ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် မိုးရွာသွန်းမှုများ၍ မြေပြိုမှုများကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ ညအထိ သေဆုံးသူ ၁၈ ဦးထိတိုးလာကြောင်း လိုခါးလိုကျေးရွာရှိ ဒေသခံလူငယ်များ၏ ကယ်ဆယ်ရေးစခန်းမှ သိရသည်။
“သေတာ ၁၈ ဦးရှိပြီး ပျောက်တာတော့ တိကျဘယ်လိုမှ မသိနိုင်ဘူး ။ ဒီလူတွေဟာ ဧည့်စာရင်းမတိုင်ဘာမတိုင်နေကြတာလေ။ သူတို့ကျင်းဦးစီးတွေတော့ သူတို့လူ ဘယ်နှစ်ယောက်လဲဆိုတာသိမယ် ။ ဒါတောင် ကျင်းဦးစီးတွေလည်း ဘယ်ထွက်ပြေးနေလဲ ။ မြေဲပိုထဲပါလား မသိသေးဘူး ။ စုံစမ်းနေတာပဲ ။ လက်ရှိလာပြောတဲ့အရတော့ ပျောက်တာ ၁၁ ဦးရှိြ့ပီး”ဟု အောက်တိုဘာလ နံနက် ၁၁ နာရီတွင် လိုခါးလို လူငယ်ခေါင်းဆောင်တစ်ဦးမှ ပြန်လည်ဖြေကြားလေသည်။
မြေပြိုမှုကြောင့် ကယ်ဆယ်ရေးစခန်း များဖွင့်ထားရာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လိုခါးလို နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းတွင် လူဦးရေ ၅၀၀ ကျော် ၊ အလယ်တန်းကျောင်းတွင် ၃၀၀ ခန့်နှင့် အောက်ရွာအထက်တန်းကျောင်းတွင် လူဦးရေ ၃၀၀ ကျော်ခန့်ခိုလှုံနေကြရကြောင်း လည်း သိရသည်။















