တာမွေအဝိုင်းထိပ်၌ နိုဝင်ဘာ ၂ ရက်က ၁၇၄ ပါရမီယာဉ်အား မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်တိုက်ခိုက်ကာ လူနှင့်ယာဉ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သူများအား နှစ်ပတ်ကျော်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့မှုကို တာမွေအဝိုင်းထိပ်ရှိ Ocean ဈေးဝယ်စင်တာ၌ တပ်ဆင်ထားသော CCTV မှတ်တမ်းများအား ပြန်လည်ကြည့်ရှုကာ ကျူးလွန်သူများကို ရှာဖွေနေကြောင်း သိရသည်။“ကျူးလွန်သူတွေကို ဖမ်းမမိသေးပါဘူး။ စုံစမ်းနေတုန်းရှိသေးတယ်”ဟု ဗဟန်းမြို့မရဲစခန်းက ရဲမှူးခင်မောင်ကြည်က နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။ပြီးခဲ့သည့်နိုဝင်ဘာ ၂ ရက် ည ၇ နာရီခန့်တွင် တာမွေအဝိုင်း ငါးလမ်းခွဆုံ၌ ခရီးသည်တင် ၁၇၄ ပါရမီယာဉ်ရှေ့တွင် လူခြောက်ဦးခန့်ပါသည့် အိမ်စီးကားမှ ပိတ်ရပ်ကာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်အား သံတုတ်၊ သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ယာဉ်မောင်းနံဘေးတွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သဖြင့် ဓာတ်ဆီမှာ ယာဉ်သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ယင်းဖြစ်စဉ်အား မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့သည့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။အကြမ်းဖက် တိုက်ခိုက်ခံရသည့် ၁၇၄ ယာဉ်နှင့် လူတစ်စုစီးလာသည့် အိမ်စီးကားတို့သည် ရှစ်မိုင်အနီးတွင် ယာဉ်ကြောလုမောင်းရာမှ ပြဿနာစတင်ဖြစ်ပွားကြောင်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ထပ်မံ၍ ပြ ဿနာဖြစ်ခဲ့ရာမှ တာမွေအဝိုင်းအရောက်တွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ထိုသို့ လူနှင့် ယာဉ်အား ဓာတ်ဆီလောင်း မီးရှို့သွားသည့် အမျိုးသားခြောက်ဦးအား ဗဟန်းမြို့မရဲစခန်းက (ပ) ၄၄၈/၁၅၊ ပြစ်မှု ပုဒ်မ၄၄၀/၃၃၇/၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေအဝိုင်းထိပ်၌ ၁၇၄ ယာဉ်အား မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက် တိုက်ခိုက်ကာ လူနှင့်ယာဉ်ကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သူူများအား နှစ်ပတ်ကျော်သည်အထိ ဖမ်းမမိသေး















