အောင်လံတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဆရာ၊ ဆရာမများနှင့် NLD ပါတီဝင်များကို ပြည်ခိုင်ဖြိုးပါတီက စတင်တိုင်ကြား၊ အမှုဖွင့်မှုများ ပြုလုပ်လာ

အောင်လံတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဆရာ၊ ဆရာမများနှင့် NLD ပါတီဝင်များကို ပြည်ခိုင်ဖြိုးပါတီက စတင်တိုင်ကြား၊ အမှုဖွင့်မှုများ ပြုလုပ်လာ
Published 22 November 2015
သက်ပိုင်ဇော် (အောင်လံ)

အောင်လံတွင် NLD ပါတီဝင်များနှင့် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဆရာ၊ ဆရာမများကို  ပြည်ခိုင်ဖြိုးပါတီက  စတင်တိုင်ကြား အမှုဖွင့်မှုများ  ပြုလုပ်လာကြောင်း  သတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီး အောင်လံမဲ ဆန္ဒနယ်၌  အနိုင်ရရှိခဲ့သော NLD ပါတီ၏ ပါတီဝင်များနှင့်  မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သော  ဆရာ၊ ဆရာမများကို  ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ ဥပဒေနှင့် မညီဘဲ မဲဆွယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တိုင်ကြားမှုများ ပြုလုပ်ထားပြီး ယင်းတိုင်ကြားမှုများနှင့် ပတ်သက်၍  ကော်မရှင်က နှစ်ဖက်ပါတီအကြား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) အတိုင်း ဆက်လက် အရေးယူ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဘက်မှ  ရဲစခန်း၌ ရွေးကောက်ပွဲဥပဒေဖြင့်  အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
ပြည်ခိုင်းဖြိုးပါတီမှ  ရွေးကောက်ပွဲတွင် အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  ဦးခင်ဆွေက “ရဲစခန်းကိုတိုင်ဖို့ ၁၁ မှု ၊ ဝန်ကြီးဌာနတွေကို တင်ဖို့ သုံးမှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ဖို့ ငါးမှုရှိမယ်။  အဲဒါတွေကို  နိုဝင်ဘာ၂၃ ရက် နောက်ဆုံးထား  လုပ်ဆောင်သွားမှာပါ”ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်စုံစမ်းခဲ့ရာတွင်  အမှုဖွင့်တိုင်ကြားထားသည်မှာ  မှန်ကန်ကြောင်း၊ သိလိုသည်များကို မေးခွန်းများ ပေးခဲ့ပေးပါရန်နှင့် အထက်ကို တင်ပြပြီးမှ ဖြေပေးကြားရမည်ဖြစ်၍  ပြန်လည်ဆက်သွယ် ပေးမည်ဖြစ်ကြောင်းသာ ပြောကြားသည်။
အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြည်ခိုင်ဖြိုးပါတီမှ  နိုဝင်ဘာ ၁၉ ရက် ညက စတင်ပြီး ရဲစခန်းတွင် အမှု ၁၀ မှုဝန်းကျင်အထိ ဖွင့်ထားကြောင်းနှင့်  အမှုဖွင့်ခံရသူများတွင် ကျောင်းဆရာ၊  ဆရာမ ခုနစ်ဦးနှင့်  NLD ပါတီဝင်များ ပါဝင်ကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁ (က) ဖြင့် အများဆုံး တိုင်ကြား အမှုဖွင့်ထားကြောင်း ပြောကြားသည်။
အမှုဖွင့် တိုင်ကြားခံထားရသည့် နိုင်ငံ့ ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ပါတီဝင်များကို  NLD ပါတီဘက်မှ  အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ထူး မြင့်က ပြောကြားထားသည်။

Most Read

Most Recent