မျိုးသုဉ်းအန္တရာယ်နီးကပ်သည့် တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးစာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်

မျိုးသုဉ်းအန္တရာယ်နီးကပ်သည့် တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးစာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်
Published 21 November 2015

မျိုးသုဉ်းမှုအန္တရာယ်နှင့် နီးကပ်နေသည့် တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးစာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။မြန်မာနိုင်ငံတွင် မျိုးသုဉ်းအန္တရာယ် နီးကပ်နေသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ် အနည်းဆုံး ၁၀၃ မျိုးနှင့် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီး မျိုးစိတ် ၂၃၃ မျိုး နေထိုင်ကျက်စားလျက်ရှိကာ အဆိုပါမျိုးစိတ်များတွင် မျိုးသုန်းလုနီးပါး အန္တရာယ်ရှိသော Critically Endangered  မျိုးစိတ် ၃၇ မျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော Endangered မျိုးစိတ် ၆၅ မျိုး ပါဝင်ကြောင်းလည်း သိရသည်။“မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အကြီးဆုံးနိုင်ငံဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက်လည်း ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးစာရင်းမှာ ပါဝင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေနဲ့ ဂေဟစနစ်တွေကို  ထိန်းသိမ်းသွားဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုထိန်းသိမ်းသွားဖို့အတွက် ဥရောပသမဂ္ဂကလည်း ငွေကြေးထောက်ပံ့ပေးမှုတွေလည်း ရှိပါတယ်”ဟု WCS မှ ဌာနေတာဝန်ခံ ဦးသန်းမြင့်က ပြောကြားသည်။ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် မြေနိမ့်အပူပိုင်း သစ်တောများနှင့် ဒီရေရောက် သစ်တောဂေဟစနစ်များရှိကာ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရသည့် ဂေဟစနစ်များလည်း ရှိကြောင်းသိရသည်။“သဘာဝထိန်းသိမ်းရေး နယ်မြေတွေနဲ့ ဂေဟစနစ်တွေကို ထိန်းသိမ်းသွားမယ့်ကိစ္စတွေ အောင်မြင်ဖို့ဆိုရင် လုပ်ဆောင်နိုင်မယ့် အခြေအနေနဲ့ လိုအပ်ချက်တွေ ပြည့်မီမှ ဖြစ်မှာပါ။ ကျွန်တော်တို့အကြံပြုထားတဲ့ လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေစနစ်အတွက် ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ဘဏ္ဍာငွေကြေးစနစ်ကို တည်ထောင်နိုင်မယ့် နည်းလမ်းတစ်ခုကို  ဖန်တီးပေးနိုင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝအမွေအနှစ်များကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် အလွန်ကို အရေးကြီးပါတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ထိန်းသိမ်းရေး လုပ်ငန်း၏ ဒုဥက္ကဋ္ဌ Joe Walston က ပြောကြားသည်။ထို့ပြင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်အနေဖြင့် ကျားနှင့် ဧရာဝတီလင်းပိုင်အပါအဝင် မြန်မာနိုင်ငံအတွက် အရေးပါသည့် မျိုးစိတ်များထိန်းသိမ်းရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်သည် အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများကို မြန်မာနိုင်ငံတစ်ဝန်းတွင် တည်ထောင်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းများအတွက် ၂၂ နှစ်ကျော် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

Most Read

Most Recent