စင်ကာပူရောက် မြန်မာများ ဒုတိယနေ့ ကြိုတင်မဲပေးမှုတွင် ညအိပ်စောင့်ပြီး မဲပေးသူများရှိ

စင်ကာပူရောက် မြန်မာများ ဒုတိယနေ့ ကြိုတင်မဲပေးမှုတွင် ညအိပ်စောင့်ပြီး မဲပေးသူများရှိ
Published 16 October 2015
ထက်သျှိုင်း

စင်ကာပူရောက် မြန်မာများ ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင် မဲပေးခြင်း၊ ဒုတိယနေ့ ကြိုတင်မဲပေးမှုတွင် ညအိပ်စောင့် မဲပေးခဲ့သူများ ရှိခဲ့ကြောင်း သိရသည်။
ကြိုတင် မဲပေးရာတွင် လာရောက် မဲပေးသူ များပြားသည့် အတွက် ည ၁၂ နာရီ ဝန်းကျင်ကတည်းက လာရောက် စောင့်ဆိုင်းမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် ၂၀၁၅ ရွေးကောက်ပွဲ ဒုတိယမြောက်နေ့ ကြိုတင် မဲပေးမှုများတွင် လာရောက် မဲပေးခဲ့သူပေါင်း အောက်တိုဘာ ၁၆ရက် ညနေ ၆ နာရီအထိ ၂၅၁၇ ယောက်ရှိခဲ့ကြောင်းနှင့် ကြိုတင်မဲပေးရန် ဆက်လက် တန်းစီနေသူ ၃၀၀ ဝန်းကျင်ခန့် ရှိကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြ နေသည့် ‘စလုံး’ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ ၈နာရီ၂၀ မိနစ်လောက်မှာ မဲပေးတာတွေ အားလုံး ပြီးသွားတယ်။ မနေ့ကတော့ ၇နာရီမှာ ပြီးတယ်။ ဒီနေ့ ပိုနောက်ကျတယ်။ ၄ နာရီခွဲအထိ ရောက်လာတဲ့ သူတွေမှန်သမျှ သံရုံးက အကုန်လုပ် ပေးတယ်။ ဒီနေ့ ကြိုတင်မဲပေးတဲ့သူက ၃၁၅၀ ရှိပါတယ်”ဟု မြန်မာ့ အရေး တက်ကြွ လှုပ်ရှားသူ ဦးစိုးထွန်းက ပြောကြားသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒ မဲပေးခြင်းကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ရက်အထိ ပေးခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒုတိယနေ့ အပြီးတွင် ကြိုတင်ဆန္ဒမဲ ပေးရန် ကျန်သူ စုစုပေါင်းဟာ ခန့်မှန်း ၁၅၀၀၀ ခန့်ရှိပြီး၊ စနေ နှင့်တနင်္ဂနွေနေ့ များတွင် ကြိုတင် မဲပေးကြရမည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးရန် ကျန်ရှိသူ အရေအတွက် များပြား နေခြင်းကြောင့် မဲပေးခွင့် မရရှိမည်ကို စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပုံစံ(၁၅)ဖြင့် မဲပေးခွင့် လျှောက်ထားသူ ပြည်ပရောက် မြန်မာနိုင်ငံသား ၃၄၀၀၀ ကျော်ရှိကြောင်း သတင်းရရှိသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံသားများထဲတွင် ကြိုတင်မဲပေးခွင့် ရရှိသူ နှစ်သောင်းကျော် ရှိကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် မဲဆန္ဒရှင်စာရင်း၊ ထပ်တိုးစာရင်းကို အောက်တိုဘာ ၁၅ ရက်၊ ပထမနေ့ ကြိုတင်မဲပေးနိုင်သည့်နေ့ ည ၁၁ နာရီမှ ထပ်မံ ပေးပို့မှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ မဲဆန္ဒရှင် စာရင်းတွင် မဲပေးခွင့်ရရှိသူ ရှစ်ရာနီးပါး ပါဝင်ကြောင်း သိရသည်။
ပြည်ပနိုင်ငံ ၃၇ နိုင်ငံရှိ သံရုံး၊ ကောင်စစ်ဝန်ရုံး ၄၄ ရုံးစလုံးတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသား အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ပေးခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား တချို့ မဲဆန္ဒရှင်များသည် လွှတ်တော် တစ်ရပ်၊ နှစ်ရပ်အတွက်သာ မဲပေးနိုင်မှုများ ပထမနေ့ ကြိုတင် မဲပေးမှုများတွင် ကြုံတွေခဲ့ရကြောင်း သိရသည်။ ဒုတိယနေ့တွင် ကြိုတင် မဲပေးသူဦးရေ များပြားခြင်းကြောင့် လာရောက် တန်းစီ စောင့်ဆိုင်းသူများ အကြား အငြင်းပွားမှုများ ဖြစ်ခဲ့ကြကြောင်း ‘စလုံး’ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent