ရန်ကုန်မြို့အတွင်း စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား Online Complaint Centre (Occ) သို့ Viber မှတစ်ဆင့် ဓာတ်ပုံများ ရိုက်ကူးပေးပို့ တိုင်တန်းခဲ့သဖြင့် အရေးယူသည့် အမှုပေါင်း၂၅၀၀ကျော်ရှိပြီး တိုင်ကြားမှုများတွင် လမ်းပြောင်းပြန်မောင်းနှင်မှုမှာ အများဆုံးဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရသည်။အဆိုပါ စည်းကမ်းချိုးဖောက်ကာ မောင်းနှင်သွားလာနေသည့် ယာဉ်များအား ဓာတ်ပုံရိုက်ကူးကာ Viber မှ တိုင်ကြားမှုကို ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလကုန်ဖြစ်သည့် နှစ်လကျော်ကာလအတွင်း ကိုယ်ပိုင်ယာဉ်များ စည်းကမ်းချိုးဖောက်ခဲ့သဖြင့် ဖမ်းဆီးမှုမှာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။ထို့ပြင် အငှားကုန်တင်ယာဉ်များ၊ တက္ကစီယာဉ်များနှင့် ခရီးသည်တင်ယာဉ်များကိုလည်း အရေးယူထားကြောင်း သိရသည်။“ကျွန်တော်တို့အနေနဲ့က ရည်ရွယ်ချက် လေးမျိုးနဲ့ လုပ်ဆောင်နေတယ်။ ပထမရည်ရွယ်ချက်က ပြည်သူလူထု အချင်းချင်း စည်းကမ်းဖောက်ဖျက်ရင် တိုင်ကြားစေဖို့ပါ။ နောက်တစ်ခုက လမ်းအသုံးပြုတဲ့ ယာဉ်တွေအနေနဲ့ လမ်းပြောင်းပြန် ကျော်တက်မောင်းတော့ မယ်ဆိုရင် အနောက်မှာ စည်းကမ်းလိုက်နာတဲ့ လမ်းအသုံးပြုသူရှိနေတယ်ဆိုတာ သိစေချင်တယ်။ နောက်တစ်ခုက ပြည်သူက တိုင်ကြားလာတဲ့အမှုတွေကို ဋ္ဌာနဆိုင်ရာချင်း ဖြေရှင်းပေးတာပါ။ အချို့ဟာတွေက မ.ထ.သ နဲ့ ပတ်သက်တာတွေရှိနေတယ်။ နောက်ဆုံးတစ်ခုက ပြည်သူက ယာဉ်ထိန်းရဲအရာရှိ လိုချလန်ဖြတ်စရာမလိုဘဲ စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းနှင်သူကို ဓာတ်ပုံရိုက်ပြီး အရေးယူစေတဲ့ ရည်ရွယ်ချက်တွေပါ။ ဒါ ကြောင့် Viber ကို လုပ်ဆောင်ခဲ့တာ။ အခု လက်ရှိမှာလည်း အောင်လည်း အောင်မြင်ပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက The Daily Eleven သတင်းစာသို့ ဆိုသည်။လက်ရှိတွင် စည်းကမ်းဖောက်ဖျက်သည့် ကိုယ်ပိုင်ယာဉ် ၁၀၀၀ ကျော်၊ တက္ကစီ ယာဉ် ၆၀၀ ကျော်၊ အငှားကုန်တင်ယာဉ် ၁၈၀ ကျော်နှင့် ဘတ်စ်ကား ၃၀၀ ကျော်တို့အား အရေးယူထားကြောင်း သိရသည်။အဆိုပါ စည်းကမ်းချိုးဖောက်ကာ သွားလာမောင်းနှင်သည့် ယာဉ်များအား အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်စာများ ပေးပို့ကာ ကျူးလွန်သည့်အမှု အမျိုးအစားအလိုက် ငွေဒဏ်၊ ထောင်ဒဏ်စသည်တို့ ကို တရားရုံးက ယာဉ်မောင်းနှင်သူများအား ပြစ်ဒဏ်များ ချမှတ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ အရေးယူရာတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်၌ အသစ်ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၇ ရက် မတိုင်မီ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မူလဥပဒေဖြစ်သည့် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့်သာ အရေးယူသွားမည်ဟု သိရသည်။“ကျွန်တော်တို့ဆီကို ဓာတ်ပုံရိုက်ပြီး Viber နဲ့ ပို့တဲ့ပုံတွေကို ယာဉ်ပိုင်ရှင်တွေကို သိစေချင်တယ်။ ဆင့်စာပေးပေမယ့် အချို့ကားတွေက ကုမ္ပဏီအမည်ပေါက်ကားတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဆီ ပြန်ရောက်လာတာတွေရှိတယ်။ အဲဒါကြောင့် သတင်းစာ၊ ဂျာနယ်တွေကနေ ကြေညာနေပါတယ်။ အဓိကကတော့ ငှားထားတဲ့ ယာဉ်တွေ စည်းကမ်းဖောက်ရင်ကားကို ပိုင်ဆိုင်တဲ့ ယာဉ်ပိုင်ရှင်ကို သိစေချင်တာ။ ဘတ်စ်ကားတွေ ကျူးလွန်ရင် အချိန်တန်ရင် ယာဉ်ပိုင်ရှင်က သက်တမ်းတိုးရင် ဒဏ်ငွေတွေပါ လာဆောင်ရမယ်။အရင်က ၁၅၀၀ ဆို ကိစ္စမရှိပေမယ့် အခုက သုံးသောင်းထက်မပိုတဲ့ ဒဏ်ငွေဖြစ်သွားပြီ။ ဒီလိုမျိုးတွေသာ ယာဉ်မောင်းက ကျူးလွန်နေရင် တစ်လကို ဆောင်ရမယ့်ဒဏ်ငွေက တော်တော့ကို များသွားပြီ။ ဒါကြောင့် ကားပိုင်ရှင်တွေအနေနဲ့ သူ့ကားနဲ့ယာဉ်မောင်းက ပြစ်ဒဏ်ကျူးလွန်ထားတယ်ဆိုတာ သိစေချင်တဲ့ အတွက်ပါ”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးက ဒုရဲမှူးဇော်မျိုးထွန်းက ဆိုသည်။အဆိုပါ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူများက Viber မှ တစ်ဆင့် တိုင်ကြားလိုပါက စည်းကမ်းဖောက်ဖျက်သည့် ယာဉ်၏ နံပါတ်ပြားကို ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် ဓာတ်ပုံများကို ပေးပို့ ရန်၊ သတ်မှတ်ထားသည့် လမ်းအမှတ်အသား၊ စည်းတားထားသည့် အမှတ်အသားများ ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်နှင့် ပေးပို့ရာတွင် ကျူးလွန်သည့် ယာဉ်၏ အချိန်၊ နေရာ တို့ကို ထည့်သွင်းပေးပို့ပေးပါရန် စသည့် အချက်များနှင့် ပြည့်စုံသည့်ဓာတ်ပုံများကို ကြည့်၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များ အား အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။Viber မှ ဓာတ်ပုံပေးပို့ကာ တိုင်ကြားမှုနှင့် ပတ်သက်၍ တက္ကစီယာဉ်မောင်းတစ်ဦးအား မေးမြန်းရာ “ဖုန်းနဲ့ ပုံရိုက်ပြီး တိုင်လို့ရတယ်ဆိုတာကို သိပါတယ်။ ကျွန်တော်က စည်းကမ်းမဲ့ ပရမ်းပတာ မောင်းနေတာလည်း မဟုတ်တဲ့အတွက် ကိစ္စတော့မရှိပါဘူး”ဟု ဆိုသည်။စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူလူထုမှ ဓာတ်ပုံရိုက်ကူး၍ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉ ၇၃၀၉၃၂၂၆၊ ၀၉ ၇၉၁၂၀၃၂၈ တို့ကို ဓာတ်ပုံများ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
Viber မှတစ်ဆင့် ဓာတ်ပုံများ ပေးပို့တိုင်တန်းသဖြင့် အရေးယူသည့် အမှုပေါင်း ၂၅၀၀ ကျော်ရှိပြီး လမ်းပြောင်းပြန်မောင်းနှင်မှုမှာ တိုင်ကြားမှုအများဆုံးဖြစ်















