ပဉ္ဖလက်ကကြိုး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၃)

ပဉ္ဖလက်ကကြိုး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၃)
Published 11 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

■အမေရိကန် ကိုရုပ်ဆိုး (Ugly Amercian)ရဲ့ ဦးရွှေရိုး မြန်မာနှင့် ပြည်ကြီးသား ‘ဝမ်’ ဆက်ဆံရေး
ဒိုမီနိုသီအိုရီနှင့် ပြင်းထန်သော စစ်အေး ကာလအတွင်း ၁၉၇၀ စုနှစ်များတွင် အမေရိကန် ပြည်ထောင်စုသည် အရှေ့တောင်အာရှ၌ စစ်အာဏာရှင်များကို နန်းတင်သည်။ ဆီးတိုးစာချုပ် (SEATO)ဖြင့် တရုတ်ပြည်ကြီး၏ ‘မိစ္ဆာဝါအန္တရာယ်’ (Yellow Peril)ဆိုသည်ကို တန်ပြန်ထားခဲ့သည်။ အရှေ့တောင်အာရှတွင်  ထိပ်တန်း ကွန်မြူနစ် ဆန့်ကျင်ရေးသမား ဖြစ်သည့် ဗိုလ်နေဝင်းအစိုးရကို ဂျီသရီး လက်နက်စက်ရုံနှင့် မူးယစ်ဆေး အကြောင်းပြပြီး စစ်သုံး ရဟတ်ယာဉ်များ ထောက်ပံ့ခဲ့သည်။ ၁၉၈၅ နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ တစ်ကျော့ပြန် အပြောင်းအလဲတွင် ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာ (Global Strategy)အရ သူနန်းတင်ခဲ့သော အာဏာရှင်များကို ပြန်ဆွဲချသည်။ ၁၉၈၈ လူထု အရေးတော်ပုံကြီး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ထောက်ခံခဲ့သည်။ မြန်မာစစ်အစိုးရများကို ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။ သမ္မတဂျော့ဘုရှ် (အကြီး)၊ သမ္မတကလင်တန်နှင့် သမ္မတဂျော့ဘုရှ် (အငယ်)တို့ သမ္မတ သုံးဆက်တိုင်တိုင် စစ်အစိုးရအပေါ် ပြင်းထန်တင်းမာသော သဘောထား ရှိခဲ့သည်။
သမ္မတအိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လက်ထက်တွင် မြန်မာပြည် ပေါ်လစီ စတင် ပြောင်းလဲသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် အိမ်ချုပ်မှ လွှတ်ပေးခဲ့ခြင်း၊ ၂၀၁၁ ခုနှစ် မတ်လ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ခြင်း၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အားသွန်ခွန်စိုက် ပြုလုပ်လာခြင်း၊ စာပေ ကင်ပေတိုင်အဖွဲ့ကို ဖျက်သိမ်းပြီး ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ မီဒီယာများ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိလာခြင်း စသည့်ကိစ္စများအပေါ် အပြုသဘောဆောင်သည့် လုပ်ရပ်များအဖြစ် အမေရိကန် ပြည်ထောင်စုက ရှုမြင်သည်။ နှစ်နိုင်ငံ ဆက်ဆံရေး မြင့်မားလာခဲ့သည်။ ဒဲရက်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။ သမ္မတဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်များ၊ အမေရိကန် ပြည်ထောင်စုခရီးစဉ် ဦးရွှေမန်း၏ နိုင်ငံတကာ ခရီးစဉ်များတို့သည် ထင်ရှားသော မှတ်တိုင် ဖြစ်လာသည်။ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်သည့် အမေရိကန် သမ္မတအဖြစ် အိုဘားမားက မှတ်တမ်းဝင်ခဲ့သည်။ ဒုတိယအကြိမ် ထပ်မံ လာရောက်ခြင်းဖြင့် မြန်မာနိုင်ငံ အရေးကိစ္စတွင် အမေရိကန်ပြည်ထောင်စု၏ အလေးအနက် ထားရှိမှုကို ထုတ်ဖော်ခဲ့သည်။ ပိတ်ဆို့ အရေးယူမှုများကို ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားပေးခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏  နိုင်ငံခြားရေး ပေါ်လစီ အောင်ပွဲဟုပင် ဆိုရပါမည်။ ထို့နောက်ပိုင်းတွင် အမေရိကန်ပြည် ထောင်စုသည် လက်ပံတောင်း အရေးအခင်း၊ လက်ပံတန်း ကျောင်းသားလှုပ်ရှားမှုအား အကြမ်းဖက် ဖြိုခွဲမှုများစသည့် ဦးသိန်းစိန်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မသိကျိုးကျွံပြုခဲ့သည်။ မြန်မာနိုင်ငံ အလှည့်အပြောင်း အိုဘားမားအစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီ အောင်ပွဲအဖြစ် ဂုဏ်ယူလိုသည့် တိမ်သလ’ာက ဖြစ်ရပ်မှန်များကို ဖုံးကွယ်စေခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဆိုသည်ကို ဘယ်လိုဖြစ်ဖြစ် ထောက်ခံရန် သန္နိဋ္ဌာန် ချမှတ်တားကြောင်း မြင်သာလှပါသည်။
■ဦးလေးဆမ် (Uncle Sam)နဲ့ ပြည်ကြီးသား ‘ဝမ်’
၁၉၇၀ မေလ ၂၀ ရက်တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ  ‘မော်စီတုံးက’ ‘‘အဏုမြူဗုံးဟာ စက္ကူကျား (Paper Tiger)ဖြစ်တယ်’’ ဟူသည့် ကြေညာချက် ထုတ်ပြန်လိုက်ရာ တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့သည်။  တရုတ်နှင့် အမေရိကန် ဆက်ဆံရေး အတင်းမာဆုံး ကာလဖြစ်သည့် နှစ်နိုင်ငံ မြေပြင်တပ်ဖွဲ့များ ယာလူးမြစ်ကမ်းတွင် လှံစွပ်ထိုး တိုက်ပွဲများ ဖြစ်ပွားခဲ့ချိန် ၁၉၅၃-၅၅ ကိုရီးယား ကျွန်းဆွယ် ထိပ်တိုက်ရင်ဆိုင်မှုမှ ရေတွက်လျှင် နှစ်ပေါင်း ၆၀ ကျော်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ရွှေခေတ်သို့ရောက်နေပြီ ဖြစ်သည်။
ယခု စက်တင်ဘာလအတွင်း တရုတ်သမ္မတ ရှီကျီပင်း၏ အမေရိကန် ချစ်ကြည်ရေး ခရီးစဉ်သည် ၂၁ ရာစု အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး၏ အဓိပ္ပာယ် အရှိဆုံးသော အခြေခံ လုပ်ရပ်ဖြစ်ကြောင်း တရုတ်ပြည်က ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီနှင့် ရီပတ် ဗလစ်ကင်ပါတီတို့က ပူးတွဲ ထုတ်ပြန် ကြေညာခဲ့သော ‘‘နယူးရောက်အစီရင်ခံစာ New York Reportသည် နှစ်နိုင်ငံ အစိုးရ အချင်းချင်း၊ ပြည်သူအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာစေသည့်အတွက် ကြိုဆိုကြောင်း တရုတ်ပြည်က ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံပြည်သူတို့ အကြား ဆက်နွှယ်မှုသည် ယခုလောက် နီးစပ်မှု မရှိဖူးကြောင်း တရုတ်သံတမန် ‘ကျန်းချီးယွဲ့’က သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ကမ္ဘာကျော် အိုင်တီ နည်းပညာကုမ္ပဏီ ဖြစ်သည့် Dellက လာမည့် ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု USD ၁၂၅ ဘီလျံ မြှုပ်နှံမည် ဖြစ်ကြောင်း ရှန်ဟဲ၌ စက်တင်ဘာ ၁၁ ရက်က ကြေညာခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင်ပင်း၏ အထူးကိုယ်စားလှယ် တရုတ်နိုင်ငံတော် ဗဟိုနိုင်ငံရေး ဗျူရိုအဖွဲ့ဝင် ဗဟိုနိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီ အတွင်းရေးမှူး ‘ဖုန်ကျန်ကျု’ ဦးဆောင်သော ရဲဌာန၊ လုံခြုံရေး၊ တရားရေး၊ ဆိုက်ဘာနှင့် သတင်းအချက်အလက် စသည့် ဌာနများမှ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၉-၁၂ အတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ အမိမြေ လုံခြုံရေးဌာနဝန်ကြီး ဂျွန်ဆင်၊ အမေရိကန်သမ္မတ၏ အမျိုးသား လုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ်တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီး ဆိုက်ဘာ ရာဇဝတ်မှုဆိုင်ရာ ဆန့်ကျင် တိုက်ဖျက်ရေး ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရှိခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် အမေရိကန်-တရုတ် ဆက်ဆံရေး၊ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ စတီဖင်အော်လင်းက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ သမ္မတနှစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးမှုသည် ၂၁ ရာစု နှစ်ကို အမေရိကန်-တရုတ် ဆက်ဆံရေး ရာစုနှစ်အဖြစ် အဓိပ္ပာယ် ဖွင့်ဆို နိုင်စေလိမ့်မည်ဟု နိမိတ်ဖတ်ခဲ့သည်။ အရှေ့နှင့် တောင်တရုတ်ပင်လယ် ကိစ္စတို့တွင် အမြင် ကွဲပြားမှုများ ရှိလင့်ကစား ကဏ္ဍများစွာတွင် နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုမ္ပဏီများ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးကြွယ်ဝသော အနာဂတ်ကို အာမခံနိုင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် ယခင်က မြန်မာနိုင်ငံ ပြဿနာကို ‘ပစ်ဖဲ’အဖြစ် ကိုင်ထားကြသော ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား အကောင်းဆုံး ဆက်ဆံရေး ကာလကို ရောက်ရှိနေပြီး နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်း၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံဖြစ်စေလိုသော ဘုံသဘောတူညီချက် အခြေခံပေါ်တွင် အတူတကွ ရပ်တည်နေကြကြောင်း ထင်ထင်ရှားရှား မြင်နေရပြီ ဖြစ်ပါသည်။
■မျက်မှောက် ပြည်တွင်းအခြေအနေ
သမ္မတကြီး ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ပြုပြင် ပြောင်းလဲရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး တရားဥပဒေ စိုးမိုးရေး ကြွေးကြော်သံများဖြင့် တက်ရောက်လာသော အစိုးရဖြစ်သည်။ အစိုးရယန္တရားကို လည်ပတ်ရာတွင် ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်ဦးရေမှာ ကြောက်ခမန်းလိလိ ပင်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံး၊ အလုပ် အများဆုံးသော အမေရိကန် ပြည်ထောင်စု၏ အစိုးရအဖွဲ့ဝင်ဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက အရွယ်အစားနှင့် တာဝန်မှာ ပြောင်းပြန် ဖြစ်နေသည်။ ဤအရွယ်အစား ကြီးမားလှသော အစိုးရယန္တရားကြီးကို ထမ်းဆောင်ရသဖြင့် ဘတ်ဂျက်လိုငွေမှာ လေးနှစ်အတွင်း ကျပ်သန်းပေါင်း ဘီလျံ ၉၈၀၀ ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၃၁ ဘီလျံ ရှိပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၈၄၅-၈၀ သန်းရှိကြောင်း၊ ဗဟိုစာရင်း အဖွဲ့မှ ထုတ်ပြန်သည့် ပို့ကုန်သွင်းကုန် အစီရင်ခံစာက ဆိုသည်။ ယခင် စစ်အစိုးရလက်ထက်က မြေသိမ်းလယ်သိမ်း ပြဿနာများကို ဦးသိန်းစိန်အစိုးရက အမွေဆက်ခံ ခဲ့ရခြင်းဖြစ်ရာ နိုင်ငံအနှံ့အပြား ထွန်တုံးတိုက်ပွဲများနှင့် မြေယာပြဿနာပေါင်း သောင်းခြောက်ထောင်မှာ ခေါင်းခဲစရာ ပြဿနာများအနက် အကြီးမားဆုံးဟုပင် ဆိုနိုင်လောက်ပါသည်။
ထို့အပြင် အာဏာပိုင် အဖွဲ့အစည်း အသီးသီး ပြုပြင် ပြောင်းလဲမှုကို မလိုလားသည့် ရွှေထီးဆောင်း လိုသူများက သမ္မတ၏ ပြုပြင် ပြောင်းလဲရေး အစီအမံများကို ကဖျက်ယဖျက်လုပ်ခြင်း မပူးပေါင်းခြင်းများကို တွေ့မြင်နိုင် သည်။ သမ္မတ ဦးသိန်းစိန်က ‘‘မိဘပြည်သူများ ခင်ဗျား’’ဟုခေါ်ဝေါ်သုံးစွဲနေချိန်တွင် ပြည်နယ်နှင့် တိုင်း အစိုးရအဖွဲ့အဆင့်၌ ရုံးခန်းအတွင်း ဖိနပ်ချွတ်ဝင်ရမှုမှာ ရှိနေဆဲဖြစ်သည်။ သက်ဆိုင်ရာဌာန အသီးသီး၌ ‘မိုးကျရွှေကိုယ်’ များရှိနေကြောင်း ဒု-သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ဦးစွာညွှန်ပြခဲ့ရာ ယခုအခါ ဖဲကြိုးရောင်စုံ လှုပ်ရှားများ တစ်စထက်တစ်စ ကျယ်ပြန့် ကြီးမား လာနေပေသည်။ ထို့ပြင် အာဏာရှင် စံနစ်၏ ‘ပြဒါးရှင်လုံး သုံးလုံး’ ဖြစ်သော စစ်တပ်၊ အစိုးရနှင့် လွှတ်တော်တို့ အကြားတွင် ဂိုဏ်းအုပ်စု တိုက်ပွဲများလည်း ပေါ်ပေါက် လာနေပါသည်။
တိုင်းပြည်၏ ထုတ်ကုန်မှာလည်း ‘အိမ်ဖော်နှင့် ဘုံကျွန်’ များဖြစ်သဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ချစ်မြတ် နိုးလှသူများ ရှက်ဖွယ်လိလိ ဖြစ်ရပါသည်။ ရာခိုင်နှုန်း ၇၀ကျော် သစ်တော ဖုံးလွှမ်းခဲ့သော မြန်မာနိုင်ငံသည် ခရိုနီများ၊ တရုတ် သစ်ခိုးဂိုဏ်းများ လက်ချက်ဖြင့် ၄၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်။ ဦးသိန်းစိန်အစိုးရ အားသွန်ခွန်စိုက် ကြိုးစားလျက်ရှိသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ် NCA မှာလည်း နီးမလိုလိုနှင့် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေရသည်။
■သန်းခေါင်ယံ နန်းတွင်း လုပ်ကြံမှုကြီး
နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးတွင် ၁၂-၈-၂၀၁၅ ရက် ညဉ့်သန်းခေါင်ယံအချိန် ရဲအင်အား ၂၀၀ ကျော် အသုံးပြု ဝင်ရောက် စီးနင်းခဲ့သည့် သတင်းက တိုင်းပြည်ကို ကိုင်လှုပ်လိုက်သည်။ ထိုနေ့က ကျင်းပ ပြီးစီးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံကြိုဆိုပွဲတွင် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်းက ‘‘သမ္မတကြီး ဦးသိန်းစိန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ ရွေးကောက်ပွဲ ဝင်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ ညဉ့်သန်းခေါင်တွင် ဗဟို ဌာနချုပ်ရုံးကို ရဲကားများ၊ စစ်ကားများဖြင့် (ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ စစ်ကားများ မပါဝင်ဟု ငြင်းဆိုသည်) စီးနင်းမှု ဖြစ်ပွားသည်ဟု သန်းခေါင်ယံ သတင်းထူးများ ထွက်ပေါ်လာခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီက ကြေညာချက် ထုတ်ပြန်ရာတွင် သူရဦးရွှေမန်းအား ပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်ကြောင်း၊ ဦးဌေးဦးကို တွဲဖက် ဥက္ကဋ္ဌ ရာထူးနေရာတွင် အစားထိုးပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်လည် ဖွဲ့စည်း လိုက်ကြောင်း ဖော်ပြသည်။ ဗဟို အလုပ်အမှုဆောင် စာရင်းတွင် သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိန်း၊ ဦးသိန်းဆွေ၊ ဦးဇော်မြင့်ဖေ စသူများ ပါဝင်မလာတော့။ ပါတီများ၏ ထုံးတမ်းစဉ်လာအရ ဤအပြောင်းအလဲမျိုးကို ပါတီ ညီလာခံတွင်သာ ကျင့်သုံး ပြောင်းလဲလေ့ရှိသည်။ ပါတီ၏ အတွင်းရေး ကိစ္စသာ ဖြစ်ကြောင်း ဖော်ပြသည်။ ပါတီ အတွင်းရေး ဖြစ်သော်လည်း ယင်းပါတီမှာ အာဏာရပါတီ၊ တိုင်းပြည်ကို ဦးဆောင်လျက်ရှိသော ပါတီဖြစ်သည်။

Most Read

Most Recent