မြင်းခြံမြို့၌ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံပရဝဏ်အတွင်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း မဲပေးခွင့်မရခဲ့၍ ရွေးကောက်ပွဲကော်မရှင်နှင့် မဲရုံတာဝန်ရှိသူများအား အမှုဖွင့်တိုင်ကြား

မြင်းခြံမြို့၌ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံပရဝဏ်အတွင်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း မဲပေးခွင့်မရခဲ့၍ ရွေးကောက်ပွဲကော်မရှင်နှင့် မဲရုံတာဝန်ရှိသူများအား အမှုဖွင့်တိုင်ကြား
Published 15 November 2015
မိုးဟိန်း (မြင်းခြံ)

မြင်းခြံမြို့၌ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံပရဝဏ်အတွင်း မဲပေးခွင့်ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း မဲပေးခွင့် မရခဲ့၍ မဲဆန္ဒရှင်များက ရွေးကောက်ပွဲကော်မရှင် (မြို့နယ်) နှင့်   မဲရုံတာဝန်ရှိသူများအား  အမှုဖွင့်တိုင်ကြားခဲ့ကြောင်း  သိရသည်။ရွေးကောက်ပွဲကျင်းပသည့်နေ့က အမှတ် (၁၇) ရပ်ကွက် မဲရုံအမှတ် (၂) တွင်  မဲ ဆန္ဒရှင် ပြည်သူအချို့သည်  မဲပေးခွင့်ရရှိရန် နံနက် ၆ နာရီခန့်မှ စတင်ကာ စောင့်ဆိုင်းခဲ့ပြီး မဲပေးချိန် ကုန်ဆုံးသည်အထိ မဲပေးခွင့်မရရှိဘဲ ည ၁၂ နာရီခွဲအချိန်အထိ မဲရုံပရဝဏ်အတွင်းမှ ထွက်ခွာခွင့်မရခဲ့သည့်အပေါ် ရွေးကောက်ပွဲကော်မရှင် (မြို့နယ်) နှင့် မဲရုံတာဝန်ရှိသူများအား  မြင်းခြံမြို့မရဲစခန်းတွင်  အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။“ပထမဆုံးအကြိမ်  မဲစာရင်းထုတ်ပြန်ချိန်က  မဲရုံမှာ  မဲစာရင်းသွားကြည့်တဲ့အခါ အိမ်ကလူတွေ နာမည်မပါလို့ ရပ်ကျေးကော်မရှင်ထံ သွားရောက်ပြီး ပုံစံ ၃(က) နဲ့ ပြင်ဆင်ခဲ့ပါတယ်။  ဒုတိယအကြိမ် ထုတ်ပြန်တဲ့အခါ မှာလည်း မဲစာရင်းမှာ အမည်ပါဝင် မလာပါဘူး။ သူတို့က ပုံစံ ၃(က) နဲ့ ပြင်ဆင်ထားတဲ့အတွက် မဲပေးခွင့် မဆုံးပါဘူးလို့ ပြောပါတယ်။ နောက်ဆုံးအကြိမ် ထုတ်ပြန်တော့လည်း မဲစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို သွားရောက်ပြောဆိုတဲ့အခါမှာ  မဲပေးခွင့် မဆုံးရှုံးစေရဘူးလို့  ပြောကြားလာပါတယ်။ ဒါကြောင့် မဲပေးမယ့်နေ့မှာ ပုံစံ ၆၆ နဲ့ မှတ်ပုံတင်ယူသွားပြီး မဲရုံကို မနက် ၆ နာရီထိုးကတည်းက သွားရောက် တန်းစီခဲ့ပါတယ်။ ဒါပေမဲ့ ညနေ ၃  နာရီထိုးတဲ့အချိန်အထိ   မဲပေးခွင့်မရခဲ့တဲ့အတွက်   မဲပေးခွင့် စောင့်ကြည်လေ့လာနေတဲ့  အရပ်ဘက်အဖွဲ့အစည်းက ဒေါက်တာဝင့်သူကို ဆက်သွယ်ပြီး ကော်မရှင်ထံမှာ စာရင်းတောင်းကြည့်တဲ့အခါ ပုံစံ (၁) မှာ ကျွန်မတို့ နာမည်တွေပါဝင်ပြီး မဲပေးခွင့် မရရှိတာဖြစ်ပါတယ်။ နောက်ပြီး တစ်နေကုန် ထမင်းမစား၊ ရေမသောက်ဘဲ မဲပေးခွင့် စောင့်ဆိုင်းနေပေမယ့် ည ၁၂ နာရီခွဲအထိ မဲရုံပရဝဏ်အတွင်းက အပြင်ထွက်ခွင့်မရဘဲ နေခဲ့ရပါတယ်။ မဲပေးခွင့်မရတာနဲ့ မဲရုံအတွင်းမှာ အချိန်ကြာမြင့်စွာနေခဲ့ရတာဟာ လူ့အခွင့်အရေးကို   ချိုးဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် နဲ့ မဲရုံတာဝန်ရှိသူတွေကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်” ဟု မဲပေးခွင့်မရခဲ့သည့် မဲဆန္ဒရှင် ပြည်သူတစ်ဦးဖြစ်သူ ဒေါ်ဌေးဌေးမြင့်က ဆို သည်။“မဲပေးခွင့် ဆုံးရှုံးတယ်ဆိုပြီး  ပြည်သူတစ်ဦးက  မြို့နယ်ရွေးကောက်ပွဲကော်မရှင် နဲ့ မဲရုံတာဝန်ရှိသူကို သတင်းပေး တိုင်ကြားခဲ့တာဖြစ်ပါတယ်။   အမှုဖွင့် လှစ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု မြင်းခြံမြို့မှရဲစခန်းမှ စခန်းမှူး ဦးမြင့်နိုင်က ပြောကြားသည်။အဆိုပါဖြစ်စဉ်အား  ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၇ ၊ (ပ) ၂၂၉ အရ အမှုဖွင့်လှစ် ဆောင်ရွက်ထားပြီဖြစ်ကြောင်း  မြင်းခြံမြို့မရဲစခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

Most Read

Most Recent