ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် အီမရန်ခန်း လက်ထပ်ပြီး ၁၀ လအကြာတွင် ကွာရှင်းမည်

ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် အီမရန်ခန်း လက်ထပ်ပြီး ၁၀ လအကြာတွင် ကွာရှင်းမည်
Published 31 October 2015
Ref: AFP

ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင်နှင့် ခရစ်ကတ် ကစားသမားဟောင်း အီမရန်ခန်းသည် ရုပ်သံဂျာနယ်လစ်နှင့် လက်ထပ်ပြီး ၁၀ လအကြာတွင် ကွာရှင်းတော့မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၆၂ နှစ်အရွယ်ရှိ အီမရန်ခန်းသည် ဘီဘီစီ သတင်းဌာနတွင် မိုးလေဝသ အစီအစဉ် တင်ဆက်သူ လုပ်ခဲ့ဖူးသည့် ကလေးသုံးယောက် မိခင်ရီဟမ်ခန်းနှင့် ယခုနှစ် ဇန်နဝါရီတွင် အစ္စလာမ္မာဘတ်ရှိ ၎င်း၏နေအိမ်၌ မင်္ဂလာပွဲ ကျင်းပခဲ့သည်။
“လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး ကွာရှင်းခွင့် တင်ခဲ့တယ်”ဟု ရီဟမ်ခန်းက အောက်တိုဘာ ၃၀ ရက်တွင်သူ၏ Twitter မှ ကြေညာခဲ့သည်။
ရီဟမ်၏ ကိုယ်ကျင့်တရား၊ အလုပ်အတွက် ဝါသနာကြီးမှုနှင့် ဆင်းရဲနွမ်းပါးသူများကို ကူညီမှုတို့ကို လေးစားကြောင်း အီမရန်ခန်းက Twitter တွင် ရေးသားခဲ့သည်။ နှစ်ဦးသဘောတူ ကွာရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အီမရန်ခန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Naeemul Haque က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ခရစ်ကတ် ကစားသမားဟောင်းဖြစ်သည့် အီမရန်ခန်းသည် ဗြိတိန်ဂျာနယ်လစ်နှင့် တက်ကြွ လှုပ်ရှားသူ ဂျီမီမာဂိုးလ်စမစ်နှင့်လည်း လက်ထပ်ခဲ့ပြီး ကိုးနှစ်အကြာ ၂၀၀၄ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ခန်းသည် ဂိုးလ်စမစ်နှင့် ကလေးနှစ်ဦး ရရှိခဲ့သည်။
“အခုအချိန်က ကျွန်တော်၊ ရီဟမ်နဲ့ မိသားစု ဝင်တွေအတွက် စိတ်မချမ်းမြေ့စရာ အခြေအနေပါ။ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စကို ထောက်ထားပြီး မေးမြန်းတာတွေ မလုပ်ဖို့ တောင်းဆိုပါတယ်”ဟု အီ မရန်ခန်းက Twitter တွင် ရေးသားခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ အောင်မြင်မှုအရှိဆုံး ခရစ်ကတ်အသင်း ခေါင်းဆောင်ဖြစ်သည့် ခန်းသည် ၁၉၉၂ ခုနှစ် ခရစ်ကတ် ကမ္ဘာ့ဖလားတွင် အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရကို ဖြုတ်ချရန်အတွက် လှုပ်ရှားမှု စတင်ခဲ့ပြီးနောက် အိမ်ထောင်ပြုမည့် အစီအစဉ်ကို မထုတ်ပြန်မီတွင် ခန်းသည် ပါကစ္စတန်နိုင်ငံအတွက် ရွေးချယ်ရန် အသင့်တော်ဆုံးသူဟု သုံးသပ်ခံခဲ့ရသည်။
ရုပ်သံအစီအစဉ် တင်ဆက်သူ ရီဟမ်ခန်းသည် ခင်ပွန်းသည်၏ ကျော်ကြားမှုမှ တစ်ဆင့် သူ၏ပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားသည်ဟု ဝေဖန်ခံခဲ့ရသည်။ ခန်း၏ မိဘများသည် ခန်း၏သတို့သမီး ရွေးချယ်မှုကို စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်ဆိုသော သတင်းများလည်း ထွက်ရှိခဲ့သည်။

Most Read

Most Recent