ကမ္ဘာ့ဒဿနပညာနေ့

ကမ္ဘာ့ဒဿနပညာနေ့
Published 18 November 2015
ဒေါက်တာဆန်းထွန်း (ဒဿနိကဗေဒ)

၁။ ပိုမိုကောင်းမွန်သော အနာဂတ်                                    Philosophy (ဒဿနိကဗေဒ) ဆိုတဲ့ ဒဿနပညာကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုဝင်ဘာလရဲ့ တတိယပတ် ကြာသပတေးနေ့ကို ကမ္ဘာ့ဒဿနပညာနေ့ World Philosophy Day အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ဒီနှစ်မှာတော့ နိုဝင်ဘာ ၁၉ ရက် ကြာသပတေးနေ့ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်က ကမ္ဘာ့သမိုင်းဝင် မြန်မာ့ရွေးကောက်ပွဲကြီး ကျင်းပခဲ့တာမို့ မြန်မာပြည်သား အများစုရဲ့ စိတ်နှလုံးသားမှာ ရွေးကောက်ပွဲက နေရာယူထားပါတယ်။ မြန်မာတစ်မျိုးသားလုံးရဲ့ နိုင်ငံရေး နိုးကြားမှု၊ သတ္တိရှိမှု၊ စည်းကမ်းရှိမှုကို ကမ္ဘာက လေးစားချီးကျူးတဲ့နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ မျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်ကို မြန်မာနိုင်ငံသားများကိုယ်တိုင် ရွေးချယ်ဖန်တီးခွင့် ရတဲ့နေ့ ဖြစ်ပါ တယ်။ ဒဿနပညာမှာ လွတ်လပ်မှုဆိုတာ မိမိ အသိဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ခွင့်၊ ရွေးချယ်ခွင့်ရခြင်းလို့ ဆိုပါတယ်။ နိုဝင်ဘာ ၈ ရက်က မြန်မာပြည်သားများ မိမိအသိဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရွေးချယ်ခွင့်ရတဲ့ နေ့တစ်နေ့လို့ ဆိုနိုင်ပါတယ်။ ဒဿနပညာမှာ မိမိရဲ့ လွတ်လပ်စွာ ရွေးချယ်မှုကို မိမိကိုယ်တိုင် တာဝန်ယူရမယ် ဆိုတာလည်း ရှိပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၈ ရက်က မြန်မာပြည်သားများ မိမိတာဝန် မိမိယူခွင့်ရတဲ့နေ့လို့လည်း ဆိုနိုင်ပါတယ်။ ယခုနှစ် မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဒဿနပညာနေ့ World Philosophy Day ရဲ့ ဦးတည်ချက်ကလည်း Philosophy for a better tomorrow ပိုကောင်းတဲ့ အနာဂတ်အတွက် ဒဿနပညာ ဖြစ်ပါတယ်။ ပိုကောင်းမယ့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာတို့ရဲ့ နိုဝင်ဘာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။                               ၂။ ငြိမ်းချမ်းရေးနှင့် ဒဿနပညာဂရိဒဿနပညာရှင် ဆိုကရေးတီးက မိမိဘဝကို မိမိ စူးစမ်းလေ့လာမှု ဒဿနပညာဖြင့် တန်ဖိုးရှိတဲ့ဘ၀ တည်ဆောက်နိုင်တယ်။ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်နိုင်တယ်။ ကမ္ဘာ့နိုင်ငံသားကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် အသိအမြင် ကိုယ်ပိုင်ခံယူချက်တွေ ရှိကြပါတယ်။ မိမိမှာ ရှိသလို အခြားသူတွေမှာလည်း မိမိနဲ့ မတူညီတဲ့ အယူအဆတွေ ရှိကြမှာ ဖြစ်ပါတယ်။ မတူညီတဲ့ အမြင်တွေကို အပြန်အလှန် ဆွေးနွေးနည်းနဲ့ စဉ်းစားဆင်ခြင် အဖြေရှာတဲ့ အလေ့အကျင့်ကို ဆိုကရေးတီးက ဓမ္မဓိဋ္ဌာန် အသိပညာရှာတဲ့ နည်းတစ်ခုအဖြစ် ပညာရေးစနစ်မှာ အသုံးပြုခဲ့ပါတယ်။ ယနေ့ မျက်မှောက်ခေတ် နိုင်ငံတကာ အဆင့်မီ ပညာရေး စနစ်မှာလည်း အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဆိုကရေးတီးနည်း Socratic Method လို့ သတ်မှတ်ထားပါတယ်။ ဆိုကရေးတီးနည်းကို နိုင်ငံရေး နယ်ပယ်မှာ ဒိုင်ယာလော့နည်း၊ တွေ့ဆုံဆွေးနွေးနည်းအဖြစ် အသုံးပြုကြပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အသုံးပြုကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ယူနက်စကို အဖွဲ့ကြီးရဲ့ အဓိက ရည်မှန်းချက်ကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးရဲ့ အခြေခံကလည်း ဒဿနပညာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနက်စကိုဆိုတာ ဒဿနပညာ ဖြစ်တယ်။ ဒဿနပညာမရှိရင် ယူနက်စကိုလည်း မရှိနိုင်ဘူးလို့ ယူနက်စကိုက ယူဆတာ ဖြစ်ပါတယ်။၃။ ကိုယ်ကျင့်တရား ဒဿနပညာနဲ့ နိုင်ငံရေး ဒဿနပညာ         ယူနက်စကိုရဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အီရီနာဘိုကိုဘာက ဒဿနပညာဆိုတာ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးခွန်းတွေ ထုတ်ပေးတယ်။ ကိုယ်ပိုင်စဉ်းစားဉာဏ် အတွေးအခေါ်နဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းရှိဖို့ အားပေးတဲ့ ပညာရပ် ဖြစ်တယ်လို့ ခံယူပါတယ်။ လောကကို ပိုပြီး နားလည်စေတဲ့ ပညာဖြစ်တယ်။ သည်းခံခြင်းနဲ့ငြိမ်းချမ်းခြင်းကို မြှင့်တင်ပေးနိုင်တဲ့ပညာ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးအတွက် အခြေခံစည်းမျဉ်းနဲ့ တန်ဖိုးတွေကို စဉ်းစားတွေးခေါ်ပေးတယ်လို့ ယူနက်စကိုက ခံယူပါတယ်။ စစ်ပွဲဆိုတာ လူတွေရဲ့ စိတ်ထဲမှာ စတင်ဖြစ်ပွားတာမို့ လူတွေရဲ့စိတ်ထဲမှာပဲ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ဖို့ တည်ဆောက်ရမယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ စိတ်ရှိရမယ်။ လူသားချင်း အပြန်အလှန် လေးစားတဲ့ စိတ်ထားရှိရမယ်။ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ထားကို ပယ်ရမယ်။ ဒီတန်ဖိုးတွေရှိဖို့ ကိုယ်ကျင့်တရား ဒဿနပညာနဲ့ နိုင်ငံရေး ဒဿနပညာ လိုအပ်တယ်လို့ ယူနက်စကိုက ယူဆပါတယ်။ ဒါကြောင့် ယူနက်စကိုက ဒဿနပညာ လေ့လာမှု တိုးတက်ရေး ကူညီဖို့နဲ့ နိုင်ငံတိုင်းက ပညာရေးမှာ ဒဿနပညာကို အားပေးဖို့ ချမှတ်ပေးခဲ့ပါတယ်။ ဒဿနပညာဆိုတာ ဉာဏ်ပညာကို မြတ်နိုးစေတယ်။ ဉာဏ်ပညာနဲ့သာ သိနားလည်နိုင်တဲ့ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုတွေကို မေးခွန်းထုတ်တတ်မယ်၊ ဝေဖန်ဆွေးနွေးနိုင်မှာ ဖြစ်တယ်။ ဒဿန ပညာ သင်ကြားမှုက ပညာရေးစနစ် အရည်အသွေး မြင့်မားစေတယ်။ လူတွေရဲ့ အတွေးအခေါ် တိုးတက်ဖို့ ဒဿနပညာ လိုတယ်ဆိုတာ ထင်ရှားသိရှိနေစေဖို့ ကမ္ဘာ့ဒဿနပညာနေ့ကို ကျင်းပစေတာ ဖြစ်ပါတယ်။                                  ၄။ နိုင်ငံရေးစနစ် ပိုမိုကောင်းမွန်ရေး           အစကတော့ လူသားတွေက အသိပညာ Knowledge တိုးတက်လာရင် လူ့ဘောင်လောကလည်း တိုးတက်ဖွံ့ဖြိုးလာပြီး ငြိမ်းချမ်းသာယာမယ်လို့ ယူဆခဲ့ပါတယ်။ ခုတော့ အသိပညာ တိုးတက်လာပေမယ့် ဉာဏ်ပညာ Wisdom က ဖွံ့ဖြိုးတိုးတက် မလာလို့ စစ်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပေါ်လာကြတယ်လို့ ယူဆလာကြပါတယ်။ Philosophy ဆိုတာ Love of Wisdom ဉာဏ်ပညာကို ချစ်မြတ်နိုခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိပါတယ်။ ဒဿန ဆိုတာကတော့ သိမြင်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အမှန်ကို သိမြင်ခြင်းလို့ ဆိုပါတယ်။ ဒဿနပညာရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ Philosophy Dialogue ဆိုတာ ရှုထောင့် အသီးသီးမှ အဖြေထွက်သည်အထိ ဆွေးနွေးခြင်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးစနစ် ကောင်းမွန်ရေး ဆွေးနွေးကြရာမှာ အစိုးရအဖွဲ့ရဲ့ လူမှန်နေရာမှန် စနစ် Meritocracy ကျင့်သုံးမှု၊ ငြိမ်းချမ်းရေး စနစ် Peace ကျင့်သုံးမှုနှင့် အဂတိတရား ကင်းတဲ့ ရိုးသားမှု စနစ် Honesty ကျင့်သုံးမှုက ဖွံ့ဖြိုးတိုးတက်ရေး ဒဿနပညာဆိုင်ရာ အမြော်နဲ့အမြင် Vision နဲ့Mission များ ဖြစ်ပါတယ်။တကယ်တော့ ကမ္ဘာ့ဒဿနပညာနေ့ကို ၂၀၀၂ ကတည်းက ကမ္ဘာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ဆို ၁၃ နှစ် ရှိပါမယ်။ မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၁၅ မှာ ဒုတိယအကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ကျင်းပပါမယ်။ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကစပြီး ဒဿနိ ကဗေဒဆရာ၊ ဆရာမများ၊ ပါမောက္ခများ၊ ဒဿနိကဗေဒ ကျောင်းသားဟောင်းများ၊ စာရေးဆရာများ၊ ဒဿနိကဗေဒ ကျောင်းသားကျောင်းသူများနဲ့ စိတ်ဝင်စားသူများ၊ စုပေါင်းပြီး ကျင်းပပါမယ်။ နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့ ၄၅ လမ်းက YMCA မှာလည်း စာရေးဆရာများနှင့် စိတ်ဝင်စားသူများက ကမ္ဘာ့ဒဿနပညာနေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ယူနက်စကိုရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှု ရှိရေးတို့ကို ဖော်ဆောင်ပေးမယ့် ဒဿနပညာနဲ့ နိုင်ငံအကျိုး လူ့ဘောင်လောက ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ကျင်းပဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။   ပိုမို ကောင်းမွန်တဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။

Most Read

Most Recent