အခါး

အခါး
Published 22 October 2015
ဒေါက်တာမျိုးသင်း

 “ညောင်ပင်ကြီး… အသီးတွေဝေရင်.. စားသောက်ကာ တစ်ပင်ကိုပြောင်းတဲ့… ဒုက္ခ အဟုတ် တစ်မျိုးဆက်လာ.. ရွှေကျေးမနုဿ မုဆိုးလက်မှာ… အလှနွမ်းတဲ့ ချစ်သောဒေဝစ္ဆရာ… ရှောင်ခွာချင်.. အနေမမြဲ.. ကြောင်လျှာပင်… သန္ဓေစွဲသူမို့ …စကားကတမာ… မျက်နှာထားက ဂန့်ဂလာ…”
ငယ်စဉ်က ကာလသားတွေ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သော အဆိုတော် ဟင်္သာတ အောင်တင်ဝင်း၏ “ပိုးကိုက်တဲ့ပန်း” သီချင်း ဖြစ်သည်။ ပိုးကိုက်သည့်ပန်းကိုမှ စိုက်ခဲ့မိသော သနားစရာဥယျာဉ်မှူး၊ သို့မဟုတ် သစ္စာမဲ့သည့် ချစ်သူကိုမှ ချစ်ခဲ့မိသော လူရွယ်တစ်ယောက်အကြောင်း။ “ပိုးကိုက်ပါလာသည့် … ပန်း….ကို ပွင့်လာသောအခါ … ဥယျာဉ်မှူးခမျာ … ပန်းတစ်ပင်လုံးကို … အမြစ်ပါ မကျန်အောင် … တူးဆွ၍ ပစ်ရိုးမရှိခဲ့ပါ” တဲ့။ ရင်နှင့်ရင်းပြီး စိုက်ထားသည့် အပင်ပေပဲ၊ ဘယ်ပစ်ရက်ပါ့မလဲလေ။
ငယ်စဉ် တမာရွက်ကတော့ ခဏခဏ စားခဲ့ဖူးသည်။ တောသူတောင်သားတို့၏ နွေရာသီ စားသောက်ဖွယ်ထဲမှာ ငါးပိရည်ဖျော် သို့မဟုတ် ငံပြာရည်ချက်နှင့် တမာရွက် အတို့အမြှုပ်က ဘယ်တော့မှ မရိုးနိုင်၊မမုန်းနိုင်သည့် အဓိက ဟင်းလျာ။ ကြောင်လျှာသီးကြော်ကို တစ်ခါတလေ စားခဲ့ဖူးသည်။ အခါးထက် ဖန်သည်ဆိုလျှင် ပိုမှန်မည်လား မသိ။ စားလို့ကတော့ သိပ်မဆိုး။ ကျန်းမာရေးအတွက် ကောင်းသည်ဆိုသဖြင့် ရေစပ်စပ်နှင့် ကန့်ကလာ ရွက်ချက်ကိုလည်း မြည်းခဲ့ဖူးသည်။ ခါးလိုက်သည့်ဖြစ်ခြင်း။ အရိုးထဲရော အသားထဲပါ စိမ့်ဝင်သွားစေနိုင်သည့် အခါးမျိုး။
ထိုစဉ်က ရွာမှာ အထက်တန်းကျောင်း မရှိသဖြင့် မြို့ပေါ်ကျောင်း ပြောင်းတက်သည့် အထက်တန်း ကျောင်းသားဘဝမှာ အချိုနှင့် တွဲလျက် အခါးကို စတင် ခံစားခဲ့ဖူးသည်။ ရွှေဘိုမှာ ချိုခါးဟုခေါ်ပြီး မန္တလေးမှာ ဖန်ချိုဟုခေါ်သည့် လက်ဖက်ရည် အမျိုးအစားကို တက္ကသိုလ် ကျောင်းသားဘဝရောက်သည် အထိ မသောက်တတ်ခဲ့။ တောသားပီပီ တကယ်တမ်း သောက်ချင်သည်က ကျောက်ပန်းတောင်းဟု အမည်ပေးထားသည့် လက်ဖက်ရည် ချိုရဲရဲသာ ဖြစ်သည်။ သို့တစေ ကျောက်ပန်းတောင်း မှာသောက်သူများကို ဆိုင်အတွင်းရှိ အခြားသူများက ဝိုင်းဝိုင်းပြီး ကြည့်လေ့ရှိသဖြင့် ကျောက်ပန်းတောင်းအောက် တစ်ထစ်လျော့ကာ ချိုဆိမ့် လောက်ဖြင့်သာ ကျေနပ်ခဲ့ရ၏။ ကျောက်ပန်းတောင်းကို မသောက်ဖူးသဖြင့် ချိုဆိမ့်ထက် ဘယ်လောက် အထိ ပိုချိုလဲတော့မသိ။ ဒါမှမဟုတ် ကျောက်ပန်းတောင်း သောက်ချင်သူတွေ ရဲရဲသောက်လို့ရအောင် သက်သက် နာမည်ထွင်ပေးထားတာလည်း ဖြစ်နိုင်သည်။
ကော်ဖီနှင့် လက်ဖက်ရည်ချိုခါး ဘယ်ဟာက ပိုခါးပြီး ဘယ်ဟာက ပိုကောင်းသလဲ မသိသော်ငြား တက္ကသိုလ် ကျောင်းသားဘ၀ မှာ အဆိုတော်ချစ်ကောင်း၏ “ကော်ဖီခါးခါး”သီချင်း ခေတ်စားလာသည့် နောက်ဝယ် လက်ဖက်ရည်က ယာယီ နောက်ကောက်ကျ သွားတာကတော့ သေချာသည်။ ညဘက် စာကျက်ရင်း အိပ်ချင်လာလို့ ဇီဇဝါဆောင်ရှေ့က“ပန်းမဉ္ဇူ”၌ လက်ဖက်ရည် သွားသောက်သည့် အခါမျိုးတွေမှာ အမျိုးသမီးဆောင်အတွင်းမှ  “ချစ်ကောင်းတစ်ခွက်” ဆိုပြီး ကော်ဖီ လှမ်းမှာသည့်အသံကို မကြာခဏ ကြားဖူးသည်။ ကော်ဖီခါးခါး တစ်ခွက်ဆိုလျှင် ရပါလျက် ချစ်ကောင်းဟု မှာပုံထောက်တော့ သီချင်းလည်း ခိုက်၊ ကော်ဖီလည်း ကြိုက်နေမှာပေါ့လေ။
အခါးနှင့် ပတ်သက်၍ ယောမင်းကြီး ဦးဘိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်းမှာ “အခါးသည် အေး၏။ မူးဝေသောအနာ၊ ဖျားသောအနာ၊ သည်းခြေနာ၊ သလိပ်နာတို့ကို နိုင်၏။ ပိုးနာ၊ နူနာ၊ အဆိပ်သင့်သော အနာ၊ အစာမကြေဘဲ အစာပွသောအနာ၊ ပူလောင်သောအနာ၊ သွေးနာတို့ကို နိုင်၏။ လည်ချောင်း နို့ရည်တို့ကို သုတ်သင် ရှင်းလင်းတတ်၏။ လေပျက်၏။ ဝမ်းမီးတောက်၏။ နှာခေါင်းကို ခြောက်စေတတ်၏။ အဆီမရှိ၊ ကြေလွယ်၏။”ဟူ၍ အခါး၏ ဂုဏ်သတ္တိကို နှိုက်နှိုက်ချွတ်ချွတ် ရှာရှာဖွေဖွေ တင်ပြထားသည်။ ဆိုးကျိုးအနေဖြင့် အခါးကို များစွာစားလျှင် ခေါင်းကိုက်ခြင်း၊ ကုတ်ကြော တောင့်တင်းခြင်း၊ ပင်ပန်းခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ မူးခြင်း၊ ရေငတ်ခြင်း၊ အားကုန်ခန်းခြင်း၊ သုတ်ကုန်ခန်းခြင်းတို့ကို ဖြစ်စေတတ်ကြောင်းကိုလည်း သတိပေးထား၏။
အသေအချာ တွေးကြည့်တော့ သင့်တင့်မျှတရုံ စားလျှင် အခါးဓာတ်သည် ယာယီမျှသာ ဖြစ်ပြီး ရေရှည်မှာတော့ ကျေနပ်နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ကြောင်း တွေ့ရသည်။ သို့အတွက် ကြောင့်လည်း ကြောင်လျှာသီးကြော် မြင်တိုင်း ဟင်းခွက်ကို မနှိုက်ဘဲ မနေနိုင်သလို ငါးပိရည်ဖျော်တို့၊ ငံပြာရည်ချက်တို့ ဆိုလျှင်လည်း ရာသီချိန်ဆိုလျှင် တမာရွက်နုကို လက်လှမ်းမိသည်ချည်းသာ။ သေချာသည်ကတော့ ခါးသည့် အစားအသောက်များသည် ခံတွင်း မြိန်စေရုံမျှသာဖြစ်ပြီး နှလုံးသားထိရောက်အောင် မခါးဆိုသည့် အချက်ပင် ဖြစ်သည်။
အခါးဓာတ်ရှိသည့် အစားအသောက်များသည် နှလုံးအိမ်ကို ချိုမြိန်စေသည်ဆိုလျှင် ခါးသီးသော စကားလုံးများသည်ရော နှလုံးသားနှင့် အသားကျပါရဲ့လား။ ဒါကတော့ ပြောသူ၏ စေတနာနှင့် ဆိုင်မည်ဟု ထင်သည်။ စေတနာမှန်လျှင် ပြောသည့်အချိန်၌ ခါးကောင်း ခါးနေမည်ဖြစ်သော်လည်း တစ်ချိန်ချိန်မှာတော့ ဧကန် ချိုလာပါလိမ့်မည်။ စေတနာမစစ်လျှင်တော့ ကြာကြာဝါးမှ ခါးမှန်းသိဆိုသလို အချိန်ကြာလာသည်နှင့်အမျှ ပိုပိုပြီး ခါးဖို့သာ ရှိချေ၏။ ခါးတူးလန်ဟု ပြောလျှင် လွန်သွားမလားမသိ။
လတ်တလော ကြားနေကြရသည့် စကားလုံးတွေကတော့ နားထဲရော နှလုံးသားမှာပါ ချိုရန် ခက်ခဲနေမည်လား တွေးမိသည်။ ကြားသည့်အခိုက် ရယ်လည်း ရယ်ချင်၏။ တကယ်ပြောတာဟုတ်ရော ဟုတ်နိုင်ပါ့မလား။ သည်အရွယ်တွေမှာ သည်အပြောမျိုး မပြောတန်ရာ။ လူ့သဘောအရ တစ်ဆင့်ပြီးတစ်ဆင့် ချဲ့ကားလာလေသလား တွေးရအောင် စာနှင့်ပေနှင့် အခိုင်အမာဆိုတော့ အခက်သားလား။ ပြန်တွေးကြည့်တော့လည်း ရှေးမဆွကပင် ဒီလိုအပြောမျိုးတွေ ကြားဖူးနေကျဆိုတော့ မပြေးသော်လည်း ကန်ရာရှိနေခဲ့သည်လေ။
လျှာခလုတ်တိုက်သည်ဟု ပြောရအောင် လေယူလေသိမ်းက အနာကို တုတ်နှင့်ရိုက်သလို ဖြစ်နေသည်။ စကားထဲမှာ မြော်မြင်မှုအစား ကလေးကလားဆန်မှုကို တွေ့ရသည်။ “သူ့ကိုဂုဏ်နှိမ့် ကိုယ့်ဂုဏ်နိမ့်၏” ဆိုသည်ကို မေ့များ မေ့နေကြလေသလားမသိ။ မနာလို တိုရှည်တွေကလည်း အများသား။ အိမ်မှာ ပြောတာမဟုတ်၊ ရုံးမှာ မိန့်ခွန်းခြွေတာမဟုတ်။ အများပြည်သူရှေ့မှာ မထိန်းနိုင်၊ မသိမ်းနိုင် မဆင်မခြင် ပြောသွားသည့် စကားလုံးတွေထဲမှာ စေတနာက အထင်းသား။ ပါးစပ်က ထွက်သွားပြီးရော သဘောထားလျှင်တော့ မပြောဘဲနေတာ ပိုပြီးကောင်းလိမ့်မည်။
“စကား၊ စကားပြောပါများ စကားထဲက ဇာတိပြ”တဲ့။ “ချစ်စေလို ခံတွင်း လက်နှစ်သစ်၊ မုန်းစေလို ခံတွင်း လက်နှစ်သစ်”တဲ့။ တန်ဖိုးကြီးလှသော ရှေးပညာရှိတို့၏ အဆိုအမိန့်များ ဖြစ်သည်။ ချစ်စေလိုလျှင် ချစ်ဖွယ်ရာစကာကို ဆိုရပါမည်။ ဒီလို ချစ်ဖွယ်ရာ စကားထွက် ဖို့ဆိုတာကလည်း ရင်ထဲမှာ မေတ္တာဓာတ်ခံ ရှိဖို့တော့လိုသည်။ မေတ္တာရှိရင်းစွဲလျှင် အချိုကဲမည်ဖြစ်ပြီး မေတ္တာခေါင်းပါးလျှင်တော့ ဘယ်လောက်ကြိုးစားပါစေ ခါးမည်သာဖြစ်၏။ ဘယ်သူ့ကိုမှ လူမထင်ပါ၊ ဘယ်သူ မုန်းမုန်း ခပ်ပြုံးပြုံးဆိုလျှင်တော့လည်း အမုန်းစကားသာ စိတ်တိုင်းကျ ပွားများကြရုံရှိလေသည်။
ကြောင်လျှာသီးသည် ခါး၏၊ တမာရွက်သည် ပို၍ခါး၏။ကန့်ကလာသည်ကား အခါးထိပ်ခေါင်။ သို့တစေ လောကကြီးမှာ ကြောင်လျှာ၊ တမာ၊ ကန့်ကလာတို့ထက် အဆပေါင်းများစွာ သာလွန်ပြီး နားမှသည် နှလုံး သားအထိ ခါးသီးစေသော အရာများရှိကြောင်းကို ကျွန်တော် ကောင်းကောင်းကြီး သိလာရပြီ။

Most Read

Most Recent