နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရေးနှင့် ကိုအောင်မှိုင်းဆန်းအား ထောက်ခံဝန်းရံခြင်း အခမ်းနားကို ပြည်မြို့၌ ပြုလုပ်

နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရေးနှင့် ကိုအောင်မှိုင်းဆန်းအား ထောက်ခံဝန်းရံခြင်း အခမ်းနားကို ပြည်မြို့၌ ပြုလုပ်
Published 28 October 2015
ဝေလင်း(ပြည်)

နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးနှင့် သာယာဝတီ အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသည့် ကိုအောင်မှိုင်းဆန်းအား အားပေး ဝန်းရံထောက်ခံသည့် အလေးပြု ဦးညွှတ်ခြင်း အခမ်းနားကို ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဗ.က.သ ကျောင်းသားများကပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းအခမ်းနားကို ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့နံနက် ၉ နာရီမှ စတင်ကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ ဒီမိုကရေစီ တောင်းဆိုရေ တိုက်ပွဲတွင်ကျဆုံးသွားသည့် ရဲဘော်များကိုအလေးပြုခြင်း နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး တစ်မိနစ်ငြိမ်သက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။“ဒီမိုကရေစီကူးပြောင်းပါတယ်လို့ပြောနေတဲ့အစိုးရကတော့ နိုင်ငံရေးအကျဉ်းသားတွေကိုတစ်ယောက်မှ မကျန်ဘဲလွှတ်ပေးသင့်တယ်။ ကိုအောင်မှိုင်းဆန်းကို ဘာကြောင့် ထောက်ခံရသလဲ ဆိုတော့ ဘာသာရေးအရ ပြောမယ်ဆိုရင် မိမိရဲ့ဆွေမျိုးညာတကာတွေအတွက် မိမိရဲ့အသက်ကိုစွန့်လွှတ်ပြီးတော့ တောင်းဆိုတယ်။ လာမယ့် ရွေးကောက်ပွဲများမှာလည်းနိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးပါလို့ တောင်းဆိုတယ်။ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားတစ်ရာကျော်ရှိတယ်။ အမှု တည်ဆောက်ဆဲ၊ တရား စီရင်ဆဲ၊ ဖမ်းဆီး ထားတဲ့ အလုပ်သမား၊ တောင်သူ လယ်သမား၊ ကျောင်းသားတွေကို အမြန်လွှတ်ပေးပါလို့ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်ခရိုင်)မှ ယာယီတာဝန်ခံဦးကျော်ဆန်းကပြောသည်။ယင်းကျေုာက်ရုပ်တွင် အလေးပြုဦးညွှတ်ခြင်းကို ၉ နာရီမှ ၁၀ နာရီထိ ကြိုတင်ခွင့် ပြုချက်ရယူခဲ့ပြီး အဆိုပါ အစီစဉ်အပြီးတွင် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ဗ.က.သ ကျောင်းသားများက ဗိုလ်ချုပ်ကျောက်ရုပ်မှ ရွှေဆံတော်ဘုရားသို့ အလံကိုင်လှမ်းလျှောက်ကာ ဘုရားရင်ပြင်တော်၊ တနင်္ဂနွေထောင့် တွင် အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် ကိုအောင်မှိုင်းဆန်းကျန်းမာရေးအတွက်တောင်းဆို ဆုတောင်းခြင်း တို့ကိုပြုလုပ်ခဲ့ကြသည်။“ ကိုအောင်မှိုင်းဆန်းနဲ့အတူကျွန်တော်တို့ကျောင်းသူကျောင်သားတွေ လိုက်ပါဝန်းရံပေးကြတဲ့မိဘပြည်သူတွေ လွတ်မြောက်ဖို့အတွက် ဒီအချိန်မှာဆုတောင်းပွဲပြုလုပ်တာပါ အခုလိုဖမ်းဆီးတာတွေရိုက်နှက်တာတွေက တိုင်းပြည်အနာဂတ်မှာ နစ်နာမှုအများဆုံးပဲလို့အစိုးရကိုပြောချင်တယ်”  ဟု ဗ.က.သ ကျောင်းသားများ(ပြည်ခရိုင်) မှ ပြန်ကြားရေး ကိုဖြိုးဝေကပြောသည်။ယင်းဆိုတောင်းပွဲသို့ နတ္တလင်းမြို့နယ်၊ ပြည်၊ ရွေတောင်၊ ကံမ မြို့နယ်တို့မှ ဗ.က.သ ကျောင်းသား ကိုယ်စားလှယ်များ လာရောက်ပူးပေါင်းခဲ့ကြြ့ပီး ကိုအောင်မှိုင်းဆန်းထောက်ခံဝန်းရံခြင်းပွဲကို ပြည်မြို့၌ ဒုတိယအကြိမ်ပြုလုပ်သော အခမ်းနားလည်းဖြစ်သည်။                                                                                                     

Most Read

Most Recent