ဝန်ထမ်းမဲနံပါတ်တွေ တောင်းတဲ့ ဝန်ကြီးဌာန၊ ကိုယ်စားလှယ်လောင်း ဝန်ကြီးတွေနဲ့ ကြိုတင်မဲ ပုစ္ဆာ

ဝန်ထမ်းမဲနံပါတ်တွေ တောင်းတဲ့ ဝန်ကြီးဌာန၊ ကိုယ်စားလှယ်လောင်း ဝန်ကြီးတွေနဲ့ ကြိုတင်မဲ ပုစ္ဆာ
Published 1 November 2015
ဆန်းမိုးထွန်း

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ မဲကိစ္စနဲ့ ပတ်သက်လို့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်မှုတွေဟာ မသင်္ကာစရာတွေ တွေ့လာရပါတယ်။ဘယ်လို မသင်္ကာစရာမျိုးလဲဆိုတော့ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေကနေ ညွှန်ကြားစာတွေထုတ်ပြီး ရန်ကုန်မြို့ ဌာနတွေမှာရှိတဲ့ အောက်ခြေဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကို အထက်ညွှန်ကြားချက်လို့ဆိုကာ တောင်းယူနေတာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်) ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကို အထက်က ညွှန်ကြားချက်လို့ဆိုကာ ဌာနကနေ တောင်းယူခဲ့ပါတယ်။“ကျွန်တော်တို့ကို တောင်းတာက ကျွန်တော်တို့ မဲစာရင်းအပြင် ကျွန်တော်တို့ မိသားစုတွေရဲ့ မဲစာရင်းနံပါတ်တွေကိုပါ တောင်းတယ်။ ကျွန်တော်တို့ကို စက်တင်ဘာ ၂၂ ရက်ကမှ အားချင်းပြောပြီး ဒီနေ့ (စက်တင်ဘာ ၂၃ ရက်) မှာပေးရတယ်။ ကျွန်တော့် မိသားစုကတော့ ကျွန်တော် အပါအဝင် နှစ်ယောက်ပေါ့” လို့ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်) မှ လုပ်သက် ၁၅ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ဒီလို တောင်းယူရာမှာ အကြောင်းပြချက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ တောင်းယူခဲ့တာ ဖြစ်တယ်လို့ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်) မှ ဝန်ထမ်းတွေက ဆိုပါတယ်။“ကျွန်တော်တို့ မေးတော့ သူတို့က မသိဘူး။ အထက်က တောင်းခိုင်းလို့ သူတို့က လုပ်ရတာဆိုတော့ အမှန်တကယ် ပြောရရင်တော့ ဝန်ကြီးတွေကနေ စီအမ်အီးကို ညွှန်ကြားမယ်။ စီအမ်အီးကမှ ဌာနဆိုင်ရာ ဂျီအမ်တွေကို ညွှန်ကြားမယ်။ အေအမ်အီးတွေ ဂျီအမ်တွေကနေ ရုံဖိုဝင်တွေကို တာဝန်ပေးမယ်။ ရုံဖိုဝင်တွေကနေ စာရေးကို မင်းကောက်လိုက်ဆိုရင် စာရေးက လုပ်ပေးရမှာပဲ။ စာရေးကတော့ ဘာမှမသိဘူးပေါ့။ လူကြီးပိုင်းလောက်ပဲ သိမယ်” လို့ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်) မှ လုပ်သက် ၁၅ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ဒါ့ပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က လျှပ်စစ်ဝန်ကြီးဌာနမှ ညွှန်ကြားချက် တစ်စောင်ထုတ်ပြီး ရန်ကုန်ခရိုင် လေးခုရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကို တောင်းခံမှု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ဒီညွှန်ကြားချက်ထဲမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ဝန်ထမ်း၊ ဝန်ထမ်းနှင့်အတူ လိုက်ပါနေထိုင်သူ မှီခိုမိသားစုဝင်များ အားလုံး မဲမပေးရသူ မဲမပေးသူ မရှိရအောင် စနစ်တကျ မဲပေးနိုင်ရေးနှင့် ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန လုပ်ငန်းကော်ပိုရေးရှင်းများမှ ဝန်ထမ်းများ၊ အတူနေ မိသားစုဝင်များ ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှု မရှိစေရန်အတွက် သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်၊ ကော်မရှင်ရုံးများတွင် အမည်စာရင်း ပါရှိမှု ရှိ၊ မရှိကို သွားရောက်ကြည့်ရှုပြီး မဲစာရင်းတွင် အမည် မပါဝင်ပါက သတ်မှတ်ပုံစံများဖြင့် လျှောက်ထားကြရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားအပ်ပါသည်လို့ ဖော်ပြပါရှိပါတယ်။ဒါ့ပြင် ခရိုင်မြို့နယ်များအလိုက် ဆန္ဒမဲပေးမည့် ဝန်ထမ်းများနှင့် မှီခိုသူ မိသားစုဝင်များ စာရင်းအား ပူးတွဲပါပုံစံတွင် Font Size 14, Myanmar 3, Excel ဖြင့် ဖြည့်စွက်၍ အောက်တိုဘာ ၆ ရက်အရောက် Soft Copy နှင့်အတူ စီမံခန့်ခွဲရေးဌာန အထွေထွေ စီမံဌာနခွဲသို့ ပေးပို့ကြပါရန် အကြောင်းကြားပါသည်လို့ ဖော်ပြထားပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားရာမှာ “ရုံးစာနဲ့ တောင်းတာပါ။ ဝန်ထမ်းတွေကို အမည်ရယ်၊ မဲစာရင်းကို ကြည့်ပြီးတဲ့သူ ဆိုရင် မဲစာရင်း နံပါတ်ရယ် မှတ်ပုံတင်နံပါတ်ရယ် အဲဒါတွေ တောင်းပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက တောင်းတာပါ။ သူတို့က မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကိုပါ တောင်းတာ” လို့ ပြောပါတယ်။ 
■ ကြိုတင်မဲနှင့် ဝန်ထမ်းတွေရဲ့ သောကဒီလို ဝန်ကြီးဌာနတွေက ညွှန်ကြားစာတွေနဲ့ မဲစာရင်း နံပါတ်တွေကို တောင်းယူတဲ့အတွက် အောက်ခြေဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ကြိုတင်မဲ ဖြစ်သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုက ကြီစိုးလို့နေပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ကြွေးကြော်ထားပေမယ့် အစိုးရ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေက သံသယဖြစ်စရာ ကောင်းလာပါတယ်။လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီဟာ အာဏာရပါတီ ဖြစ်နေတဲ့အပြင် အစိုးရ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေ အနေနဲ့ကလည်း ပါတီကိုယ်စားပြုပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်။ဒါနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့ စိုးရိမ်တာကတော့ ကျွန်တော်တို့ မဲတွေက ကြိုတင်မဲ ဖြစ်သွားမှာကို စိုးရိမ်တာပါ။ ကျွန်တော်တို့ကလည်း အစိုးရဝန်ထမ်း ဖြစ်နေပေမယ့် နိုင်ငံ့တာဝန်ကို ထမ်းချင်လို့ အစိုးရဝန်ထမ်း ဖြစ်နေတာ။ အစိုးရတော့ ပြောင်းချင်ပြီဗျာ” လို့ ဆိုပါတယ်။ 
■ ဝန်ကြီးဌာနတွေရဲ့ ဖြေရှင်းချက်ဒီလို ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေ တောင်းခံတာနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဖြေရှင်းရာမှာတော့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အနေနဲ့ မဲပေးခွင့် မဆုံးရှုံးရအောင်လို့ မဲစာရင်း စစ်ခိုင်းတာ ဖြစ်တယ်လို့ ပြောကြားပါတယ်။“ပထမ မဲစာရင်း မပါသူများကို ပြုစာရင်းများ ပြုစုပေးပါတယ်။ နောက် ပြင်ဆင်ထားသူတွေကို စာရင်းကောက်ပါတယ်။ မဲစာရင်း တစ်ကြိမ်တစ်ခါမှ မပါတဲ့ သူတွေကို ပြုစုတယ်။ ကျွန်တော်တို့ ဥပဒေနဲ့ မညီတာ ဘာမှ မလုပ်ပါဘူး” လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးဇော်မင်းဦးက ပြောပါတယ်။ဒါ့ပြင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းမှ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်ဦးကလည်း “အခု လုပ်နေတဲ့ ကိစ္စကတော့ မဲစာရင်းတောင်းတာ မဟုတ်ဘူး။ သူတို့က မိသားစုဝင်တွေရော၊ ဒီမှာရှိတဲ့ ဝန်ထန်းတွေရော မဲပေးတဲ့အခါမှာ ပြည့်ပြည့်စုံစုံ ပြီးတော့ တချို့တလေက မဲပေးခွင့် မသိတဲ့ အခါမှာ အဲဒါတွေ ကျန်မှာစိုးလို့ စစ်ဆေးခိုင်းတာပါ။ မဲပေးရမယ့် စာရင်းကို တောင်းတာ မဟုတ်ပါဘူး။ မဲပေးဖို့ အကျုံးဝင်တဲ့ စာရင်း အဲဒါကို လူတိုင်းက သူ့ဟာသူ မဲပေးရမယ့် စာရင်း အတည်ပြုတာပါ” လို့ ဆိုပါတယ်။ဒီလို အောက်ခြေဝန်ထမ်းနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကို ဝန်ကြီးဌာနတွေ အနေနဲ့ တောင်းခံမှုတွေ ရှိနေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပေမယ့်လည်း နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကနေ ဝန်ထမ်းတွေနဲ့ မှီခိုသူ မိသားစုတွေရဲ့ မဲစာရင်းမှာ ပါဝင်တဲ့ မဲစာရင်းနံပါတ်နဲ့ မဲရုံတည်နေရာ အခြေအနေကို တင်ပြဖို့အတွက် ဒုတိယ အမြဲတမ်း အတွင်းဝန်ရဲ့ ညွှန်ကြားချက် တစ်စောင်ဟာ အောက်တိုဘာ ၂၀ ရက်မှာ ထွက်ပေါ်လာပါတယ်။ညွှန်ကြားစာထဲမှာတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က စတင်ကာ တစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများ အားလုံးတွင် ကြေညာထားပြီး ဖြစ်ကြောင်းနှင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များ၏ မဲစာရင်း ပါဝင်မည့် မဲစာရင်းနံပါတ်နှင့် မဲရုံတည်နေရာကို စာရင်းပြုစုပြီး ဝန်ကြီးရုံးသို့ ပြန်လည်တင်ပြရန် ဒုတိယ အမြဲတမ်း အတွင်းဝန်မှ အောက်တိုဘာ ၁၉ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ခြင်းကြောင့် ဌာနခွဲ/စက်ရုံ အသီးသီးမှ ဝန်ထမ်းအားလုံးနှင့် မှီခိုသူ မိသားစုဝင်များ၏ မဲစာရင်း ပါဝင်ပြီး မဲနံပါတ်စာရင်းနှင့် မဲရုံတည်နေရာ မြို့နယ်/ရပ်ကွက်များကို ပူးတွဲပါ ဇယားအတိုင်း ဖြည့်စွက်ပြီး အောက်တိုဘာ ၂၆ ရက် အရောက် နေပြည်တော် (ရုံးချုပ်) စီမံရေးရာဌာနသို့ ပြန်လည်တင်ပြရန် အကြောင်းကြားအပ်ပါသည်လို့ ဖော်ပြပါရှိပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက ပြောကြားရာမှာ “ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ပုံစံနဲ့ လုံး၀ လွဲပါတယ်။ အဓိကကတော့ ဝန်ထမ်းတွေရဲ့ မဲပေးခွင့်ကို မဆုံးရှုံးစေဖို့နဲ့ ဝန်ထမ်းတွေကို မဲသွားပေးတဲ့ အခါမှာ အဆင်ပြေစွာ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့က ပြောထားတာ ရှိပါတယ်။ အရင်ဆုံးက ဝန်ထမ်းတွေကို မဲစာရင်းမှာ ပါ၊ မပါကို အဓိက ကြည့်စေဖို့ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အဲဒီမှာ မဲပေးရာမှာ လျင်မြန်စေဖို့အတွက် မဲစာရင်း နံပါတ်ကို အသိပေးဖို့၊ သူတို့ရဲ့ မဲစာရင်းနံပါတ်က ဘယ်လိုသိသင့်တယ်ဆိုတာ ဝန်ထမ်းတွေကို ကျွန်တော်တို့က ချပြဖို့ ရှိပါတယ်။ နောက်တစ်ခုက မဲရုံးထဲမှာ တကယ်လိုက်နာရမယ့် အချက်တွေ ဥပမာ ပယ်မဲဆိုရင် ဘယ်လို။ အဲဒီ အချက်တွေကို ကျွန်တော်တို့က ဝန်ထမ်းတွေကို သိစေဖို့ပါ။ နောက်တစ်ခါ ပုံစံ ၃ (က) နဲ့ လျှောက်ထားတဲ့သူတွေ ရှိတယ်ဆိုရင် အဲဒီသူတွေက တကယ်ရော ပါပြီလား၊ မပါသေးဘူးလား။ မပါသေးဘူး ဆိုရင်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်တွေနဲ့ ညှိပြီး လုပ်ဖို့အတွက်လည်း ညွှန်ကြားထားတာ ရှိပါတယ်” လို့ ဆိုပါတယ်။ 
■ အထက် ညွှန်ကြားချက်နဲ့ ရှင်သန်နေရတဲ့ ဝန်ထမ်းဘဝဒီလို အစိုးရ ဝန်ကြီးဌာနတွေ အနေနဲ့ အောက်ခြေဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကို တောင်းယူနေတဲ့ အပေါ်မှာ ဝန်ထမ်းတွေက သံသယတွေ ရှိနေပါတယ်။လက်ရှိ မဲစာရင်း နံပါတ်တွေ ကောက်ယူနေတဲ့ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ကြည့်မယ်ဆိုရင် အများစုဟာ ဝန်ထမ်းလိုင်းခန်းတွေမှာ နေနေကြတဲ့သူတွေ ဖြစ်နေတာကို တွေ့ရမှာပါ။စားဝတ်နေရေး ကျပ်တည်းလှတဲ့ ရန်ကုန်မြို့ကြီးမှာ ဝန်ထမ်းဘဝနဲ့ မိသားစု တစ်စုလုံး ရှင်သန်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒီလို အနေအထားမျိုးမှာ ဝန်ထမ်းလိုင်းခန်းမှာ နေနေရတဲ့ အောက်ခြေက ဝန်ထမ်းတွေ အနေနဲ့ ဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့ ပတ်သက်လို့ ငြင်းပယ်နိုင်ဖို့ ခွန်အား မရှိနိုင်ပါဘူး။ ဒါကြောင့်မို့လည်း ဝန်ထမ်းတွေဟာ အထက်က ညွှန်ကြားချက် ဆိုတာနဲ့ ဘာကိုမှ ငြင်းဆန်ခြင်း မရှိတော့ဘဲ လက်ညှိုးထောင် ခေါင်းညိတ် လုပ်နေရတဲ့ ဘဝတွေ ဖြစ်နေခဲ့တာပါ။ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့မီးရထားစက်ရုံ စက်ခေါင်းစက်ရုံ (အင်းစိန်) မှ ဝန်ထမ်းတစ်ဦးက “သူတို့တောင်းတဲ့ မဲစာရင်းကို ကျွန်aတာ်တို့က မပေးဘူးဆိုရင် ဘာလုပ်မလဲ ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ သူတို့ လက်ထဲမှာပဲ ရှိတယ်။ ဒီလူတစ်ယောက် ကလန်ကဆန် လုပ်မယ်ဆိုရင် စာထွက်လာမှ သိမှာ။ ဘယ်နယ်ကို ဆိုပြီးတော့ စာထုတ်လိုက်မယ်။ ဒီတိုင်း ဘလိုင်းကြီးကတော့ ပြဿ နာရှာမှာ မဟုတ်ဘူး။ လူကြီး ဆိုတာကတော့ လက်သိပ်ထိုး လက်မှတ်ထိုးပြီးတော့ ဘယ်နယ် ဥပမာ ဘူးသီးတောင် မောင်တောတို့ မော်လမြိုင်ဆို မော်လမြိုင်ပေါ့။ ကချင်ပြည်နယ်ဆို ကချင်ပြည်နယ် အဲဒီလိုမျိုး လွှတ်လိုက်မှာ။ လုပ်ပိုင်ခွင့်က သူတို့လက်ထဲမှာပဲ ရှိတာကိုး” လို့ ဆိုပါတယ်။ဒါကြောင့်လည်း ခုလို ဝန်ကြီးဌာနတွေကတောင်းတဲ့ မဲနံပါတ်တွေကို ဝန်ထမ်းတွေက ပေးခဲ့ရပေမယ့် ကျေနပ်မှု မရှိတာကြောင့် မီဒီယာ စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ 
■ ကြိုတင်မဲပေးခွင့်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေနဲ့ နည်းဥပဒေအရ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲဆန္ဒနယ်အတွင်း ရှိပေမယ့် မဲရုံကို မလာရောက်နိုင်တဲ့ မဲဆန္ဒရှင်တွေကို သတ်မှတ်ထားတာကတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲဆန္ဒနယ်ရဲ့ ပြင်ပကို ခရီးဝေးသွားဖို့ ရှိသူ၊ အသက်အရွယ် ကြီးရင့်သူ၊ အနာကြီးရောဂါ စွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူ၊ မီးဖွားနေသူ၊ မသန်စွမ်းသူ၊ အချုပ်ခံနေရသူ၊ ဆေးရုံတက်ရောက်နေသူ၊ အတွင်းလူနာ၊ ရွေးကောက်ပွဲနေ့မှာ ဒေသကျော်လွန်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။ဒီလို ထုတ်ပြန်ကြေညာထားချက်အရ ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲနေ့မှာ ဒေသကျော်လွန်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်းလို့ပဲ ပါပါတယ်။ဒါပေမဲ့ ဝန်ကြီးဌာနတွေက ကောက်ယူခဲ့တဲ့ ဝန်ထမ်းတွေကို ကြည့်မယ်ဆိုရင် ရန်ကုန်မှာရှိနေတဲ့ ဝန်ထမ်းတွေရဲ့ မဲစာရင်း နံပါတ်တွေကို နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေက ကောက်ယူခဲ့တာကို တွေ့ရမှာပါ။ဒီနေရာမှာ မေးစရာ ရှိလာတာက ဝန်ကြီးဌာနတွေ အနေနဲ့ နေပြည်တော်ကနေ ရန်ကုန်က ဝန်ထမ်းတွေရဲ့ မဲစာရင်း နံပါတ်အပြင် မိသားစုဝင်တွေရဲ့ မဲစာရင်း နံပါတ်တွေကိုပါ ဘာလို့ တောင်းရတာလဲ ဆိုတာပါပဲ။ဒါဟာ မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိမလာနိုင်ဘူးလို့ ဘယ်သူကမှ အာမမခံနိုင်တဲ့ကိစ္စ ဖြစ်နေပါတယ်။“ဒါကြီးကတော့ ကျွန်တော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဘာလို့ မဖြစ်သင့်လဲဆိုရင် အကျိုးအကြောင်း ဆီလျော်မှုလေးပေါ့။ ဘယ်သူ့အတွက်ကို ငါတို့ကတော့ ပေးရမှာမို့လို့ ကောက်တယ်ဆိုလို့ရှိရင် ထားလိုက်တော့။ အခုဟာက ဘယ်သူဘယ်ဝါမှန်း မသိဘဲနဲ့ မဲစာရင်း နံပါတ်ကြီး ကောက်သွားပြီး ကျွန်တော်တို့က ဒီမှာ မဲပေးပြီးတော့ ဒီကမဲက ပယ်မဲဖြစ်ပြီး သူတို့ကို ပေးလိုက်တဲ့ ကျွန်တော်တို့ မဲနံပါတ်နဲ့ သူတို့က ထည့်လိုက်မယ်ဆို ဒီမှာ မဲပေးတာက အလဟဿ ဖြစ်သွားပြီ။ ဒါမျိုး ကျွန်တော်တို့လည်း ကိုယ့်ရဲ့ဆန္ဒ မပါတဲ့ အလုပ်တစ်ခုကို မလုပ်ချင်ဘူး” လို့ မြန်မာ့မီးရထား စက်ခေါင်းပြင်စက်ရုံ (အင်းစိန်) မှ ဝန် ထမ်းတစ်ဦးက ဆိုပါတယ်။ကြိုတင်မဲပေးပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ အောက်တိုဘာ ၂၀ ရက်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း ပေးနိုင်မယ်လို့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ အင်းစိန်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဇင်မိုးက “ဝန်ကြီးဌာန အနေနဲ့ အခု ကောက်လိုက်တဲ့ စာရင်းတွေက ဘယ်အထဲ ရောက်သွားမလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ ဒါက ကြိုတင်မဲ အနေနဲ့ ဖြစ်သွားနိုင်မလား။ ကျွန်တော်တို့ စဉ်းစားတဲ့ တစ်ချက်ပေါ့။ ကျွန်တော်တို့ NLD အနေနဲ့ အဲဒါ ကိုစိုးရိမ်တယ်။ နောက်တစ်ခုက အထက်ပါဝါနဲ့ ခြိမ်းခြောက်တဲ့ ကိစ္စ အဲဒါကိုတော့ လုံး၀ မကြိုက်ဘူး” လို့ ဆိုပါတယ်။လက်ရှိမှာ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ မဲနံပါတ်တွေကို ကောက်ယူထားတဲ့ ဝန်ကြီးဌာနတွေထဲကမှ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုး ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သလို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ ဦးပိုက်ထွေးကတော့ မကွေးတိုင်းဒေသကြီး ကံမမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 
■ ကြိုတင်မဲပြဿနာ စပြီရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်မှာ တပ်မတော်သားတွေရဲ့ ကြိုတင်မဲတွေကို ရှေ့တန်းထွက်ခြင်း မရှိတဲ့ တပ်မတော်သား ၁၀၆ ဦးထံမှ လာရောက်ကောက်ယူခြင်း ဖြစ်ပွားခဲ့တာကြောင့် ယင်းမဲတွေကို ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲထံ အောက်တိုဘာ ၂၂ ရက်က တင်ပြထားတယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ နမ့်စန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်က “မနေ့က ရက်စွဲနဲ့ ကြိုတင်မဲပေးထားတာ ရှိတယ်။ စလခ တပ်က ၁၀၆ ယောက် ကြိုတင်မဲတောင်းသွားတယ်။ တပ်က လေတပ်ဆိုတော့ အပြင်ထွက်စရာ အကြောင်းလည်း မရှိဘူး။ ဒီနေ့ ကော်မရှင်ကိုပြောပြီး ကန့်ကွက်ထားတယ်။ အကြောင်းမပြန်ဘူး။ နည်းဥပဒေအရ ဒီရက်မှာ ကြိုတင်မဲ မယူရဘူးလို့ ရှိထားတဲ့အပေါ် သူတို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာ သိချင်တယ်” လို့ ပြောပါတယ်။ 
■ ရွေးကောက်ပွဲ ကော်မရှင် ဘာလုပ်ပေးမလဲသန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဘယ်ပါတီ အမှတ်တံဆိပ်ကိုမှ မျက်နှာသာ မပေးဘဲ ဥပဒေအတိုင်း ထိထိရောက်ရောက် ကိုင်တွယ် အရေးယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။မဲစာရင်းကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ပြစ်တင်ဝေဖန် ရှုတ်ချမှုကို ခံခဲ့ရသလို လက်ရှိအချိန်မှာ ဖြစ်ပျက်လာနိုင်တဲ့ ကြိုတင်မဲ အရှုပ်အရှင်း ကိစ္စကို ဥပဒေအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း မရှိပါက သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖွယ်ရာ မရှိသလို ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း သမိုင်းတရားခံ ဖြစ်သွားနိုင်တာကြောင့် ဒါကို အထူးအလေးထားဖို့ လိုအပ်ပါလိမ့်မယ်။ဝန်ကြီးဌာနတွေ အနေနဲ့ ဝန်ထမ်းနဲ့ မိသားစုဝင်တွေရဲ့ မဲနံပါတ်တွေ တောင်းခံတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက “မရိုးမသား လုပ်တယ်ဆိုတာက ဒီအချိန်မှာတော့ မပေါ်နိုင်ဘူး။ အခုဟာက ရွေးကောက်ပွဲ အကြိုကာလလေ။ အဲဒီတော့ မပေါ်လွင်နိုင်ဘူး။ တကယ်လို့ မရိုးမသား လုပ်တယ်ဆိုရင် သူတို့ရဲ့ မရိုးမသားလုပ်မှုက ဘယ်အချိန်မှာ ပေါ်လွင်မလဲဆိုတော့ ရွေးကောက်ပွဲ ကာလမှာ ပေါ်လာလိမ့်မယ်။ တကယ်မဲပေးတဲ့ အချိန်ကျမှ မရိုးမသား လုပ်တာက ပေါ်လာမှာလေ။ အဲဒီချိန်ကျရင် အဲဒီလိုမျိုး ပေါ်လာတယ်ဆိုရင် အဘတို့ ကော်မရှင်ကို ပြောပါ။ ရန်ကုန်တိုင်း ကော်မရှင်ကို ပြောပါ။ တစ်ဖက်က ကိုယ်စားလှယ်လောင်းကိုလည်း ပြောလို့ရတယ်။ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းကိုလည်း ပြောလို့ရတယ်။ အဲတော့ ဒီလို မရိုးမသား လုပ်ပါတယ် ဆိုတာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက ကန့်ကွက်လို့ ရတယ်” လို့ ဖြေကြားသွားပါတယ်။

Most Read

Most Recent