ညစ်ပတ်တာ မှန်သမျှကို မညစ်ပတ်အောင် လုပ်နိုင်ကြပါစေ ...

ညစ်ပတ်တာ မှန်သမျှကို မညစ်ပတ်အောင် လုပ်နိုင်ကြပါစေ ...
Published 10 October 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

အတ္တာနံ စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏမညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ
ပဏ္ဍိတော။
(ဓမ္မပဒ)

ဂါထာတစ်ပုဒ် နှုတ်တက်ရသူ ရှိနေသေးရင် ပရိယတ္တိသာသနာ မကွယ်သေးပါဘူးလို့ အဋ္ဌကထာဆရာက ဆိုပါတယ်၊ အခု ပါဠိဂါထာ တင်ပြလိုက်တာဟာ သံဂါယနာ တင်လိုက်တာပါ။ မပျောက်အောင်လို့၊ မပျက်အောင်လို့။ မရသေးသူ ဝါသနာပါသူများ နှုတ်တက်ရအောင် ကျက်ထားလိုက ကျက်ထားနိုင်အောင်လို့။ နောက်ဆုံး ဒီဂါထာတစ်ပုဒ်နဲ့ သာသနာမကွယ်အောင် ထိန်းလို့ရပါတယ်။
ကျေးဇူးရှင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး အထက်ပါ ဂါထာအနက် မြန်မာပြန်ပုံကို တင်ပြပါမယ်။
ဘဝဖန်ခါ သံသရာက ငါဟုစွဲဆို မိမိကိုယ်ကိုယ်၊ အရင်းစစ်လျှင် ပြစ်မမြင်ဘဲ နှစ်စဉ်မမုန်း အချစ်ခင်ဆုံးဟူ၍၊ အရာရာ အခါခါဝယ် စာနာထောက်ထား အကယ်၍ နားလည်ငြားသည်ရှိအံ့။ ကိုယ့်ကိုယ်သာလျှင် နှစ်စဉ်မမုန်း အချစ်ခင်ဆုံးဟူ၍၊ လုံးလုံးခွဲခြား နားလည်ငြားသည်ရှိသော်၊ ခုလည်း ကိုယ့်ကိုယ်၊ နောင် ကိုယ့်ကိုယ်ဟု သို့ကလိုသိရှိ ထိုမိမိကို၊ တရားကြောင်းရာ မစောင်းပါဘဲ ကောင်းစွာမပြတ် စောင့်ရှောက်အပ်သည် မည်လောက်အောင်၊ သတိတရား လက်ကိုင်ထား၍ မခြားပုံသေ စောင့်ရှောက်လေရာ၏။
ပြုသမျှ အသစ် ဖြစ်သမျှ အဟောင်း မကောင်းလည်းငါ၊ ကောင်းလည်းငါဟု ကောင်းစွာမြင်သိ ပညာရှိသည်၊ နှစ်ဆယ့်ငါးနှစ် သင့်အောင်ဆစ်၍ သုံးရစ်ပိုင်းခြား အရွယ်သုံးပါးတို့တွင်၊ ယုတ်စွအဆုံး နောက်ပိတ်တုံးဟု ခေါ်ထုံးအရ ပစဝိမအရွယ်ကို၊ အပြစ်မနှော စင်းလုံးချောအောင် ဆေးကြောသုတ်သင်ရာ သတည်း။
သမီးရည်းစား အချစ်၊ သားချစ် မယားချစ်၊ သားချစ် သမီးချစ်၊ ရွှေချစ်ငွေချစ်၊ ဂုဏ်ချစ် လာဘ်ချစ်၊ ထင်ပေါ်ကျော်ကြားမှုကိုချစ်၊ ရာထူးချစ်၊ အာဏာချစ်၊ တိုက်ချစ်၊ ကားချစ်၊ အပြင်လောကမှာ အချစ်တွေက မဆုံးနိုင်ပါဘူး။ ချစ်စရာတွေကလည်း မဆုံး၊ အချစ်ကလည်း မဆုံး၊ ချစ်စရာတွေက ပေါ၊ အချစ်တွေက များ၊ ချစ်စရာတွေကြောင့် ချမ်းသာရလိမ့်မယ်လို့ ထင်နေတယ်။ ဒါကြောင့် တိုးတိုးပြီး ချစ်၊ အချစ်တွေ ပိုနေကြတယ်။
ဧကံ ပိယံ၊ ဧကံ ဒုက္ခံ- ချစ်စရာတစ်ခု တိုးလာခြင်းဟာ ဒုက္ခတစ်ခု တိုးလာခြင်းပဲဆိုတဲ့ ဘုရားဟောကို သူစိတ်မဝင်စားပါဘူး။ နားမလည်ပါဘူး။ အချစ်ဟာ မီးတောက်၊ အချစ်ဟာ ဒုက္ခပေးတတ်ပါလားဆိုတာ သူမသိပါဘူး။ ဒုက္ခကိုတော့ လူတိုင်းကြောက်ပါတယ်။ ဒါပေမဲ့ အဲဒီဒုက္ခဆိုတာဟာ အချစ်ကနေ လာတာပါလားဆိုတာ မရိပ်မိပါဘူး။ ဒါကြောင့် ဒုက္ခကို ကြောက်ပေမယ့် အချစ်ကိုတော့ မကြောက်ပါဘူး။ ချစ်ပြီးရင်း နစ်ဆိုတာကို မသိတဲ့အခါကျတော့ ချစ်ပြီးရင်းချစ်၊ အချစ်တွေက မဆုံးတော့ပါဘူး။
ဘုရားက အပြင်လောကမှာ အချစ်တွေက မဆုံးနိုင်ပါဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ ချစ်စရာတွေက သိပ်ပေါလွန်း များလွန်းလို့ပါပဲ။ ရန်ကုန်မြို့ စူပါမားကက်တွေသွားကြည့်၊ လိုချင်စရာတွေ ချည်းပါပဲ။ ကားမရှိခင်က ကားလိုချင်တယ်။ ပါဂျဲဒိုးလောက် စီးနိုင်တော့ လင်ခရူဆာ ပြောင်းစီးချင်တယ်။ အချစ်ဆိုတာက အဲဒီလိုပါပဲ။ ဘုရားက ဒါကြောင့် အပြင်လောကမှာ အချစ်တွေ မဆုံးနိုင်ဘူးတဲ့။ မိမိ ကိုယ်ကိုယ်ချစ်တဲ့ အချစ်ကသာ အဆုံးသတ် အချစ်တဲ့၊ မိမိသည်သာ မိမိရဲ့ အချစ်ဆုံးတဲ့။
မိမိသည်သာ မိမိအချစ်ဆုံးဆိုတာ နားလည်ပါ။ နားလည်ပြီးတော့ ဘာလုပ်ရမှာလဲ၊ ကိုယ့်ကိုယ်ကိုယ် စောင့်ပါတဲ့။ ဘုရားက ဘာစောင့်ညာစောင့်လို့ မမှာခဲ့ပါဘူး။ ဘုရားမှာတာက အချစ်ဆုံးဖြစ်တဲ့ မိမိကိုယ်ကိုယ်သာ မိမိလုံခြုံအောင် စောင့်ပါတဲ့။ နောက်တစ်နေရာမှာ စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါ ဝဟံ။ (ဓမ္မပဒ)
အသိဉာဏ်ရှိသူသည် စိတ်ကို စောင့်ရာ၏။ စိတ်ကို လုံခြုံအောင်၊ ဘေးအန္တရာယ် ကင်းရှင်းအောင် စောင့်နိုင်မှသာ ချမ်းသာနိုင်သည်လို့ မိန့်ပါတယ်။ ကိုယ့်စိတ်ကိုယ် စောင့်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရမယ်။ ဒါမှ ချမ်းသာမယ်။ ဘုရားခြုံပြီးတော့ မှာတာကတော့ ဣန္ဒြိ ယေသု ဂုတ္တဒွါရတာ- မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဣန္ဒြေခြောက်ပါး မပေါက်ကြားအောင်၊ ထိုခြောက်ပေါက်မှ လောဘဒေါသတွေ မဝင်အောင် စောင့်ရှောက်ကြပါလို့ အထူးမှာတော်မူပါတယ်။
ဘုရားက သုက္ခိတံ- ကောင်းကောင်း စောင့်ပါတဲ့။ သုရက္ခိတံကို မဟာဂန္ဓာရုံ ဆရာတော်ကြီး အနက်မြန်မာပြန်တာက “တရားကြောင်းရာ မစောင်းပါဘဲ ကောင်းစွာမပြတ် စောင့်ရှောက်အပ်သည် မည်လောက်အောင်” လို့ဆိုတယ်။
ဓမ္မလမ်းကြောင်း မတိမ်းစောင်းစေနဲ့၊ အဓမ္မ လမ်းကြောင်းထဲ ရောက်မသွားစေနဲ့တဲ့။
ဓမ္မော ဟေ၀ ရက္ခတိ၊ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။ တရားစောင့်သူကို တရားက ပြန်၍စောင့်၏။ တရားစောင့်သော် ချမ်းသာကို ဆောင်၏။ ချမ်းသာ၏။
တကယ်တော့ စောင့်စောင့်ဆိုတာ တရားစောင့်ကြဖို့ပါပဲ။ မတရားတာကို မလုပ်တာကိုဘဲ တရားစောင့်တယ်လို့ ခေါ်တာပါ။ ဘုရားက အရွယ်သုံးပါးမှာ တင်ရှိလာတဲ့ အညစ်အကြေးတွေကို တတိယ အရွယ်မှာတော့ အားလုံး ကင်းစင်သွားအောင် သုတ်သင် ဆေးကြောပစ်လိုက်ပါတဲ့။ တစ်သက်လုံးတင်ရှိ ညစ်ပတ်လာတဲ့ လောဘ ဒေါသ စတဲ့ ကိလေသာ အညစ်အကြေးတွေကို သုတ်သင်ပေးပါ။ သန့်ရှင်းအောင် လုပ်ပေးပါ။ ညစ်ပတ်ထားတာ မှန်သမျှကို မညစ်ပတ်အောင် လုပ်ပေးပါ။
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဘုရားရှင် အဆူဆူတို့ရဲ့ အဆုံးအမ သုံးချက်ကို တစ်ချက်တည်းပေါင်းပြောရင် မညစ်ပတ်ကြနဲ့လို့ ဆိုလိုတာပါပဲ။ ညစ်ပတ်ခဲ့သမျှကို မညစ်ပတ်အောင်လုပ်ကြ။ ညစ်ပတ်ထားသမျှကို မညစ်ပတ်အောင်လုပ်ကြ၊ သုတ်သင်ကြ၊ သန့်ရှင်းကြ၊ ဒီလိုဆိုလိုတာပါ။
မိမိတို့ သန္တာန်မှာ အနမတဂ္ဂသံသရာက ပေကျံငြိတွယ်ပါလာတဲ့ လောဘ ဒေါသစတဲ့ အကုသိုလ် ကိလေသာ အညစ်အကြေးတွေဟာ ဒုနဲဒေးပါပဲ။ ရှစ်သစ်မက ဆယ့်ခြောက်သစ်တက်နေပါတယ်။ တစ်ထောင့်ငါးရာ ကိလေသာဆိုတော့ ညစ်ပတ်မှု အင်အားက သိပ်ကောင်းနေပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိကအလုပ်က ညစ်ပတ်နေတာတွေကို မညစ်ပတ်အောင် လုပ်ဖို့ပါပဲ။ ညစ်ပတ်ထားတာတွေကို မညစ်ပတ်အောင်၊ သန့်ရှင်းအောင် သုတ်သင်ဖို့၊ ရှင်းလင်းဖို့ပါပဲ။ အနိုင်ယူလိုသူတွေ၊ ဘဝကို အနိုင်ပိုင်းလိုသူတွေ အနေနဲ့ကတော့ ညစ်ပတ်ထားတာတွေ အားလုံးကို မညစ်ပတ်အောင် လိုက်လုပ်နိုင်ဖို့ပါပဲ။
လောဘကြောင့် ညစ်ပတ်နေတာ မှန်သမျှ ဒါနနဲ့ သုတ်သင်သန့်ရှင်းပါ။ ဒေါသကြောင့် ညစ်ပတ်နေတာ မှန်သမျှကို သီလနဲ့ သုတ်သင်သန့်ရှင်းပါ။ မောဟကြောင့် ညစ်ပတ်နေတာ မှန်သမျှကို ဘာဝနာနဲ့ သုတ်သင် သန့်ရှင်းပါ။ အပြင်ပန်းက ကိုယ်မှု နှုတ်မှု ညစ်ပတ်နေတာတွေကို သီလနဲ့ သုတ်သင်သန့်ရှင်းပါ။ မနောကံ အနေနဲ့  စိတ်ထဲက ညစ်ပတ်နေတာတွေကို သမာဓိနဲ့ သုတ်သင်သန့်ရှင်းပါ။ စိတ်ထဲမှာပဲ အမြစ်တွယ် ကိန်းအောင်နေတဲ့ ညစ်ပတ်မှုတွေကို ပညာနဲ့ သုတ်သင်ရှင်းလင်းပါ။
လူဆိုတာ လောဘကြီးလေ ညစ်ပတ်လေ၊ ဒေါသကြီးလေ ညစ်ပတ်လေ၊ မောဟကြီးလေ ညစ်ပတ်လေ၊ ဘုရားမေ့၊ တရားမေ့ အမှတ်တမဲ့နေရင် အသက်ကြီးလေ ညစ်ပတ်လေပါပဲ။ ဒါကြောင့် လောဘ ဒေါသ မောဟနည်းကြောင်း ဒါနသီလ ဘာဝနာ၊ သီလ သမာဓိ ပညာဆိုတဲ့ ဘုရားတရား အလုပ်တွေကို အတတ်နိုင်ဆုံး လုပ်ရပါမယ်။ ညစ်ပတ်တာတွေကို သုတ်သင်ရှင်းလင်းမှု မလုပ်နိုင်ရင်တော့ ရှုံးမှာပါပဲ။ လူဖြစ်ရှုံးမှာပါပဲ။ လူ့ဘဝရလာတာ ဘာမှအဓိပ္ပာယ် မရှိပါဘူး။
ညစ်ပတ်တာတွေကို မညစ်ပတ်အောင် လုပ်နိုင်မှသာ နိုင်မှာပါ။ လူ့ဘဝက အဓိပ္ပာယ်ရှိမှာပါ။ ဒါကြောင့် ညစ်ပတ်တာ မှန်သမျှကို မညစ်ပတ်အောင် လုပ်နိုင်ကြပါစေ။

Most Read

Most Recent