အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ငွေကျပ် သိန်း ၅၀ အထိ ချမှတ်နိုင်သည့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်အား ယာဉ်အသုံးပြုသူများကို ပညာပေးကာလ ကျော်လွန်သွားပြီ ဖြစ်သဖြင့် အရေးယူမှုများ စတင်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရသည်။စက်တင်ဘာ ၇ ရက်တွင် အသစ် ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေသစ်သည် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေအား ဖျက်သိမ်းပြီး ခေတ်ကာလနှင့် လျော်ညီသော ပြစ်ဒဏ်များ ဥပဒေများ ပါဝင်ရေးဆွဲထားသော ဥပဒေ ဖြစ်ကြောင်း သိရပြီး ဥပဒေ ရေးဆွဲပြီးချိန်တွင် ယာဉ်အသုံးပြုသူများ အနေဖြင့် ဥပဒေသစ်အား သိရှိနားလည်ခြင်း မရှိသေးသဖြင့် စည်းကမ်းချိုဖောက်မှုများ အရေးယူခြင်းကို နှစ်လကျော် ဆိုင်းငံ့ထားကာ အသိပညာပေးခဲ့ကြောင်း သိရသည်။“အချို့ ယာဉ်လုပ်သားတွေက အသစ်ထွက်တဲ့ ဥပဒေတွေကို မသိဘူး။ အဲဒီတော့ ဥပဒေသစ်ကို သိအောင်လို့ ပညာပေးကာလဆိုပြီး နှစ်လကျော် သတ်မှတ်ပြီး ပညာပေးခဲ့ပြီးပြီ။ ပညာပေးကာလမှာ တော်ရုံစည်းကမ်းဖောက်ရင်တောင် အရေးမယူဘူး။ ပညာပေးကာလ ဖြစ်နေတာကိုး။ အချို့ကားတွေကတော့ စည်းကမ်းဖောက်တာ တော်တော့်ကို ဆိုးရွားလွန်းတဲ့အတွက် အရေးယူရတယ်။ ပြည်သူတွေကလည်း စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို ပြန်အရေးယူပါလို့ တောင်းဆိုလာတဲ့အတွက် ဥပဒေအသစ်တိုင်း အခုကစပြီး အရေးယူပါတော့မယ်” ဟု အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးက ပြောကြားသည်။အဆိုပါ ၂၀၁၅ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၀ (က) တွင် “လုပ်ငန်းလိုင်စင် မရှိဘဲ မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်း (သို့) ရောင်းချခြင်း” ပုဒ်မ ၅၀ (ခ) တွင် “လုပ်ငန်း လိုင်စင်မရှိဘဲ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းထားသည့် ဥပဒေအား လိုက်နာခြင်း မရှိဘဲ ပြစ်မှုချိုးဖောက်ကြောင်း ခိုင်လုံပါက ထိုသူအားသုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိကြောင်း သိရသည်။အလားတူ ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ် ပုဒ်မ ၅၆ တွင် “မည်သူမျှ ဦးစီးဌာနက ထုတ်ပေးသည့် စာတန်း အမှတ်အသားကို သက်ဆိုင်ခြင်း မရှိသည့် မော်တော်ယာဉ်တွင် ပြောင်းလဲသုံးစွဲခြင်း (သို့) သုံးစွဲစေခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားသည်။ ယင်းသို့ ပြဋ္ဌာန်းထားသည့် ပဋ္ဌာန်းချက်အား ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားပါက ထိုသူအား ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ထိုသို့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအသစ် ထွက်ပေါ်ခဲ့သော်လည်း နည်းဥပဒေမှာမူ ရေးဆွဲနေဆဲ ဖြစ်သည့်အတွက် ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေအတိုင်းသာ လက်ရှိအချိန်တွင် အသုံးပြုနေရဆဲ ဖြစ်ကြောင်း သိရသည်။ “၂၀၁၅ မော်တော်ယာဉ် ဥပဒေတော့ ထွက်လာပြီ။ ပညာပေး ကာလကလည်း လွန်သွားပြီဆိုတော့ အဲဒီထဲ ပါတဲ့အတိုင်း အရေးယူပါတော့မယ်။ နည်းဥပဒေကတော့ မထွက်သေးဘူး။ ရေးဆွဲနေဆဲပဲ ရှိပါသေးတယ်။နည်းဥပဒေ မထွက်လာသေးခင်စပ်ကြား ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ အတိုင်းပဲ အရေးယူသွားမယ်” ဟု တာမွေ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ဝင်းလွင်က ပြောကြားသည်။အဆိုပါ မော်တော်ယာဉ် ဥပဒေသစ်အား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၅ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပြဋ္ဌာန်းခဲ့သည့် ဥပဒေသစ် ထွက်ပေါ်လာခြင်းကို ယာဉ်လုပ်သားများ အနေဖြင့် သိရှိနားလည်စေရန်အတွက် ယာဉ်လိုင်းများ၏ ဂိတ်ရင်းများတွင် လက်ကမ်းစာအုပ်များ ဖြန့်ဝေခြင်း၊ လမ်းပေါ်တွင် လက်ကမ်းစာအုပ်များ ဖြန့်ဝေကာ အသိပညာပေးမှု ပြုလုပ်သည့်အပြင် မော်တော်ယာဉ် လုပ်သား မွမ်းမံသင်တန်းများတွင် ဥပဒေအသစ်ပါ ပြဋ္ဌာန်းချက်များကို အသိပညာပေးမှုများ လုပ်ဆောင်ခဲ့သည်။၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေထဲတွင် အနိမ့်ဆုံး ပြစ်ဒဏ်များကို ကျပ်သုံးသောင်းထက် မပိုသော ဒဏ်ငွေ ချမှတ်နိုင်ဟု ပါရှိသဖြင့် အချို့ခရီးသည်တင် ယာဉ်များသည် အဆိုပါ ဥပဒေပြဋ္ဌာန်းပြီးခါစတွင်ယင်းဥပဒေအား ကန့်ကွက်သည့် အနေဖြင့် ခရီးစဉ် ပြေးဆွဲမှုများ ရပ်နားကာ ဆန္ဒမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ငွေကျပ် သိန်း ၅၀ အထိ ချမှတ်နိုင်သည့် ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်အား ပညာပေးကာလ ကျော်လွန်သွားပြီ ဖြစ်သဖြင့် ယာဉ်အသုံးပြုသူများကို အရေးယူမှု စတင်မည်















