တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ နေအိမ်တွင် (၈) နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အကျီၤချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့မ ရဲစခန်းမှ အမှုဖွင့်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ နေအိမ်တွင် (၈) နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အကျီၤချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့မ ရဲစခန်းမှ အမှုဖွင့်
Published 22 November 2015

ဗဟန်းမြို့နယ်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ နေအိမ်တွင် ရှစ်နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အကျီၤချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့မ ရဲစခန်းမှ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေပိုင်းက အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ယင်းအမှုဖြစ်စဉ်မှာ လူမူကွန်ရက် Facebook ပေါ်တွင် အသက်ရှစ်နှစ်ခန့်ရှိ မိန်းကလေး တစ်ဦးအား ဝတ်လစ်စားလစ်ဖြင့် ကြိုးနှင့် တုပ်နှောင်ရန် ပြုလုပ်နေသည့် အမျိုးသမီးနှင့် အခြားအမျိုးသမီးတို့၏ ဓာတ်ပုံနှင့် နှိပ်စက်ခံနေရသည့် မိန်းကလေးအား ကယ်ထုတ်ပေးရန် ရေးသားထားသော စာများပါဝင်သည့် Post တစ်ခု ပျံ့နှံခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီက ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးပြီး ၃ ရက် အကြာတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသက်၈နှစ်အရွယ် မိန်းကလေးငယ်အား အကျီၤချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မ ရဲစခန်းက (ပ) ၄၆၅/၁၅၊ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ လမ်းသွယ်ရှိ ခြံအမှတ် ၂၅ (၅ဃ) နေအိမ်တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းမှုကို အိမ်ရှင် ဒေါ်ယဉ်ယဉ်နွယ်က ဖြေကြားပေးခဲ့ပြီး အဆိုပါ မိန်းကလေးငယ်၏ အမည်မှာ မ---- အသက် ရှစ်နှစ်ဖြစ်ကြောင်း၊ ဓာတ်ပုံပါအတိုင်း ကြိုးဖြင့် တုပ်၍့ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ဆုံးမသူမှာ သူမ၏ အဒေါ်ရင်း ဒေါ်သန်းသန်းနွဲ့ ဆိုသူဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က လာရောက်မေးမြန်းပြီး နာရီဝက်ခန့် အကြာတွင် အဒေါ်ဖြစ်သူက ၎င်းမိန်းကလေးအား ခေါ်ဆောင်၍ ထွက်သွားကြောင်း အိမ်ရှင် အမျိုးသမီးက ဖြေကြားခဲ့ကြောင်း စုံစမ်း သိရှိရသည်။လက်ရှိအချိန်တွင် ဗဟန်းမြို့နယ် မြို့မရဲစခန်းသို့ သွားရောက် စုံစမ်းမေးမြန်းရာတွင် အိမ်အကူ မိန်းကလေးအား နှိပ်စက်ခဲ့သည့် ဒေါ်သန်းနွဲ့သည် အဆိုပါ မိန်းကလေးနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း၊ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗဟန်း မြို့မရဲစခန်းတွင် ဒေါ်သန်းနွဲ့အား စတင် စစ်ဆေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ထို့အပြင် အကျီၤချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခံခဲ့ရသည့် အသက် (၈) နှစ်အရွယ် အိမ်အကူ မိန်ကလေးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးစစ်ချက် ရယူနေကြောင်း သိရသည်။ 

Most Read

Most Recent