နိုဝင်ဘာ ၈ ရက်မှာ အဖြေထွက်လိမ့်မယ်

နိုဝင်ဘာ ၈ ရက်မှာ အဖြေထွက်လိမ့်မယ်
Published 12 October 2015
ကျော်ဇောလင်း

ရွေးကောက်ပွဲ ကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အတူ မဲတစ်ပြားအတွက် ပြည်သူတွေရဲ့ အသံတွေ၊ ကိုယ်စားလှယ်တွေရဲ့ စည်းရုံးမှုတွေကလည်း ရေချိန် မြင့်သထက် မြင့်လာပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကြီးအတွက် လူထုရဲ့ စိတ်အားထက်သန်မှုတွေ တစ်စတစ်စ ပိုမို ကြီးထွားလာခဲ့တာလည်း တွေ့ရပါတယ်။ အခုချိန်မှာ ဘယ်ပါတီက ဘယ်လို မဲဆွယ်နေသလဲ။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ကိုယ်စားလှယ်လောင်းရဲ့ စည်းရုံး ဟောပြောမှုတွေက စိတ်ဝင်စားစရာ ကောင်းသလဲ။  မဲဆန္ဒရှင် ပြည်သူတွေက စောင့်ကြည့် နေကြပြီ ဖြစ်ပါတယ်။
ပြည်သူတစ်ဦးချင်းစီက မိမိတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်တဲ့  မဲတစ်ပြားချင်းစီကို အလေအလွင့်မရှိအောင် ဒေသတစ်ခုနဲ့ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိရှိ အဂတိ ကင်းကင်း လုပ်ကိုင်ပေးသူကို အားပေးနိုင်ဖို့ စဉ်းစားနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သတင်းစာ မျက်နှာတွေမှာလည်း ရွေးကောက်ပွဲကြီး နီးလာတာနဲ့အမျှ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု သတင်းတွေကိုပဲ  အဓိက တွေ့မြင် ကြရပါလိမ့်မယ်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အပြောင်းအလဲတွက် များစွာ အရေးပါသလို အရပ်သား အစိုးရသစ် တစ်ရပ် ထွက်ပေါ်လာရေးအတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်နေပြန်ပါတယ်။
ဒါကြောင့်  ယခုတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ ပါတီအသီးသီးက ကိုယ်စားလှယ်တွေရဲ့ မဲဆွယ် စည်းရုံးရာမှာ လုပ်ဆောင်မှုတွေ အံ့အားသင့်ဖွယ် ပြောကြားချက်တွေကို အဓိက ပြန်လည် သုံးသပ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကြိုတင်မဲကနေ ပယ်မဲ ဖြစ်လာမလား
ရွေးကောက်ပွဲ ကော်မရှင်ကနေ ထုတ်ပြန်တဲ့ မဲစာရင်း ဆက်တိုက် မှားယွင်းမှုရဲ့ အဓိက ဂယက်အဖြစ် လူထုကြား ပူပန်စရာ ဖြစ်နေတာကတော့ ပယ်မဲ ပြဿနာပါပဲ။
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်က ရောက်လာမှန်း မသိတဲ့ ကြိုတင်မဲတွေနဲ့ အချို့နေရာတွေမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရသွားခဲ့လို့  ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။
၂၀၁၀ မှာ ကြိုတင်မဲကြောင့် ကမောက်ကမ ဖြစ်ခဲ့ရသလို အခု ၂၀၁၅ မှာ ပယ်မဲကနေ လူထုအားပေး ထောက်ခံတဲ့ ပါတီတွေ  ကမောက်ကမ ဖြစ်ရမှာကို ပူပန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် မဲစာရင်းမှာ လူပိုတွေ သိန်းနဲ့ချီ ပါဝင်နိုင်တာ ရွှေ့ပြောင်း အခြေချသူတွေရဲ့ မဲတွေကို လိုသလို လုပ်သွားနိုင်တာ မဲစာရင်းမှားတွေ ကနေ မဲမသမာမှုတွေ ဖြစ်နိုင်တာတွေအတွက် အားလုံးက စိုးရိမ် နေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း သူတို့ရဲ့ ကိုယ်စားလှယ်တွေ၊ မြို့နယ် အောင်နိုင်ရေး အဖွဲ့တွေ၊ စည်းရုံးရေး အဖွဲ့တွေအပေါ် မဲမသမာမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဖြစ်လာရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးဖို့ ညွှန်ကြားထားမှုတွေ ရှိနေပါတယ်။
လာမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် တကယ့်ကို Turning Point အလှည့်အပြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အခုချိန်မှာ ပြည်သူ အများစုဟာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ အပေါ် တစ်စိုက်မတ်မတ် စောင့်ကြည့်နေကြပါတယ်။ ၂၀၁၀ တုန်းက ကြိုတင်မဲ ပြဿနာကိုလည်း သင်ခန်းစာ ရထားပြီး ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလိုမျိုး ကတိမတည်မှုတွေ မဖြစ်အောင် စောင့်ကြည့်နေကြပါတယ်။ ရွေးကောက်ပွဲအတွက် နိုင်ငံတကာက အသိအမှတ်ပြု အဖွဲ့အစည်းတွေကလည်း ဝန်းရံကြပါလိမ့်မယ်။
မဲစာရင်းအမှားတွေဟာ သမားရိုးကျပဲ ဖြစ်ဖြစ်၊ မသမာမှုအတွက်  ဖြစ်နိုင်ခြေတွေပဲဖြစ်ဖြစ် သေချာတာကတော့ ၂၀၁၅ ရွေးကောက်ပွဲကနေ လူထုလိုလားတဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွက်ဖို့ ဝိုင်းတွန်း ကြရပါတော့မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့မဲတစ်ပြားကို အလဟဿ အဖြစ်မခံပါနဲ့။ ကိုယ်လိုချင်တဲ့၊ ဖြစ်စေချင်တဲ့ အစိုးရတစ်ရပ်အတွက် အသုံးပြုပေးပါ။
အိုဘားမား နှစ်ကြိမ်လာတော့ နှစ်ကြိမ် အနမ်းခံရတာပေါ့
ခေတ်စနစ်က ပြောင်းသွားပြီ။ လူထုရဲ့ တွေးခေါ် မြော်မြင်နိုင်စွမ်းတွေက အရင်နှစ်ပေါင်း ၂၀ နဲ့ဘာမှ မဆိုင်တော့ဘူး။ အခု တံခါးတွေ ဖွင့်လိုက်တဲ့အချိန်မှာ အခြေခံ ပြည်သူလူထုရဲ့ အသိဉာဏ်တွေဟာ တော်တော်ကြီး ရှေ့ကို တက်လှမ်း နိုင်ခဲ့တယ်။
ဒါ့ကြောင့် အစိုးရ မှန်တယ်၊ မှားတယ်။ လိမ်တယ်၊ မလိမ်ဘူး။ စေတနာ မှန်တယ်၊ မမှန်ဘူး။ ကွက်ကွက်ကွင်းကွင်း မြင်နေနိုင်ပြီ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကလို အခွင့်အရေးတွေပေးပြီး စည်းရုံးလို့ လည်း မရနိုင်ဘူး။ ဒါတွေဟာ လူထုရသင့်တဲ့ အခြေခံ အခွင့်အရေးတွေ ဆိုတာ အားလုံးက သိနေကြပြီ။ ခြိမ်း ခြောက်မှုတွေကိုလည်း ပြည်သူတွေက ဂရုမစိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်စော် နံခဲ့တဲ့ တိုင်းပြည်ကြီး တစ်ခုလုံး မဖြစ်မနေ  ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိလိုပဲ ဖြစ်ပါတယ်။
ရှင်းရှင်းပြောရရင် မဲဆန္ဒရှင် ပြည်သူတွေက ဘယ်သူဘာလဲဆိုတာ သိနေကြပြီ၊ အချို့ နေရာတွေမှာဆိုရင် မက်လုံးပေးပြီး မဲဆွယ်တာကို မသိသလို နေတယ်။ ပေးတာကို ယူမယ်။ ပြီးရင်တော့ ပြည်သူအတွက် စေတနာမှန်မယ့် သူကို မဲထည့်မယ် ဆိုတာတွေ ရှိနေပြီ။
ဒီတော့ ကိုယ်စားလှယ်လောင်း တွေဟာ လွယ်လွယ်နဲ့ ယုံအောင်လုပ်လို့ မရတော့ဘူး။ ခက်ခက်ခဲခဲ မဲဆွယ် ကြရတော့မယ်။ ဒီလိုအချိန်မှာ သူတို့ရဲ့ မဲဆွယ်မှု အရည်အချင်း၊ နောက်တော့ လိပ်ပြာလုံလုံနဲ့ ပြောဟောနိုင်မယ့် သူတို့ရဲ့စကားတွေကို လူထုက  သတိထားတတ်နေပြီ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ဖြစ်တဲ့ ဦးဌေးဦးဟာ ဟင်္သာတမြို့နယ်  ကျေးရွာအချို့မှာ မဲဆွယ်တော့ “အိုဘားမား နှစ်ကြိမ်လာတော့၊ နှစ်ကြိမ် အနမ်းခံရတာပေါ့”ဆိုတဲ့ စကားနဲ့ ဟောပြောခဲ့တယ်။ ဒီလို ပြောဆိုမှုဟာ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီခြားတွေ့ ဆုံစဉ် နှုတ်ဆက်ခဲ့တဲ့အပေါ် ရည်ညွှန်းသလို ဖြစ်တဲ့အတွက် လူအများကြား ပြင်းပြင်းထန်ထန် ဝေဖန် တုံ့ပြန် ခံခဲ့ရပါတယ်။ တချို့ကလည်း အခုလို မဲဆွယ်စည်းရုံးတဲ့ ကာလမျိုးမှာ အာဏာရပါတီ အကြီးအကဲရဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဟာ တရားမျှတမှု ရှိသလားဆိုတဲ့ မေးခွန်းတွေ၊ ပါတီ ပေါ်လစီကို အခြေမခံဘဲ ပုဂ္ဂိုလ်ရေး ကိစ္စတွေ အခြေခံ ဟောပြော လုပ်ဆောင်နေမှုတွေ ဥပဒေနဲ့ ညီညွတ်မှုရှိသလား။ ဆိုတဲ့မေးခွန်းတွေ မေးလာကြပါတယ်။
ဧရာဝတီ တိုင်းအတွင်းမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေ ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနဲ့ ဦးခင်ရီတို့ မဲဆွယ်တဲ့အခါမှာလည်း “ရင်မှာစွဲလန်း ဦးတင့်ဆန်း၊ ပြည်သူချစ်ကြည် ဦးခင်ရီ”ဆိုတဲ့ မဲ ဆွယ်ပိုစတာတွေက လူအများကြား ပြောဆိုစရာ ဖြစ်ခဲ့ရပါတယ်။
မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲမှာ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာနဲ့ မကွေးတိုင်းဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့က အမျိုးသားရေးနဲ့ မျိုးနွယ်ကို စောင့်ရှောက်ရေး အဓိကထား ဟောပြော ခဲ့ကြပါတယ်။ “တို့မြန်မာ လူမျိုးအတွက် ပြည်ခိုင်ဖြိုးကတော့ စိတ်ချရတယ်။ မြန်မာဆိုတာမှာ တိုင်းရင်းသားတွေအားလုံး အပါအဝင် ဖြစ်တယ်။ အမျိုးသားရေးဆိုရင် တို့ပါတီ၊ တို့အစိုးရက ဘယ်သူ့မျက်နှာမှ မကြည့်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်မယ်။ ပြတ်ပြတ်သားသား မရပ်တည်လို့ကတော့ တို့နိုင်ငံနဲ့ လူမျိုးတွေမှာ အန္တရာယ်ရှိတယ်။ တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်စာရင်းမှာ တစ်ခါမှ မရှိတဲ့ မျိုးနွယ်ကို လက်ခံဖို့ ဘယ်သူကဖြစ်ဖြစ်၊  ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လို ပရက်ရှာပေးပေး၊ တို့ပါတီ၊ တို့အစိုးရကတော့ ဘယ်အမျိုးမှ လက်ခံမှာ မဟုတ်ဘူး ကွ”လို့ ဦးစိုးသာက ပြောကြားခဲ့ပါတယ်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း မဲဆွယ်ရာမှာတော့ “ရန်ကုန်တိုင်းမှာ အနီ မလွှမ်းရဘူး။ အစိမ်းတွေပဲ လွှမ်းရမယ်... အနီဆိုတာ အာဇာနည် ဗုံးခွဲတာကို သွား ကြည့်”လို့ ပြောလိုက်ပါတယ်။
ဒီလို မဲဆွယ်စည်းရုံးမှုတွေ အံ့သြစရာကောင်းတဲ့ ပြောဆိုလုပ်ကိုင်နေမှုတွေ အဲဒါတွေကို စောင့်ကြည့်ပြီး အဖြေပေးမှာကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။
အဖြေအမှန်က နိုဝင်ဘာ ၈ ရက်မှာ  ထွက်ပေါ်လာပါလိမ့်မယ်။

Most Read

Most Recent