၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများအတွက် ဝင်ခွင့်ပြုတက္ကသိုလ်များ စိစစ်နေဆဲဖြစ်ပြီး ယခင်နှစ်ရမှတ်များနှင့် ကွာဟချက်မြင့်မားမည်မဟုတ်ဟု ဆို

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများအတွက် ဝင်ခွင့်ပြုတက္ကသိုလ်များ စိစစ်နေဆဲဖြစ်ပြီး ယခင်နှစ်ရမှတ်များနှင့် ကွာဟချက်မြင့်မားမည်မဟုတ်ဟု ဆို
Published 25 November 2015

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး သူများအတွက် ဝင်ခွင့်ပြု တက္ကသိုလ်များ စိစစ်နေဆဲဖြစ်ပြီး တက္ကသိုလ်များမှ ဝင်ခွင့်ပြုသည့် ဝင်ခွင့်ပြုရမှတ်များမှာ ယခင်နှစ်ကထက် ကွာဟချက် မြင့်မားမည်မဟုတ်ကြောင်း သိရသည်။
 
ဝင်ခွင့်ပြုတက္ကသိုလ်များနှင့် ပတ်သက်သည့် အကြောင်းကြားစာများကို ဒီဇင်ဘာ ပထမပတ်မတိုင်မီ ကျောင်းသား ကျောင်းသူများဆီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
 
“ဝင်ခွင့်ရရှိတဲ့ တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းကြားစာတွေကို ဒီဇင်ဘာ ပထမပတ်မှာ ကျောင်းသားကျောင်းသူတွေဆီကို အရောက်ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ပထမပတ်မှာက အတန်းဟောင်းတွေ ပြန်ဖွင့်မှာပါ။ ဒုတိယပတ်မှာမှ ပထမနှစ်သင်တန်းတွေ ဖွင့်မှာဖြစ်ပါတယ်။   ပထမပတ်မတိုင်မီမှာပဲ ဝင်ခွင့်ရတဲ့ တက္ကသိုလ်တွေကို ကြေညာပေးသွားမှာပါ။ အိမ်တိုင်ရာရောက် အကြောင်းကြားစာတွေကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အချို့က ကိုယ့်အမှတ်နဲ့ ချိန်ဆပြီး ကျောင်းတွေမှာ သွားကြည့်လို့လည်း ရပါတယ်။ ကျောင်းတွေမှာလည်း ဝင်ခွင့်ရသူစာရင်းတွေကို ကြေညာပါတယ်။ ကျောင်းတွေမှာလည်း ကြေညာချက်အနေနဲ့ ကပ်မှာဖြစ်သလို အိမ်တွေကိုလည်း အကြောင်းကြားစာပို့ပါမယ်”ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန(နေပြည်တော်)မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုသည်။
 
၂၀၁၅-၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ဝင်ခွင့်ပြုမည့် ဝင်ခွင့်ပြုရမှတ်များမှာ ယခုအချိန်၌ တည်ငြိမ်မှုမရှိသေးသော်လည်း တက္ကသိုလ်အသီးသီး၏ အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ်နှင့် အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ်များမှာ ယခင်နှစ်ကထက် များစွာကွာခြားချက်ရှိမည် မဟုတ်ကြောင်း သိရသည်။
 
“တက္ကသိုလ်အသီးသီးရဲ့ အနိမ်ဆုံးနဲ့ အမြင့်ဆုံးဝင်ခွင့်ပြုရမှတ်တွေက အခုအချိန်မှာတော့ အတိအကျပြောလို့ မရသေးပါဘူး။အမှတ်တွေက မငြိမ်သေးပါဘူး။ အရင်နှစ်က အမှတ်တွေအတိုင်းလောက်ပါပဲ။ သိပ်ကွာမှာ မဟုတ်ပါဘူး။ အလွန်ဆုံးကွာ လေးငါးမှတ်လောက်ပါပဲ”ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (နေပြည်တော်)မှ အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။
 
တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများထံသို့ ပေးပို့သည့် ဝင်ခွင့်ပြုတက္ကသိုလ်များနှင့် ပတ်သက်သည့် အကြောင်းကြားစာပေးပို့မှုမှာ ယခင်နှစ်ကထက် အနည်းငယ်နောက်ကျနေခြင်းကြောင့် အဆင့်မြင့်ပညာဦးစီးဌာနရုံးများသို့ ကျောင်းသားကျောင်းသူများ လာရောက်စုံစမ်းမှု များပြားခဲ့သည်။
 
အဆင့်မြင့်ပညာကဏ္ဍ ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်အတန်းဟောင်းများကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး သူများအတွက် ပထမနှစ်သင်တန်းများကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာဒုတိယပတ်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။           အေးပပ

Most Read

Most Recent