် ကောင်းကင်တွင် ပျံသန်းနေသော ငှက်တို့ဝင်တိုက်မိသည့် ဖြစ်စဉ်များသည် ၂၀၁၄ ခုနှစ်၏ နှစ်ကုန်ပိုင်းဒီဇင်ဘာလမှ စတင်ကာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ Airbus A 319 လေယာဉ်တစ်စင်းသည် စင်ကာပူမှ ရန်ကုန်သို့ ပျံသန်းလာစဉ် ရန်ကုန်လေဆိပ်သို့ ဆင်းသက်ရန် ၁၀ မိနစ် ခန့်အလို အမြင့်ပေ ၄၀၀၀၌ ပျံသန်းနေစဉ် ငှက်တစ်ကောင်ဖြင့် ဝင်တိုက်မိခဲ့ပြီး လေယာဉ်ထိပ်ဖူးပိုင်း အနည်းငယ် ထိခိုက်မိခဲ့သည်။ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက်၄ ရက်ခန့် အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် Air KBZ လေကြောင်းလိုင်းမှ ရန်ကုန်-ဟဲဟိုး-ကျိုင်း တုံ-မန္တလေးခရီးစဉ် ပျံသန်းသည့် XY-AJT အမျိုးအစား လေယာဉ်တစ်စင်းသည် ပဲခူးမြို့ သို့အဝင် အမြင့်ပေ ၃၀၀၀ ခန့်တွင် လေယာဉ်၏ ရှေ့ဝဲဘက်လေကာမှန်နှင့် ငှက်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မှ နေပြည်တော်သို့ ပျံသန်းလာသည့် Golden Myanmar လေကြောင်းလိုင်းမှ Air Bus A-320 လေယာဉ်တစ်စင်းသည် နေပြည်တော်လေဆိပ်သို့ ဆင်းသက်စဉ် ငှက်တစ်ကောင်ဖြင့် ဝင်တိုက်မိခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်မှ ဟောင်ကောင်သို့ ထွက်ခွာသွားသော Dragon Air လေကြောင်းလိုင်း၏ လေယာဉ်ငှက်နှင့် တိုက်မိခြင်းကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရ















