အောင်မြင်ချင်း အတူတူ

အောင်မြင်ချင်း အတူတူ
Published 23 November 2015
မောင်တင်ဦး (မြောင်းမြ)

အောင်မြင်ချင်တယ်“အောင်မြင်ချင်း အတူတူ၊ ဘယ်သူ မြတ်သည်လဲ-----” ဂီတစာဆို စန္ဒရား ထွန်းညွန့် သီချင်းစာသား ဖြစ်တယ်။ စာသားအရ အောင်မြင်သူတွေ အထဲမှာ အချို့က မြင့်မြတ်ပြီး အချို့က မမြင့်မြတ်ဘူးဆိုတာ လောကမှာ ရှိနေတယ်လို့ ဆိုလိုဟန်တူရဲ့။ မအောင်မြင်တိုင်း မမြင့်မြတ်ဘူး။ အောင်မြင်သူတိုင်းဟာ လူတော်တွေ၊ လူကောင်းတွေ မဟုတ်ဘူး။ ဒါကို မီးမောင်းထိုး ပြနေတယ်။လူတိုင်းဟာ အောင်မြင်မှုကို ဆာလောင်မွတ်သိပ်နေကြတာဟာ သဘာဝပဲ။ ဂေါ်လီရိုက်တာ၊ သားရေပင် ပစ်တာမှအစ Ph.D ဒေါက်တာဘွဲ့ စာမေးပွဲ ဖြေဆိုသည်အထိ အားလုံးဟာ အောင်မြင်ချင်တယ်။ ဆိုလိုချင်တာက အောင်မြင်ခြင်းဆိုတဲ့ အရာကို သူသူငါငါ လူတိုင်း မက်မောတမ်းတ လိုချင်နေကြတယ် ဆိုတာပါပဲ။အဲဒီလို အောင်မြင်မှုကို အာသာငမ်းငမ်း လိုချင်ကြတဲ့ လူ့လောဘကြောင့် အောင်မြင်မှုရမယ်ဆို ဘာမဆို လုပ်တော့မယ့်လူတွေ ပေါ်လာတယ်။ တရားခြင်း၊ မတရားခြင်း မသိတော့ဘူး။ ကောင်းခြင်း၊ မကောင်းခြင်း မကြည့်တော့ဘူး။ အောင်မြင်မှုအတွက် မိမိရဲ့သိက္ခာ၊ သမာဓိ၊ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်တွေအားလုံး အဝေးသို့ လွှင့်ပစ်သည်အထိ ရင်းပစ်လိုက်ကြတယ်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၂ ပါတီဟာ မိမိတို့ ရည်မှန်းချက်အလိုက် အောင်မြင်မှုရရန် ကြိုးစားကြတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ပါတီများ စည်းရုံးမဲဆွယ်ခွင့် ပြုလိုက်တဲ့ ကာလကစပြီး ပါတီအကြီး၊ အလတ်၊ အငယ်တွေဟာ ရှိသမျှ စွမ်းအားနဲ့ မဲဆွယ် စည်းရုံးကြတယ်။ အလှပြ ကားဆင်သူကဆင်၊ အဆိုတော်တွေကို ပိုက်ဆံပေးငှားပြီး သီချင်းဆိုသူက ဆိုခိုင်း၊ လက်ကမ်းဝေသူကဝေ၊ မြေစိုက်ဆိုင်းဘုတ် စိုက်ထူသူ၊ အိမ်နံရံတွေ လိုက်ကပ်သူ၊ ကြိုးချထားတဲ့ နေရာမှာ သွားချိတ်သူ၊ Facebook ထဲက စည်းရုံးသူ၊ စုံနေတာပဲ။ သိသမျှ နည်းလမ်းနဲ့ကို လှိုင်လှိုင်ကြီး အသုံးချကြတယ်။ဒါ့အပြင် မဲဆွယ်တဲ့ နေရာမှာ လူစည်ကားဖို့ နည်းလမ်းအချို့ သုံးကြပြန်တယ်။ ဆိုင်ကယ်နဲ့လိုက်ရင် ဆီဖိုးပေးတယ်။ ဆိုက်ကားနဲ့ဆို ငွေပေးတယ်။ ဒံပေါက်ကျွေးတယ်၊ မုန့်ကျွေးတယ်။ နေ့တွက်ပေးတယ်။ ကျေးရွာတွေ မီးလင်းအောင် လုပ်ပေးမယ် ပြောသူက ပြောတယ်။ မက်လုံးပေးတယ်။ လူတွေကပေးရင် ယူတယ်။ ကျွေးရင် စားတယ်။ ခေါ်ရင် လိုက်တယ်။ လက်ညှိုးထောင်တယ်။ ခေါင်းညိတ်တယ်။ နှစ်ငါးဆယ်ကျော်က အပြုအမူအတိုင်း တစ်သဝေမတိမ်း လိုက်လုပ်တယ်။ လူတွေ ငါတို့ ပုံသွင်းထားတဲ့ အတိုင်းပဲကွာလို့  ပြောရလောက်အောင် သရုပ်ဆောင်ချက်က ပီပြင်တယ်။ဒီလိုနဲ့ မဲဆွယ် စည်းရုံးပွဲကြီးက နိုဝင်ဘာ ၆ ရက် ည၁၂ နာရီမှာ ပြီးဆုံးသွားတယ်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ဆိုင်းဘုတ်တွေ ဖြုတ်ပြီးပြီ၊ စည်းရုံးမှုတွေ ရပ်ဆိုင်းသွားပြီ။ နိုဝင်ဘာ ၇ ရက်က တစ်နေ့လုံး တိတ်ဆိတ်နေတယ်။ လူတွေ ကောလာဟလ ပြောနေကြသလို ဆူပူမှု ဖြစ်မလာဘူး။ အားလုံး စည်းကမ်းရှိရှိပဲ။ ဘယ်သူက ဘယ်သူ့ကိုမှ မစည်းရုံးတော့ဘူး။ ဒါပေမဲ့ ဘယ်သူ့ကို မဲပေးရမလဲ။ စဉ်းစားပြီးသား။နိုဝင်ဘာ ၈ ရက်    ညမိုးချုပ် စကတည်းက လှုပ်လှုပ်လှုပ်နဲ့ လုပ်နေတဲ့ သမီးကြောင့် အိပ်မပျော်ဘူး။ “သူမက မဲရုံမှူး ဖြစ်နေတယ်” သူ့တာဝန် သူကျေပွန်ဖို့ လိုလေသေး မရှိအောင် ပြင်ဆင်နေတာ ဖြစ်တယ်။ ၄ နာရီထိုးတော့“အဖေ၊ သမီးသွားပြီ” ဆိုကာထွက်သွားတယ်။ သမီးသွားပြီး ပြန်အိပ်လို့ မရတော့တာကြောင့် ထမျက်နှာသစ်လိုက်တယ်။ ကော်ဖီတစ်ခွက်နဲ့ မုန့်နှစ်ချပ် စားလိုက်တယ်။ ပြီးမဲရုံ ရှိရာဆီကို အလင်းရောင် မှုန်ပျပျအောက်မှာ လျှောက်ခဲ့တယ်။ မဲရုံနား မရောက်ခင် လူတွေ စုဝေးရောက်ရှိ နေကြပြီ။ မဲရုံအဖွင့်ကို တန်းစီ စောင့်နေကြတာကို။မဲရုံ မဖွင့်သေးပေမယ့် လုံချည်အစိမ်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်ပါ အပေါ်ဝတ်ရုံ ဝတ်ထားတဲ့ လူအချို့ မီးရောင်အောက်မှာ မြင်နေရတယ်။သူတို့လည်း နိုင်ငံသား တာဝန် ကျေပွန်ကြပေသားပဲ။ ဒီလိုနဲ့ မဲရုံထဲဝင်ဖို့ နောက်ဆုံးနေရာက အသာအယာ ဝင်တန်းစီလိုက်တယ်။ ကျုပ်လည်း နိုင်ငံသားတာဝန် ကျေရစေမယ်။ပထမဆုံးမဲပေးသူမဲရုံကို နံနက် ၆ နာရီမှာ ဖွင့်လိုက်တယ်။ လူတန်းက စတင် ရွေ့လျားလာတယ်။ နေရောင်က လူတို့ရဲ့ နောက်ဘက်က ထိုးနေတယ်။  မပူသေးတဲ့ နေရောင်က အနာဂတ်ကို လမ်းပြနေသလိုပဲ။ ထိုအနာဂတ်ပြ အလင်းရောင် အောက်မှာ လူတစ်ယောက် လက်သန်းထောင် ပြထားရင်း၊ လှုပ်လှုပ်နဲ့ ထွက်လာတာ တွေ့လိုက်ရတယ်။ သူက ချိုင်းထောက်ကို အားပြုရင်း လမ်းလျှောက် လာနေတာ ဖြစ်တယ်။ တန်းစီ စောင့်ဆိုင်းနေတဲ့ လူတန်းအနား ရောက်လာတော့ သူက အားရပါးရ စကားတစ်ခွန်း ပြောလိုက်တယ်။ “ငါပထမဦးဆုံး မဲပေးခဲ့တာကွ” သူ့စကားကို သဘောကျတဲ့ အချို့က လက်ခုပ်တီး လိုက်ကြတယ်။ ထိုသို့ ခြေတစ်ဖက် ပြတ်နေတဲ့ ပုဂ္ဂိုလ်ကြီးကို ဖေးမတွဲခေါ်လာတဲ့ လူငယ်က လက်ခုပ်တီး သြဘာပေးတဲ့ လူတွေကို ရပ်ပြီး စကားပြောတယ်။ “အဘိုးက မဲပေးတာမှာ ပထမဆုံး မဲပေးသူဖြစ်ချင်တယ်လို့ ညကတည်းက ပြောနေတယ်။ ည ၁၂ နာရီ ထိုးပြီးတာနဲ့ မျက်နှာသွားသစ်၊ ကော်ဖီသောက်ပြီး  နာရီ တကြည့်ကြည့် လုပ်နေတာ။ ကျွန်တော်တို့လည်း အိပ်မရတော့ဘူး။ ဒါနဲ့ အိမ်က ထွက်လာတာ။ လိုရမယ်ရ။ ထိုင်ခုံနဲ့ ယပ်တောင် ရေသန့်ဘူးတွေပါ သယ်ရတာလေ။ မဲရုံ ဖွင့်ဖွင့်ချင်း သူအရင်ဆုံး ဝင်သွားတာများ အရမ်း တက်ကြွနေတာပဲ။ ကျွန်တော်တို့တော့ မနိုင်တော့ပါဘူးဗျာ”ထမဆုံး မဲပေးသူ ဖြစ်ချင်ခဲ့တဲ့ ဒုက္ခိတရဲ့ဝီရိယနဲ့ တက်ကြွမှုကို မြင်လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် ရှက်သလိုလို၊ အားမရသလို ခံစားမိသွားတာ အမှန်ပဲ။ တကယ်တန်းကျတော့ တိုင်းပြည်အတွက် အနစ်နာ မခံနိုင်သေးပါလား။ အသက် ၇၀ အရွယ် အမေက နိုင်ငံအနှံ့ မနားတမ်း လျှောက်သွား၊ အသံတွေဝင်အောင် ပြည်သူတွေ နားလည်အောင် ဟောပြောစည်းရုံး၊ ပင်ပန်းတယ်လို့ တစ်ခွန်းမှ မညည်းညူခဲ့ဘူး။နောက်တစ်ယောက် တွေ့ပြန်ပြီ။ သူနဲ့တွေ့တဲ့နေ့က နိုဝင်ဘာ ၁၂ ရက်နေ့။ “ဆရာရေ၊ ကျွန်တော့်အဘိုး ဆေးရုံတင်ရတယ်ဆိုပြီး ဖုန်းလာတယ်။ အဲဒါ မဲပေးတဲ့ရက် အချိန်မီ ပြန်မရောက်မှာစိုးလို့ ကြို တင်မဲ သွားပေးတယ်။ ဒါပေမဲ့ ကြိုတင်မဲ ပေးရမယ့် စည်းကမ်းတွေကလည်း များလိုက်တာ။ ခရီးသွားမှာဆို ရထားလက်မှတ်၊ ကားလက်မှတ် ပြရတယ်တဲ့။ ကိုယ်ပိုင်ကားနဲ့ ကိုယ်တိုင် မောင်းသွားမှာဆိုလည်း ပြောမရဘူး။ အဲဒါနဲ့ အဝေးပြေးဂိတ် သွားပြီးကားလက်မှတ် တစ်စောင် ဖြတ်ခဲ့ရတယ် ဆရာရေ။ တကယ်လည်း မစီးရဘဲ ဝယ်လိုက်ရတာ။ ဒါပေမဲ့ တန်ပါတယ်။ ကျွန်တော် မဲပေးချင်တဲ့ ပါတီကို မဲပေးလိုက်ရလို့။ ခုတော့နိုင်ပြီလေ ဆရာရဲ့“ နောက်နှစ်ယောက် တွေ့ပြန်ပြီ။ သူတို့နှစ်ယောက်က ဂျာမနီမှာ နေကြတာ။ အလုပ်ကလည်း နှစ်ယောက်စလုံး ခွင့်ရအောင် တိုင်ရတယ်။ လေယာဉ်လက်မှတ်လည်း ဝယ်ရတယ်။ ၇ ရက်နေ့မနက်ရောက်။ နှစ်ဖက်မိဘတွေ တွေ့ဖို့ကို အရင်မလုပ်နိုင်သေးဘူးတဲ့။ သက်သေခံ လက်မှတ် အရင် ထုတ်ရတယ်။ Data တွေ မှန်မမှန် စစ်ဆေးရတယ်။ စိတ်တူကိုယ်တူ ရှိခဲ့တဲ့ သူငယ်ချင်းတွေ သွားတွေ့ရတယ်။နိုင်ငံရေး အခြအနေ ပါတီ အခြေအနေ၊ ကိုယ့်မဲပေးရမယ့် မြို့နယ် အတွင်းရှိရာ ကိုယ်စားလှယ် အခြေအနေ စုံစမ်းရတယ်။ ဘယ်ပါတီကို  မဲပေးရမယ်ဆိုတာ ကြားနာသိခဲ့ပေမယ့် လက်တွေ့ကျကျ စုံစမ်းလိုက်ရတော့ ဆုံးဖြတ်ချက် ခိုင်မာလာတာပေါ့။    နောက်တစ်ယောက်ကို တွေ့ပြန်တယ်။ သူမက မဲရုံမှူး တာဝန်ယူခဲ့ရတဲ့ ဆရာမဖြစ်တယ်။ မဲရုံတာဝန်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ တာဝန်ဝတ္တရား အားလုံးကို ဆရာမပီပီ သေသေချာချာ ဖတ်မှတ်ထားတယ်။ ရပ်ကွက် ကော်မရှင်၊ မဲရုံအဖွဲ့ဝင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း တိုင်ပင် ဆောင်ရွက်တယ်။ တစ်နေ့တာဟာ တဖြည်းဖြည်း ကုန်ဆုံးလာပြီ။ ၄ နာရီထိုးပြီ။ မဲရုံ အဖွဲ့ဝင်တွေ၊ မဲရုံစောင့် ကိုယ်စားလှယ်တွေကို မဲရုံပိတ်တော့မယ့်အကြောင်း တရားဝင် ကြေညာလိုက်တယ်။ ရပ်မိရပ်ဖ ၁၀ ယောက်ကို ဖိတ်ကြားလိုက်ပြီး မဲရုံဝင်း (ကျောင်းတံခါး) ကို ပိတ်လိုက်တယ်။ကြိုတင်မဲပုံးကို ဖောက်၊ ပယ်မဲ၊ ခိုင်လုံမဲ ကိုခွဲ၊ ပါတီ ကိုယ်စားလှယ် အမည်များကို ဖတ်ကြား မှတ်တမ်း တင်နေတယ်။ နောက်တစ်ပုံးကို ဖောက်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပုံး။ ရုတ်တရက် မီးပျက်သွားတယ်။ ၆ နာရီ ထိုးပြီးချိန် ဆိုတော့ မှောင်စပျိုးပြီ။ မဲရုံမှူး ဆရာမက ဖွင့်လျက်သား မဲပုံးပေါ်မှာ သူ့ကိုယ်လုံးနဲ့ စီးမိုးကာ ကာကွယ် လိုက်တယ်။ ပြီးမှ ပါးစပ်က မီးစက် ဖွင့်ခိုင်းတယ်။ မီးလင်းလာမှ အားလုံးရှင်းလင်းမှ မဲပုံးပေါ်မှ ဖယ်ပေးပြီး မဲဆက် ရေတွက်ခဲ့တယ်။ ဒီလို ကာကွယ်ပေးရမယ်လို့ ဥပဒေ၊ နည်းဥပဒေမှာ ဆိုမထားဘူး။ ဒါပေမဲ့ ဆရာမရဲ့ ဦးနှောက်နဲ့ နှလုံးသားက အမှန်တရားအတိုင်း ဖြစ်စေရမယ်ဆိုတဲ့ အသိစိတ်ဓာတ် ဥပဒေကြောင့် ဆရာမရဲ့ ကိုယ်ခန္ဓာက မဲပုံးပေါ် ရောက်သွားတာ။ ဆရာမရဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လုပ်ရပ် ရလဒ်က အောင်မြင်ရမယ့် သူတွေကို အောင်မြင်စေ လိုက်တာပဲ။ဒီလိုမျိုး ခက်ခက်ခဲခဲ တကူးတက ပေးရတဲ့မဲတွေဟာ တိုင်ပင် ညှိနှိုင်း ထားစရာ မလိုဘဲ နှလုံးသား ကိုယ်စီရဲ့ ရင်ခုန်သံ စည်းချက် ညီခဲ့တာကြောင့် အားရပါးရ တီးလိုက်တဲ့ လက်ခုပ်သံ တစ်ချက်ချင်းဟာ တစ်ပြိုင်နက် တညီတည်း အချက်ကျကျ ထွက်လာတဲ့ အသံအဖြစ် စုစည်းမိသွားကာ စကြဝဠာ တစ်ခုလုံး မြည်ဟိန်းသွားပါတော့တယ်။  နောက်တစ်နေ့မနက် လူတွေက အသွားအလာမပျက် လုပ်ရိုးလုပ်စဉ်အတိုင်း ပုံမှန် လည်ပတ်နေခဲ့တယ်။ ပဲပြုတ်သည်က အရောင်းမပျက်။ ဆိုက်ကားသမားက အနင်းမပျက်။ ပန်းရန်သမားက အလုပ်မပျက်။ စီးတီးမတ်က ကောင်မလေး အရောင်းမပျက်။ တကယ်တော့ သူတို့ မနေ့က မဲပေးပြီးပြီ။ သူတို့ မဲပေးလိုက်တဲ့ ပါတီနိုင်မယ်ဆိုတာ စိတ်ချ ယုံကြည်နေကြပုံ ရတယ်။ ဘာမှ ထွေထွေထူးထူး လှုပ်လှုပ်ခတ်ခတ် လုပ်ပြမနေကြဘူး။ နှလုံးသားထဲမှာတော့ တဒုန်းဒုန်း၊ တဒိန်းဒိန်း မြည်ဟိန်းနေလေရဲ့။“အောင်မြင်ချင်း အတူတူ ဘယ်သူမြတ်သလဲ” နိုဝင်ဘာ ၈ ရက် မတိုင်မီ အောင်မြင်ခဲ့ သူတွေရဲ့ အောင်မြင်မှုနဲ့ နိုဝင်ဘာ ၈ ရက်အလွန် အောင်မြင်လာသူတွေရဲ့ အောင်မြင်မှု တူသေးရဲ့လား။ တူနိုင်ရိုးလား။ တူဝံ့မလား။ ဘယ်သူ မြတ်သလဲ။အနီနဲ့ အစိမ်းသမိုင်း မျက်နှာစာပေါ်က ၂၀၁၅  ခုနှစ် နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီဟာ အဖြူနဲ့အမည်း။ အနီနဲ့ အစိမ်း။ အောင်မြင်တာချင်း တူပေမယ့် ဘယ်သူက မြတ်တယ်ဆိုတာ ခွဲခြားပြလိုက်တာပဲ။ အောင်မြင် မော်ကြွား အောက်ခြေလွတ်နေသူတို့ရဲ့ အောင်မြင်မှုကို ရပ်တန့်စေလိုက်တယ်။ ရာခိုင်နှုန်း ၈၀၊  ရာခိုင်နှုန်း ၉၀ အောင်မြင်မှာပါ ပြောသူရဲ့ ပါးစပ်ကို ပိတ်ဆို့ပစ်နိုင်ခဲ့တယ်။ လူတွေရဲ့ နှလုံးသား ကိုယ်စီမှာ ပွက်ပွက်ဆူနေတဲ့ အနီရောင် သွေးတွေဟာ အောင်မြင်မှုရဲ့ တေးသွားအောက်မှာ စည်းချက်ညီစွာ လောကအနှံ့ ဖြန့်ကြက်နေကြပြီ။ အောင်မြင်ဖို့ရာ ရုန်းထ မနားမနေ ကြိုးစား အောင်မြင်မှုသက်သက် မဟုတ်တဲ့ အမှန်တရားရဲ့အောင်မြင်မှုကို ခြေလှမ်းစခွင့် ပြုလိုက်တာပဲ။အောင်မြင်မှုတိုင်းမှာ အမှန်တရား မပါပေမယ့် အမှန်တရားတိုင်းဟာ တစ်နေ့နေ့ သေချာပေါက် အောင်မြင်ရမယ်။ အောင်မြင်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ဟာ အမှန်တရားနဲ့ ပြည်သူ့ဆန္ဒပေါ်မှာသာ တည်မှီနေတယ်။ ခုတော့ ပြည်သူ့ဆန္ဒနဲ့အမှန်တရားဟာ တစ်ထပ်တည်း ကျခဲ့ပြီ။ ပြည်သူ့အောင်ပွဲကို အရယူနိုင်ခဲ့ပြီ။ ဒီအောင်မြင်မှုဟာ ဖြူစင် သန့်ရှင်းတယ်။ ပြည်သူနဲ့အတူ ပြည်သူရှေ့မှောက်မှာ အကွယ်အဝှက် မရှိ။ အံထိုး အံကပ် မရှိ။ အရိုးသားဆုံး အပွင့်လင်းဆုံး ချပြကာ နှလုံးသားချင်း ချည်နှောင်မိတဲ့ အောင်ပွဲဖြစ်တယ်။ပြည်သူ့ဆန္ဒ၊ အမှန်တရား အစစ်ရောပြွမ်းနေသော အောင်မြင်မှုသာလျှင် စင်စစ်ဧကန် အမြတ်ဆုံး ဖြစ်တယ်။ ထိုအောင်မြင်မှုမှ ထာဝရ အောင်မြင်မှုအဖြစ် ဆက်လက် ထိန်းသိမ်းရမယ့် တာဝန်က အောင်မြင်မှုကို ဆောင်ကြဉ်းပေးသော ပြည်သူရော အောင်မြင်မှုရ ပါတီမှာပါ တာဝန်ရှိနေ ပါသေးကြောင်း။

Most Read

Most Recent