Eleven Media Group ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီး ထားသော အမျိုးသားနှစ်ဦးအား ခုနစ်ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေရှေ့နေမှာ ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေးရှိသောကြောင့် အောက်တိုဘာ ၃၀ ရက်သို့ ပြန်လည်ချိန်းဆို

Eleven Media Group ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီး ထားသော အမျိုးသားနှစ်ဦးအား ခုနစ်ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေရှေ့နေမှာ ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေးရှိသောကြောင့် အောက်တိုဘာ ၃၀ ရက်သို့ ပြန်လည်ချိန်းဆို
Published 16 October 2015
အောင်မျိုးသန့်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသားနှစ်ဦးအား ဗဟန်းမြို့နယ် တရားရုံးတွင် အောက်တိုဘာ ၁၆ ရက်က (၇) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေ ရှေ့နေမှာ ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေး ရှိသောကြောင့် အောက်တိုဘာ ၃၀ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆို ခဲ့ကြောင်း သိရသည်။
အဆိုပါရုံးချိန်းတွင် ယင်းအမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုအဖြစ် နာမည် တင်သွင်း ခံထားရသော ဦးထိန်လင်း၏ တရားလိုပြ သက်သေအဖြစ်သာ အစစ်ဆေးခံရန် လျှောက်ထားမှုကို မြို့နယ်တရားသူကြီးက အောက်တိုဘာ ၂ ရက်တွင် လက်ခံခဲ့ကြောင်း သိရသည်။
ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် တတိယ ပါဝင်သူအဖြစ် ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ အမှတ်(၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ် (ရန်ကုန်)မှ သန်းထိုက်အောင် ဖြစ်ကြောင်း သိရပြီး ယင်းနှင့် ပတ်သက်၍ အဆိုပါ စစ်တပ်မှသာ တာဝန်ယူ ဖမ်းဆီး စစ်ဆေးမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
၎င်းနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးနေသော ရလဒ် အခြေအနေကိုမူ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများမှ ယနေ့ အချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ 
ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ မင်းလမ်း မှတ်တိုင်အနီး ဖြစ်ပွားခဲ့သော Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်အား အမျိုးသား ငါးဦး ပါဝင်သော အဖွဲ့မှ ကုန်းသီးဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင် တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက် အမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း မရှိဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံ ဖမ်းဆီး ရမိခြင်း မရှိတော့ဘဲ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ရသည်။
 ယင်းနှင့် ပတ်သက်၍  သြဂုတ် ၁၁ ရက်က အမှုအား ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံ ခဲ့သူများအနက် တတိယ တရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ်(၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ် (ရန်ကုန်)မှ ဖြစ်ကြောင်း အမှုစစ် မြို့နယ် တရားသူကြီးမှ ပြောကြားသည်။
ထို့ပြင် သန်းထိုက်အောင်ကို ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်တရားရုံးက ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်ကို တပ်မတော်မှ တရားရုံးသို့ အကြောင်းပြန်စာ ပေးပို့ခဲ့ကြောင်း သိရသည်။ ဗဟန်းမြို့နယ် တရားရုံးတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးအား ပြစ်မှုကြီးအမှတ် ၃၅၄/၁၅၊ ပုဒ်မ ၄၄၀/၁၄၄ ဖြင့် အမှုဖွင့် ရမန်ယူ ထားခြင်းဖြစ်ပြီး ဇူလိုင် ၂၈ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင် ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent