ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းက ညီညွတ်ပြီး အားလုံး ပါဝင်သော ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ချက်ဟု အမေရိကန် သမ္မတ အိုဘားမား ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းက ညီညွတ်ပြီး အားလုံး ပါဝင်သော ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ချက်ဟု အမေရိကန် သမ္မတ အိုဘားမား ပြောကြား
Published 21 November 2015

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းက ညီညွတ်ပြီး အားလုံးပါဝင်သော ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ချက်တစ်ခု ဖြစ်စေကြောင်း အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ 
 
သမ္မတ အိုဘားမားသည် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်း၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 
 
"ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့မှုဟာ မြန်မာအတွက် ငြိမ်းချမ်းစွာနဲ့ အားလုံးပါဝင်ပြီး ညီညွတ်တဲ့ ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ချက်တစ်ခုပါပဲ"ဟု သမ္မတ အိုဘားမားက ဆိုပါသည်။ 
 
သမ္မတ အိုဘားမားသည် ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန်အတွက် နိုဝင်ဘာ ၂၀ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် ပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲ၌လည်း မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက် တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဖြစ်သည်ဟု သတင်းစကား ပြောကြားခဲ့ပါသည်။ ထို့အတူ နိုင်ငံရေး အပြောင်းအလဲ၌ ပါဝင်ခဲ့သော မြန်မာလူထုကိုလည်း ချီးကျူးခဲ့ပါသည်။ 
 
ထို့နောက် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး ဒုက္ခသည် ကလေးငယ်များစွာ ခိုလှုံနေသည့်  Dignity for Children Foundation သို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည် ကလေးငယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုကလေးငယ်များသည် မြန်မာနိုင်ငံ တစ်ခုတည်းမှ ဒုက္ခသည်များကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည် ကလေးငယ်များအားလုံးကို ကိုယ်စားပြုကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ 
 
သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၂၁ ရက် ည ၇ နာရီ (မလေးရှား စံတော်ချိန်)တွင် ၃ ကြိမ်မြောက် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် 
အစည်းအဝေး ခန်းမထဲ၌ပင် သမ္မတ ဦးသိန်းစိန်နှင့် ခေတ္တတွေ့ဆုံခဲ့ကာ မြန်မာ့ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ 
 
မလေးရှား အာဆီယံ အစည်းအဝေးကာလအတွင်း နိုဝင်ဘာ ၂၂ ရက်တွင် အမေရိကန် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ သီးခြားတွေ့ဆုံရန် ရှိသည်ဆိုသော် သတင်းများ ထွက်ပေါ်နေသော်လည်း နိုဝင်ဘာ ၂၁ ရက် ညပိုင်းအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent