မိုင်းရှူးမြို့အထွက် တန့်ယန်းသို့ သွားရာလမ်းတွင် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိ

မိုင်းရှူးမြို့အထွက် တန့်ယန်းသို့ သွားရာလမ်းတွင် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိ
Published 24 November 2015

ရှမ်းပြည်နယ်အလယ်ပိုင်း၊ မိုင်းရှူးမြို့ အရှေ့ဘက်အထွက်ရှိ တန့်ယန်းသွားရာလမ်းမကြီး “ ကြိုဆိုပါ၏ ”ဆိုင်းဘုတ်အနီးရှိ ခိုဇုံ တံတားအနီးတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အမျိုးသား နှစ်ဦး ဒဏ်ရာရသဖြင့် ခိုလမ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။  နိုဝင်ဘာ၂၄ ရက် (ယနေ့) နံနက်ပိုင်း ၈း၃၀ နာရီအချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူ နှစ်ဦးရှိကြောင်း၊ ( မစိုးရိမ်ရကြောင်း ) ပြည်နယ် ရဲရုံးထံမှ သတင်းရရှိပါသည်။
 
 “မိုင်းရှူးအထွက် တန့်ယန်းသွားတဲ့လမ်းမှာပေါ့။ ၃ မိုင်လောက်မှာ လက်လုပ်မိုင်းတစ်လုံး ကွဲတယ်။ နှစ်ဦး ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ရှပ်ထိ ဒဏ်ရာရတယ်။  ဆေးရုံပို့လိုက်တယ်။ မနက် ၈နာရီခွဲမှာ ဖြစ်တာ။ Insergent ဧရိယာ ဖြစ်တဲ့အတွက် မြို့ပြဧရိယာအရ ရဲနဲ့ သိပ်မဆိုင်ဘူး။ လက်လုပ်မိုင်းလို့ပဲ ယူဆတယ်။ 
 တပ်မတော်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်နေတော့ ဒီလိုပဲဖြစ်လေ့ ဖြစ်ထရှိပါတယ်” ဟု ပြည်နယ် ရဲမှူးချုပ် အောင်အောင်က ပြောကြားသည်။
 
“ မနက်တုန်းက  ၈ နာရီခွဲလောက် ဗုံးပေါက်ကွဲ သွားတယ်။ နှစ်ဦးထိတယ်။ ခိုလမ်ဆေးရုံကို ပို့ထားလိုက်တယ်။ လက်လုပ်မိုင်းလို့ ပြောတယ်။ ဆွဲမိုင်းလိုပဲပေါ့။ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းကလည်း တစ်ခေါက် ကွဲသေးတယ်။ နောက်တော့ လက်ပစ်ဗုံး နှစ်လုံးလည်း တစ်ခါ ကွဲသေးတယ်လေ။
အခုတစ်ခါကတော့  နှစ်ဦးထိတယ်။ တစ်ယောက်က ခေါင်းမှာ ထိတယ်။ တစ်ယောက်က ဒဏ်ရာ ပြင်းထန်တယ်လို့ ပြောတယ်။ စိုးရိမ်ရတဲ့အတွက် မိုင်းရှူး ဆေးရုံကို အခုခေါ်သွားနေတယ်။ ဖြစ်တဲ့ နေရာကိုတော့ သွားလို့ မရတော့ဘူး  ။ တပ်တွေရော ၊ ရဲတွေရောပဲ ရောက်နေတယ် ” ဟု မိုင်းရှူးဒေသခံ စိုင်းထွန်းဦး က ပြောကြားသည်။
 
“ အကြီးက အသက် ၂၅ နှစ်။ အိုက်ရွှေ နဲ့ အငယ် အသက် ၁၉ နှစ်၊ မောင်နု (ခ) အိုက်ပေါ့ ။ အငယ် ၁၉ က ပိုများတယ်။ အန်တီတို့လည်း ဖြစ်ဖြစ်ချင်း သွားကူပေးပါတယ်။ SNLD မိုင်းရှူးကနေ တစ်သိန်း လှူထားတယ်။ နမ့်ခုံး ပရဟိတ နှစ်သိန်း လှူတယ်။ လူမှုအဖွဲ့အစည်းက ကလေးတွေကလည်း တစ်ယောက်ကို
တစ်သောင်း တစ်သောင်းနဲ့ လှူထားတာ ဘယ်လောက်လဲတော့ မသိတော့ဘူး။ သူတို့ နှစ်ယောက်က လယ်လုပ်ဖို့ သွားတာလေ။ ပါးမှာလည်း ထိတယ်။ ဗိုက်မှာလည်း နည်းနည်းထိတယ်။ လက်ကောက်ဝတ်နဲ့ ညာဘက် ခြေမျက်စိမှာလည်း နည်းနည်း ထိတယ်။ လယ်ထဲသွားဖို့ စပါးသွားရိတ်တာထင်တယ် ” ဟု မိုင်းရှူး ကျားခေါင်းပါတီမှ ဒေါ်နန်းကောင်ခမ်းက ပြောကြားသည်။
 
ထို့ပြင် လွန်ခဲ့သော နိုဝင်ဘာ ၂၁ ရက်ကလည်း မိုင်းရှူးတွင် ထိုသို့ လက်လက်ဗုံး ကွဲခဲ့ဖူးကြောင်း သိရသည်။ မိုင်းရှူးမြို့၊ ရပ်ကွက် (၄) တွင် နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီအချိန်တွင် အမည်မသိ လူတစ်စုက ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပြေးခဲ့ရာ တစ်လုံးပေါက်ကွဲခဲ့ပြီး၊ တစ်လုံးမှာ ရေမြောင်းထဲသို့ ပြုတ်ကျခဲ့သဖြင့်
မပေါက်ကွဲခဲ့သော တစ်လုံးကို တပ်မတော်မှ လာရောက်သိမ်းဆည်းသွားကြောင်း မိုင်းရှူးဒေသခံများထံမှ သတင်းရရှိပါသည်။ ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း။ လွိုင်လင်ခရိုင် လဲချားမြို့တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲ၌  လဲချားမြို့ အရှေ့ဘက် နမ့်တိန်းချောင်းတံတား အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ။ အသက် ၁၂ နှစ်၊ နှင့် ၈ နှစ် အရွယ် မိန်းကလေး နှစ်ဦး တစ်စစီဖြစ်ပြီး သေဆုံးခဲ့ကြောင်း။ တံတားအနီး သဲစုပ်လုပ်ငန်း လုပ်ကိုင်သည့် မိသားစုတစ်ခုမှ ကလေးများဖြစ်ကြောင်း။  ဗုံးပါသည့် အထုပ်ကို ကလေးများက တံတားအနီးတွေ့ကာ ယူကစားရင်း ပေါက်ကွဲမှု ဖြစ့်ပွား၊ခဲ့ကြောင်း လဲချားဒေသခံများထံမှ သတင်းရရှိသည်။

Most Read

Most Recent