အမျိုးသားပညာရေးဥပဒေကို စတင်သပိတ်မှောက်သည့် ကာလ၌ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဗိုလ်အောင်ကျော်အုတ်ဂူ နေရာသို့ အလေးပြုခြင်းကိစ္စနှင့် ပတ်သက်၍ တစ်နှစ်ကျော်အကြာမှ ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင် အပါအဝင် လေးဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ

အမျိုးသားပညာရေးဥပဒေကို စတင်သပိတ်မှောက်သည့် ကာလ၌ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဗိုလ်အောင်ကျော်အုတ်ဂူ နေရာသို့ အလေးပြုခြင်းကိစ္စနှင့် ပတ်သက်၍ တစ်နှစ်ကျော်အကြာမှ ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင် အပါအဝင် လေးဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ
Published 25 November 2015
အောင်ကျော်ထက်၊ တိုးဝေဖြိုး

အမျိုးသားပညာရေးဥပဒေကို စတင်သပိတ်မှောက်သည့် ကာလ၌ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဗိုလ်အောင်ကျော်အုတ်ဂူ နေရာသို့ အလေးပြုခြင်းကိစ္စနှင့် ပတ်သက်၍ တစ်နှစ်ကျော်အကြာမှ ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင် အပါအဝင် လေးဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ ဖြင့် ထပ်မံတရားစွဲဆို
 
 
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့၌ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရင်း ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဗိုလ်အောင်ကျော် အုတ်ဂူနေရာသို့ သွားရောက်အလေးပြုခြင်းနှင့် ပတ်သက်ပြီး တစ်နှစ်ကျော်အကြာမှ ဗကသ ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင် အပါအဝင် လေးဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ဖြင့် ထပ်မံတရားစွဲကြောင်း သိရသည်။
 
အမျိုးသားပညာရေး ဥပဒေကို ရန်ကုန်မြို့၌ လေးရက်ကြာ စတင်သပိတ်မှောက် ဆန္ဒပြခဲ့ကြပြီး ဒုတိယမြောက်နေ့တွင် သမိုင်းလမ်းဆုံမှ စတင်ကာ ရန်ကုန်တက္ကသိုလ်အထိ ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြရာတွင် ရန်ကုန်တက္ကသိုလ်ရှေ့အရောက်၌ ကျောင်းအတွင်း ဝင်ရောက်ခွင့်မပြုမှုကြောင့် ကျောင်းသားများက ကျောင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်ခြင်းမရှိသည့်အတွက် ကျောင်းတံခါးကို ကျော်တက်၍ ကျောင်းအတွင်း ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။
 
ယင်းဖြစ်စဉ် ပတ်သက်ပြီး ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်သည့် ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်တို့ကို ရန်ကုန်တက္ကသိုလ်ရုံး စီမံရေးရာအဖွဲ့က တစ်နှစ်ကျော်အကြာမှ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ကြောင်း သိရသည်။
 
ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က “လေးရက် သပိတ်တုန်းက တက္ကသိုလ်ကျော်နင်းမှုဆိုပြီး ကျွန်မရဲ့ ၁၄ မှု မြောက်ပုဒ်မနဲ့ တရားစွဲဆိုထားတာရှိတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာ ကျောင်းသားတစ်ယောက်အနေနဲ့ အချိန်တိုင်း ဝင်လို့ရတဲ့နေရာဖြစ်တယ်။ အဲဒါအပြင် အဲဒီနေ့က ဘွဲ့နှင်းသဘင်နေ့လည်း ဖြစ်တယ်။ ကျောင်းသားတွေလည်းရှိတယ်။ လူတိုင်းဝင်နိုင် ထွက်နိုင်တယ်။ ဒါပေမဲ့ အဲဒီနေ့က ကျွန်မတို့ ဝင်ခွင့်တောင်းတယ်။ တောင်းတာက ရန်ကုန်တက္ကသိုလ်အတွင်းမှာရှိတဲ့ သမဂ္ဂအောင်မြေ၊ သမဂ္ဂအဆောက်အအုံ ဗုံးခွဲခံထားရတဲ့ နေရာရှိတယ်။ အဲဒီမှာ ကျွန်မတို့ အလေးပြုမယ်။ အခမ်းအနားလေး အကျဉ်းလေးလုပ်ဖို့ရှိတယ်။ အဲဒါကြောင့် အချိန်ခဏစောင့်ပြီး ဆွေးနွေးတယ်။ ကျောင်းအာဏာပိုင်တွေက ခွင့်မပြုတာရယ် အချိန်လည်း စောင့်ပြီးဖြစ်တဲ့အတွက် ကျွန်မတို့ ကျော်တက်ဝင်တယ်။ ကျွန်မတို့ကျောင်းသားတွေအနေနဲ့ မိခင်တက္ကသိုလ်နယ်မြေကို ဝင်တာဟာ အပြစ်မရှိဘူး။ ပိုင်နက်ကျူးလွန်မှု ဖြစ်ရအောင်လည်း အဲဒီနေရာဟာ တစ်ဦးတစ်ယောက်ပိုင်နေရာ မဟုတ်ဘူး။ ကျွန်မတို့ ကျောင်းသားတွေပိုင်တဲ့ နေရာဖြစ်တယ်။ ကျွန်မတို့ရဲ့ အောင်မြေလည်းဖြစ်တယ်။ ကျွန်မတို့ဝင်တဲ့နေရာမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ဝင်တယ်။ ပြန်ထွက်လာတော့လည်း ဘာပစ္စည်းတစ်ခုမှ အပျက်အစီးမရှိအောင် သတိထားပြီး လုပ်ခဲ့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အချိန်နည်းနည်းပဲယူပြီး ထွက်ခဲ့တယ်ဆိုတာ အဲဒီနေရာမှာ ပါမောက္ခချုပ်တွေ၊ ကျောင်းအာဏာပိုင်တွေလည်း သိသာမြင်သာရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့အနေနဲ့ တစ်စုံတစ်ရာ အပြစ်ရှိတယ်လို့ မခံစားရပါဘူး” ဟု ဆိုသည်။
 
ဗကသကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်က “လေးရက်သပိတ်တုန်းက ဗိုလ်အောင်ကျော်အုတ်ဂူကို ဝင်ပြီး အလေးပြု တယ်။ ကျောင်းသားတွေ ကျောင်းထဲဝင်တာကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့ ပြဿနာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုက အဲဒီအချိန်တုန်းက ဒေါက်တာအောင်သူက ပါမောက္ခဖြစ်နေတယ်။ အခုချိန်မှာကျတော့ ဒေါက်တာအောင်သူက NLD ပါတီ ရဲ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတယ်။ ဒီအချိန်ကျမှ အဲဒီအမှုကို တရားပြန်စွဲတာ ဘာလို့လဲလို့ ကျွန်တော်တို့အနေနဲ့ သံသယရှိစရာကောင်းလာတယ်။ ဘာလို့လဲဆိုတော့ ဗကသ များအဖွဲ့ချုပ်မှ ကျောင်းသားတချို့နဲ့  NLD ပါတီကတချို့ အွန်လိုင်းပေါ်မှာ ပွတ်တိုက်မှုတွေရှိခဲ့တယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့က ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲတယ်။ ဒီအမှုသာ တကယ်တရားစွဲဆိုခဲ့ရင် ဒေါက်တာအောင်သူဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားလိုပြသက်သေအဖြစ်နဲ့ ပါဝင်လာမယ်။ ဘာလို့ဆိုရင် အဲဒီအချိန်က သူကအဲဒီနေရာမှာ ရှိနေတယ်။ ဒီနေရာမှာ  တရားစွဲဆိုခံရတာက ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်နဲ့ ကျွန်တော်တို့က တရားခံအဖြစ်တစ်ဖက် ဒေါက်တာအောင်သူက တရားလိုပြသက်သေအဖြစ် တစ်ဖက်ဖြစ်လာမယ့် အခင်းအကျင်းမျိုးဖြစ်နေတယ်။ အဲဒါဟာ ဗကသများအဖွဲ့ချုပ်နဲ့ NLD ပါတီကို နိုင်ငံရေးအရ ထောင်ချောက်တစ်ခုတည်း တွန်းပို့နေတာလားဟု စဉ်းစားစရာရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အာဏာမလွှဲပြောင်းခင် ကာလအတွင်း အန္တရာယ်ရှိတယ်လို့ ပြောထားတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သုံးသပ်ချက် မှန်ကန်တယ်ဆိုရင် ဒီဟာသည်ရော ပဋိပက္ခဖြစ်အောင် တွန်းပို့တဲ့အခြေအနေတစ်ရပ်လားလို့ နိုင်ငံရေးအရ စဉ်းစားစရာပေါ်လာတယ်” ဟု ပြောကြားသည်။
 
ထို့ပြင် ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က “ဟိုတုန်းကတော့ လေးရက်သပိတ် အပြီးမှာ သတင်းမီဒီယာတွေက ဒေါက်တာအောင်သူကို ဝင်မေးတော့ ဒီကိစ္စကို တရားစွဲဖို့ရှိတယ်လို့ ပြောကြားထားတာရှိတယ်။ နောက်တစ်ခုက တစ်လျှောက်လုံး တစ်မှုမှ မကျန်အောင် တရားလိုက်စွဲဆိုနေတာဟာ အကုန်လုံးကို သူတို့ရဲ့တရားဥပဒေစိုးမိုးမှုရှိရေး၊ သူတို့ရဲ့ ဥပဒေကိုထိရင် ဘယ်သူကိုမှ ခွင့်မလွှတ်ဘူးဆိုတာမျိုးကို တစ်နိုင်လုံးကို ပြသဖို့ ကျွန်တော်တို့ ဗကသက ခေါင်းဆောင်တွေကို တရားစွဲဆိုနေတယ်လို့ ကျွန်တော်မြင်လာတယ်”ဟု ပြောကြားသည်။
 
လက်ရှိအချိန်တွင် ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုမှာ ပုဒ်မငါးခုဖြင့် ကမာရွတ်မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရကြောင်း သိရသည်။ ဗကသကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်မှာ အမှု ၁၄ ခု ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပြီးလက်ရှိတွင် သာယာဝတီမြို့နယ် တရားရုံးတွင် ပုဒ်မ ခုနစ်ခုဖြင့် တရားရင်ဆိုင်နေရသည်။ ထို့ပြင် ကိုနန္ဒစစ်အောင်မှာ မန္တလေးမှရန်ကုန်မြို့ကို ချီတက်ခဲ့ရာတွင် ဖြတ်သန်းခဲ့သည့် မြို့နယ်တချို့မှာ တရားစွဲဆိုမှုများ အပါအဝင် အမှု ၇၀ ကျော်ဖြင့် တရားစွဲခံထားရပြီး သာယာဝတီမြို့နယ်တရားရုံးတွင် ပုဒ်မ ခုနစ်ခု၊ ကမာရွတ် မြို့နယ်တရားရုံးတွင် ပုဒ်မ ငါးခုဖြင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရသည်။ ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်မှာလည်း အမှု ၃၄ မှုဖြင့် တရားစွဲဆိုခံထားရကာ လက်ရှိအချိန်တွင် သာယာဝတီမြို့နယ် တရားရုံးတွင် ပုဒ်မ ခုနစ်ခုဖြင့် တရားရင်ဆိုင်နေရသည်။
 

Most Read

Most Recent