မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကံနီကျေးရွာ စည်းရုံးရေးခရီးတွင် ပြည်ခိုင်ဖြိုးပါတီအမှတ်အသားများ ဝတ်ဆင်ထားသူ ၂၀ ခန့်မှ ရွာအတွင်းမဝင်ရောက်ရန် တားမြစ်

မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကံနီကျေးရွာ စည်းရုံးရေးခရီးတွင် ပြည်ခိုင်ဖြိုးပါတီအမှတ်အသားများ ဝတ်ဆင်ထားသူ ၂၀ ခန့်မှ ရွာအတွင်းမဝင်ရောက်ရန် တားမြစ်
Published 13 October 2015
သက်ထိန်ဝင်း (ပခုက္ကူ)

အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကံနီကျေးရွာစည်းရုံးရေး ခရီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ်အသားများ ဝတ်ဆင်ထားသူ ၂၀ ခန့်မှ ရွာအတွင်း မဝင်ရောက်ရန် တားမြစ်မှု ပြုလုပ်ခဲ့ကြောင်း မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ကျေးရွာလူထုအား မိတ်ဆက်ရန်အတွက် ကျေးရွာအတွင်း လှည့်လည်ရန် ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရင်ထိုးများ၊ နဖူးစီးများနှင့် ဦးထုပ်များ ဆောင်းထားသူ ခန့်မှန်း ၂၀ ဦးခန့်က ရွာထိပ် အဝင်လမ်းအား ပိတ်ဆို့၍ ရွာအတွင်းဝင်ရောက်ခြင်းမပြုရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။“ကျွန်တော်တို့ကို ရွာထိပ်မှာလာပြီး လူ ၂၀ လောက်က ရွာထဲမဝင်ရဘူးဆိုပြီး တားတယ်။ ကျွန်တော်တို့ဘက်က ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့လာတာ။ တရားဝင်စာပါတယ်ဆိုပြီးပြောတော့ သူတို့က ရပ်ရွာလူထုက အဝင်မခံတာဆိုပြီး လမ်းကို ပိတ်ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်”ဟု မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ခင်ဝင်းက ပြောကြားသည်။အဆိုပါ  တားမြစ်မှုကြောင့် ကံနီကျေးရွာအတွင်းသို့ စည်းရုံးရေးလှည့်လည်မည့် မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး ကျေးရွာဘောလုံးကွင်း၌ပြုလုပ်သည့် မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲသို့ ဒေသခံအင်အား ၂၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မြိုင်မြို့နယ်၌ ဒုတိယအကြိမ် ကြေညာခဲ့သည့် စာရင်းအရ မဲဆန္ဒရှင်ဦးရေ ၁၈၆၉၅၁ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။  ယခင် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် မြိုင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။                          

Most Read

Most Recent