ပြည်သူလူထုကို ခြိမ်းခြောက်နေပြီလား

ပြည်သူလူထုကို ခြိမ်းခြောက်နေပြီလား
Published 20 October 2015
မြေနီသစ္စာ

ကျွန်တော့် သူငယ်ချင်း၏ အမည်သည် ရွှေဒင်္ဂါး ဖြစ်၏။ နိုင်ငံခြား တက္ကသိုလ် တစ်ခုက စက်မှုအင်ဂျင်နီယာဘွဲ့ရပြီး ဆောက်လုပ်ရေး အတိုင်ပင်ခံ လစာ ၁၀ သိန်းရသူ၊ ပစ္စည်းကောင်းကို ရွေးချယ်သုံးတတ်သူ၊ နာရီဆို အိုမီဂါ ကွန်စတောလေးရှင်း သိန်းချီပေးရသည်။ ယခု သူပတ်လာသည်မှာ ပတ်နေကျ အိုမီဂါ မဟုတ်တော့။ လမ်းနံဘေး ဖျာခင်းဆိုင်တွေမှာ ရောင်းသော နာရီမျိုး။ မပတ်စဖူး ပတ်၍ မေးရတော့သည်။“ဘယ်ကနာရီ ကောက်ပတ်တာလဲ။ မင့် အိုမီဂါကော ဘယ်ရောက်သွားလဲ”ကျွန်တော့် အမေးကို ပြုံး၍ သူဖြေသည်။“လမ်းနံဘေးက ဝယ်လာတာ။ ထောင့်နှစ်ရာပဲ ပေးရတယ်”“ဟာ ဘယ်လိုလဲကွာ” ဟု ကျွန်တော် ထပ်မေးလိုက်တော့ ရွှေဒင်္ဂါး ပြန်ဖြေပုံက ဒီလိုပါ။“အိုမီဂါ နေရာမှာ လမ်းနံဘေးနာရီ ပြောင်းရတာက လုယက်သူတွေကို ကြောက်လို့ပဲဟေ့”သူပြောချင်သည်ကို ချက်ချင်းပင် ကျွန်တော် မြင်သိသွားပြီ။ရွှေဒင်္ဂါးသည် ကိုယ်ပိုင်ကားနှင့်။ သူ့ကားဆီသို့ အလာမှာ အလုသမားက ချောင်းမြောင်းပြီး သူ့နာရီ အိုမီဂါကို လုမည်။ သေချာပေါက် ပါသွားမည်။ အလားတူ သူ့ရုံးခန်းထဲက အထွက် စားသောက်ဆိုင်မှာ အေးအေးသက်သာ သူအနားယူချိန်မှာ လုလာသူ လက်ထဲသို့ အိုမီဂါ ပါသွားလျှင် သူအတော် နစ်နာသွားမည်။ တကယ် ဆွေးနေရှာမည်။ အပါမခံနိုင်။ယခုကဲ့သို့ လမ်းဘေးဖျာပေါ်မှာ ရောင်းသော တစ်ထောင်ကျော်တန် နာရီလေးသာ အလုသမားလက်ထဲ ပါသွားလျှင် “ပါချင်ပါ။ ဒါက အရေးမကြီးဘူး။ ဒီအလုသမားကို ငါ ပညာပေးလိုက်နိုင်ပြီ” ဟု တွေးနေနိုင်ပေသည်။ယင်းသည် အလုသမား လုလာမည့် အချိန်ကို စောင့်ရင်း သက်သာမည့် နည်းလမ်းကို ရှာကြံခြင်းပင်ဖြစ်သည်။ အဖိုးတန်ပစ္စည်း ပါသွားမှာ စိုးကြောက်၍ အဖိုးနည်း ပစ္စည်းဖြင့် မရောက်သေးသည့် အလုသမားကို ပေးရန် စီစဉ်ထားခြင်းဖြစ်၏။ ကိုယ့်ပစ္စည်းနှင့်ကိုယ် ဘယ်လောက် အောက်တန်းကျလိုက် ပါသလဲ?ညနေစောင်းမှာ အိမ်ရှေ့တံခါးကို လှစ်ကနဲ ဖွင့်ပြီး ခြံထဲ ဆင်းလိုက်မိသည်နှင့် စောင့်နေသော အလုသမားက ဖျတ်ခနဲပင် မိမိရှေ့သို့ ရောက်လာသည်။ ယင်းနောက် လျင်မြန်သော အလုသမားလက်က မိမိလည်ပင်းမှာ ဆွဲထားသည့် ဆွဲကြိုးကို တအားဆောင့်ဆွဲ ယူပြေးသွားသည်ထိ လက်မြန်စွာပင် အတင့်ရဲလွန်း လှပါသည်။ကျောက်ရေတွင်း ဘူတာရုံသို့ ရထားလက်မှတ်ယူရန် လျှောက်လာသော ဘွဲ့ရ မမြကြိုင်မှာ တစ်ကျပ်ခွဲသားဆွဲကြိုး ဆွဲထားသည်။ ချောင်းမြောင်းနေသော အလုသမားသည် ဆွဲကြိုး ပြတ်ပါလာအောင် နောက်ကနေ၍ တအားဆောင့်ဆွဲ၏။ တစ်ချိန်တည်းမှာပင် အလုသမားလက်ထဲသို့ ဆွဲကြိုးပါ၍ မမြကြိုင် လဲအကျမှာ အလုသမားသည် ဘူတာရှေ့ တည့်တည့်ရှိ ဈေးလမ်းအတိုင်း တအားဝင်ပြေးသွား၏။ လဲကျသွား၍ ဒဏ်ရာအနာတရ ရလျက် မမြကြိုင် ထလာနိုင်သော အချိန်မှာတော့ အလုသမားသည် ဈေးလမ်း အဆုံးရှိ အဝေးပြေး လမ်းမကြီးပေါ်တွင် ပြေးသွားနေသော ဘတ်စ်ကားပေါ်သို့ တက်ရောက်လျက် ရုပ်ဖျောက်သွားခဲ့လေပြီ။နေရာတကာ ဘယ်နေရာရယ်မှ မလွတ်။ နေရာ မရွေးဘဲ အလုသမားတွေ သောင်းကျန်းနေသည်မှာ ထိတ်လန့်ဖွယ်ပင်။ ဘယ်ကိုပဲ သွားသွား ရုပ်ဖျောက် စောင့်ချောင်းနေသော အလုသမားတွေကို ကြောက်နေရ၏။အလုသမားတွေသည် ရွှေထည် လက်ဝတ်လက်စား အဖိုးတန်နာရီ စသော ပစ္စည်းဝတ်သူတွေကို အမဲ-အချဉ်၊ သူတို့ပစ်မှတ် သတ်မှတ်လျက် လုယက်နေသည်မှာ ယခုအခါ ရက်အတော် ကြာလာခဲ့ပါပြီ။ယခင်က သည်လို ဗြောင်ကျကျ လုယက်သောင်းကျန်းသည်မှာ တစ်လတစ်ခါပင် ဖြစ်လေ့ဖြစ်ထ မရှိ။ ယခုတော့ တစ်နေရာမဟုတ် တစ်နေရာမှာ နေ့စဉ်နေ့တိုင်းလိုလို ဖြစ်ပွားနေ၏။ပြည်သူလူထုကို စက္ကန့်တိုင်း၊ မိနစ်တိုင်း တစ်နေရာ မဟုတ် တစ်နေရာမှာ စောင့်ချောင်း အန္တရာယ်ပြု လုယက်နေသော ရာဇဝတ်သား အလုသမားများကို ထိတ်လန့်ကြောက်ရွံ့ နေရသည်မှာ ရင်တမမ ကာလကား များလှပေပြီ။ဘယ်နေရာကနေ လျှပ်တစ်ပြက် ပေါ်လာပြီး အန္တရာယ်ပြု ရိုက်နှက်တွန်းလှဲလျက် မိမိတွင် ပါလာသော အဖိုးတန် ပစ္စည်းကို လုယက်သွားမှာကို လူအများ စိုးရိမ်ထိတ်လန့်စွာ တစိမ့်စိမ့် ကြောက်ရွံ့နေကြ၏။ကြည့်။ ဖြစ်ရပ်တစ်ခု။ နှစ်ထပ်တိုက်၊ အဝေးပြေး ကားလမ်းမကြီးကို မျက်နှာပြုလျက် အောက်ထပ်တွင် ကုန်စုံဆိုင်ရှိ၏။ နောက်ဖေးတံခါးကို ပိတ်ကားပိတ်၏။ ချက်မချထားမိပါ။ အလစ်ချောင်းနေသော အလုသမားသည် နောက်ဖေးတံခါးကို ဖွင့်လျက် ဖျတ်ခနဲ ဝင်လာ၏။ တစ်ချိန်တည်းမှာပင် အသက် ၆၅ အရွယ် ဒေါ်အောင်ကြည်သည် ရွှေဆွဲကြိုးကြီး ဆွဲလျက် အပေါ်ထပ်မှာ သနပ်ခါးလိမ်းနေ၏။ ရှေ့ဘက်က ကုန်စုံရောင်းသမား မမြင်အောင် အလုသမားသည် အပေါ်ထပ်သို့ တက်လာကာ ဒေါ်အောင်ကြည်ကို ဓားထောက်ပြီး ဆွဲကြိုးယူ၏။ မေ့ဆေးပဝါ သုံးခံရ၍ ဒေါ်အောင်ကြည် မေ့မြောကျန်ရစ်၏။ ဤနည်းဖြင့် နှစ်ကျပ်ခွဲသား ရွှေဆွဲကြိုးကြီး ပါသွား၏။အလုသမားတို့သည် အစဉ်အမြဲပင် လုယက်ရန် အလစ်ချောင်းလျက် လူကောင်းတို့ကို ခြိမ်းခြောက်လှည့်စားရန် သာမက ရန်ပါပြုရန် အသင့်စောင့်နေလေ့ရှိ၏။အလုသမားတွေ ဆိုး၊ ခိုး၊ တိုက်ခိုက်၊ အဓမ္မ ပြုကျင့်မှုတွေသည် ရပ်သွားသည် မရှိ။ ပို၍ ပို၍ များလာ၏။ယင်းသို့ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုကို ယင်းမတရားနည်းတို့ဖြင့် ဗိုလ်ကျ၊ အနိုင်ကျင့်၊ ရန်ပြုနေသည်မှာ ကောက်ချက်ချကြည့်ပါက အချက် နှစ်ချက်ကို သွားတွေ့ရ၏။ ပထမ အချက်သည် နိုင်ငံတော် သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့် အထဲတွင် လူဆိုးသုံးထောင် လောက်ပါသည်။ ယင်းအထဲက ၁၀ ရာခိုင်နှုန်းလောက်သည် ရာဇဝန်မှု ပြန်လည်ကျူးလွန်နေသည် ဆိုပါလျှင်ပင် လူသုံးရာသည် မဟာရန်ကုန်ကို ယင်းကဲ့သို့ တော်တော် ခြိမ်းခြောက်နိုင်နေပါပြီ။ဒုတိယကတော့ လူများစု သိပ်ဆင်းရဲလာသည်။ ဆင်းရဲမှုကို “ဖြစ်ချင်ရာဖြစ်” ဟု ဆိုကာ လုယက်တိုက်ခိုက်နည်းဖြင့် ထွက်ပေါက်ရှာ သူတို့လည်း ရှိ၍ ရှိ၍ လာနိုင်ပေသည်။ဤ နှစ်နည်းကြောင့်သာ ရာဇဝတ်မှုတို့ကို လက်ရဲဇက်ရဲ ပြုနေသည်ဟု တွက်ဆကြည့်ပါက လွဲမှားစရာ မရှိလောက်ပေ။ယင်းသို့ဆိုလျှင် ဘာလုပ်ကြမည်နည်း?ရဲတပ်ဖွဲကဲ့သို့ လုံခြုံရေး အဖွဲ့အစည်းတို့နှင့် ပြည်သူလူထုတို့ ပူးပေါင်းညှိနှိုင်း၍ မှုခင်းများ လျော့ကျသွားအောင် ကြံဆောင် စီစဉ်မှသာလျှင် အလျင်အမြန် အဖြေတွေ့လာလိမ့်မည်ဟု မျှော်လင့်မိပါသည်။နည်းလမ်းရှာပါ။ လုပ်ပါ။ အဖြေတွေ့လာပါလိမ့်မည်။ ချက်ချင်းလုပ်မှသာလျှင် ချက်ချင်း အဖြေတွေ့လာမည်ဖြစ်၏။ ပြည်သူလူထု ဘက်ကတော့ ငြိမ်းချမ်းစွာပင် ကြောက်ရွံ့ခြင်းကင်းလျက် ရာဇဝတ်မှုများ ဖြစ်မလာရေးကို အချိန်တိုင်း နေရာတိုင်းမှာ စောင့်မျှော်နေကြမည်ပင်။

Most Read

Most Recent