မြို့ပတ်ရထားနှင့် ခရီးသွားကြား သုံးရာရထား ပြဿနာပွား

မြို့ပတ်ရထားနှင့် ခရီးသွားကြား သုံးရာရထား ပြဿနာပွား
Published 10 October 2015
မြန်မာ့အလင်းအောင်သန်း

တစ်ခါက မြန်မာ့မီးရထားသည် မြို့ပတ် ရထား ခရီးစဉ်တွင် တစ်ခေါက်လျှင် တစ်ဆယ်ကျပ် ဖြင့် ပြေးဆွဲပေးခဲ့သည်။ တစ်ဘူတာ ခရီးမျှပင် သက်သက်သာသာ တစ်ဆယ်နှင့် သွားခွင့်ရ၍ စီးကြသည်မှာ ကြည်နူးစရာပင် ကောင်းနေသည်။
ခရီးတစ်ခေါက် တစ်ဆယ်ကျပ် မကိုက်တော့ဟုဆိုကာ ၁၀ ဆတိတိ ဈေးတက်၍ ခရီး တစ်ခေါက်လျှင် ကျပ်တစ်ရာသို့ ဈေးမြှင့်တင်လိုက်သည်။ ဗြုန်းခနဲ ဟိုနားဒီကြား သွားသူများအဖို့ တစ်ဘူတာ နှစ်ဘူတာ ခရီးကို ဈေး ၁၀ ဆ မြှင့်လိုက်သည့်အတွက် မစီးနိုင်ကြတော့ပါ။ အခက်အခဲ တွေ့ကြတော့သည်။
ဘယ်စီးစီး ခရီးတစ်ခေါက် ကျပ်တစ်ရာ သတ်မှတ်ချက်သည် လက်တွေ့တွင် ခရီးသွား ပြည်သူများအဖို့ အဆင်မပြေကြောင်း မြို့ပတ် ရထားသွား ဘူတာရုံအသီးသီးက မြန့်မာ့မီးရထား ရုံးချုပ်သို့ တင်ပြလာကြသောအခါ မြန်မာ့မီးရထားသည် ၁၀ ဆ ဈေးတက်ပြီးသော် ခရီးတစ်ခေါက် ကျပ်တစ်ရာ သတ်မှတ် သည်ကို ပြုပြင်ရန် ဆုံးဖြတ်လိုက်၏။
ယင်းနောက် ခရီးတစ်ခေါက် ကျပ်တစ်ရာအစား တစ်ဝက်တိတိ လျှော့ချကာ  ကျပ်ငါးဆယ် သတ်မှတ်လိုက်ရာ ခရီးသွား ပြည်သူများအဖို့ စီးပျော်သော နှုန်းထားဖြစ်၍ အဆင်ပြေသွားသည်။
ယင်းသို့ အဆင်ပြေနေချိန်မှာပင် မြန်မာ့ မီးရထားသည် နိုင်ငံခြားက ရောက်ရှိလာသော ခေတ်မီ တွဲသစ်များကို အသုံးပြုလျက် ယင်းတွဲသစ် စီးပါက ခရီးတစ်ခေါက် ကျပ်နှစ်ရာ သတ်မှတ်လိုက်ပြန်သည်။ သို့သော် ကျပ် နှစ်ရာ တွဲသစ်များနှင့်အတူ ကျပ်ငါးဆယ် တွဲဟောင်းများလည်း တွဲလျက် ပါရှိသဖြင့်  ရထားစီး ခရီးသည်များအဖို့ သိပ်အခက်အခဲ မဖြစ်ပါ။
ထိုစဉ်မှာပင် အအေးခန်းစနစ်ဖြင့် ခေတ်မီ တွဲသစ်များ ထပ်မံ ရောက်ရှိလာရာ ယင်းတွဲသစ်မှာတော့ ခရီးတစ်ခေါက်လျှင် ကျပ်သုံးရာဟု သတ်မှတ် လိုက်ပြန်တော့သည်။ တတ်နိုင်သူများ အဖို့ကား သုံးရာပေးစီးတွဲသစ်များသည် အလွန်ငြိမ့်ညောင်း အဆင်ပြေလှသော်လည်း မတတ်နိုင်သူများအတွက်ကား သုံးရာခယူ ရထားကို လုံး၀ မစီးနိုင်ကြတော့ပေ။
ပိုဆိုးသည်မှာ သုံးရာ ရထားသည် နှစ်ရာရထားကဲ့သို့ ပုံမှန် ကျပ်ငါးဆယ်တွဲများ လုံး၀ မပါခြင်းပင် ဖြစ်၏။ ရုံးသမားတစ်ဦးအဖို့  သုံးရာရထားစီးလျှင် အသွားအပြန် တစ်နေ့ ကျပ်ခြောက်ရာ ကုန်သည်။ စနေ တနင်္ဂနွေ ရုံးပိတ်ရက် ဖယ်လိုက်ပါဦး။ တစ်နေ့ ခြောက် ရာ တစ်ပတ်လျှင် ငါးရက် ရုံးသွားရ၍ ရထားခပင် ကျပ်သုံးထောင် ကုန်ကျနေ၏။ တစ်လလျှင် ကျပ်တစ်သောင်းခွဲခန့် ကုန်ကျစရိတ်ကို မည်သည့် ပုံမှန်ရထားစီးသူ ပုံမှန် နေ့စဉ် မြို့ထဲသို့ (ရုံးအလုပ်မဟုတ်သော) ပုဂ္ဂလိက အလုပ်ဆင်းရသူတို့အဖို့ သုံးရာရထား အနားသို့ (စီးဖို့နေနေသာသာ) ဝေးဝေးက ရှောင်ရှားရသည့် အခြေအနေသို့ ရောက်သွားရသည်။
ပိုဆိုးသည်မှာ ခါတိုင်းကျပ် ငါးဆယ်နှင့် ဘယ်ရထား စီးစီး စီး၍ရသည့်အတွက် စီးနေကျ ခရီးသည်များခမျာ သုံးရာရထားသည် ဘူတာထဲသို့ ဆိုက်လာပါက လိုရာခရီးကို မိမိ သွားချင်ပါလျက် ရထားခ မတတ်နိုင်၍ ရပ်ကြည့်ပြီး မစီးနိုင်ကြသောကြောင့် အချိန်ကုန်ခံကာ နောက်ရထားကို စောင့်ဆိုင်းရခြင်းပင်။
ရထားသည် မိမိရှေ့ဘူတာထဲသို့ ဆိုက်ရောက်လာသည်။ မိမိရှေ့မှာပင် တန့်ရပ်သွားကာ လုံခြုံစွာပိတ်ထားသော ရထားတံခါးတို့ ပွင့်၍သွားသည်။ ယင်းသည် တက်၍ စီးရန် ဖိတ်ခေါ်ခြင်းပင် ဖြစ်၏။ အမှန်ပင်။ ခရီးသည်စီးရန် အသင့်အနေအထားပင်။ ဤရထားကို စီးသွားပါက မိမိ ရောက်လိုသည့် နေရာကို အချိန်ကိုက် ရောက်ရှိသွားမည် ဖြစ်၏။
သို့သော် ခရီးသည်ခမျာ လိုရာခရီးကို အချိန်ကိုက် ရောက်လိုပါလျက် သုံးရာရထားကို မစီးနိုင်ပါ။ ရထားခ ကျပ်သုံးရာ မပေးနိုင်၍ပင်ဖြစ်သည်။
ရထားခ ကျပ်သုံးရာ မတတ်နိုင်၍ မစီးနိုင်ဘဲ မိမိလိုရာခရီးကို အချိန်ကိုက် မရောက်နိုင်တော့သည့် ရထားစီး ခရီးသည်ဘက်က မြန်မာ့မီးရထားသည် စာနာစွာ စဉ်းစား ကြည့်ဖူးပါသလား။ ခရီးသည်အပေါ် တရားမျှတ မှုကော ရှိနိုင် ပါမည်လား။
ရထားတို့ိကို အဆင့်မြင့်၍ ခရီးသည်တို့ သက်သာချောင်ချိစွာ စီးသွားနိုင်အောင် တွဲကောင်းတွဲသန့် ခေတ်မီတွဲသစ်တို့ အစားထိုး ပြေးဆွဲခြင်းသည် အလွန်ကောင်းသည့် ကိစ္စ ဖြစ်၍ ကြိုဆိုပေသည်။ မြန့်မာမီးရထား၏ ယင်းဆောင်ရွက်ချက်ကိုလည်း လှိုက်လှဲစွာ ထောက်ခံရမည်ဖြစ်၏။
သို့သော် ရထားခကို လေးဆ (နှစ်ရာကျပ်)၊ ခြောက်ဆ(သုံးရာကျပ်) သို့ တိုးမြှင့် လိုက်သောအခါတွင် ရထားစီးခရီးသည်တို့ အဖို့  ပေးကားပေး၏ မရဟူသော အခြေအနေသို့ ရောက်ရှိသွားလေသည်။
မိမိသည် ၁၉၅၈ ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာတိုက်သို့ ရောက်ရှိ သွားသောအခါ မိမိ၏ သတင်းရယူရာတွင် တာဝန်(Assignement)အဖြစ် မြန်မာ့မီးရထား သတင်းရယူရန် ဆောင်ရွက်ရလေသည်။
ယင်းအချိန်က မြန်မာ့မီးရထားတွင် P.R.O(Public Relation Officer) ဟူသော ပြည်သူ့ဆက်ဆံရေးအရာရှိ ပုဂ္ဂိုလ်တစ်ဦးရှိသည်။ ယင်းပုဂ္ဂိုလ်သည် B.A,B.L ဦးစားပေးပင်။ ဦးအေးဖေသည် တော်လှန်ရေး ကာလမှာ ဂျပန်ခေတ် စစ်တက္ကသိုလ် ဒုတိယပတ် သင်တန်းဆင်း ဘဝကနေ၍ ရန်ကုန်တိုင်းနှင့် ဟံသာဝတီ သတင်းစာတိုက် သတင်းစာ ဆရာဘဝကို ဖြတ်ကျော်ကာ မြန်မာ့မီးရထားသို့ ရောက်ရှိလာသူဖြစ်၏။
ဦးအေးဖေသည် သတင်းစာဆရာ တစ်ဦးဖြစ်၍ ဆက်ဆံရေးတွင် အစစအရာရာ ချောမွေ့အောင် အားထုတ်လုပ်၏။ မီးရထားစီး ခရီးသွားပြည်သူတို့နှင့် မြန်မာ့မီးရထားတို့ ကြားတွင် အစစအရာရာ ချောမွေ့အောင် စီစဉ် ပေးခဲ့သူလည်း ဖြစ်သည်။ မိမိတို့ သတင်းစာသမားတို့နှင့်တွေ့သောအခါတွင်ကား ကွဲကွာနေသော သားချင်းများ ဆုံတွေ့သလို အစ်ကိုကြီး၊ ညီလေးဘဝတို့သို့ ချစ်ခင်ရင်းနှီးစွာ ရောက်သွားကြ၏။ မြန်မာ့မီးရထား၏ ချွတ်ယွင်းချက် ပြုပြင်သင့်သည့် အချက်တို့ကို နှစ်ပတ်တစ်ခါ မိမိတို့ သတင်းစာဆရာတို့နှင့် တွေ့ဆုံလျက်  သတင်းစာ ရှင်းလင်းပွဲကို ပုံမှန်ပြုလုပ်၏။ တကယ်ပြင်ရမည့် ကိစ္စတို့ကို တကယ် ပြင်နိုင်အောင် စွမ်းဆောင် ကြိုးပမ်း၏။ လုံခြုံရေး အခြေအနေကြောင့် ၁၉၅၈ တွင် ညရထား (ရန်ကုန်-မန္တလေး) မသွားနိုင်သည်ကို သွားနိုင်အောင် ကြိုးပမ်း၏။ (မြန်မာ- အင်္ဂလိပ်-တရုတ်၊ ကုလား) သတင်းစာတို့က သတင်းစာဆရာ ၃၂ ဦးကို ၁၉၅၈ ခု ဒီဇင်ဘာ လ ၃၁ ရက်နေ့ညတွင် တင်ဆောင်ကာ ၁၉၅၉ ခုနှစ် ဇန်နဝါရီလတစ်ရက် နံနက် ၈ နာရီတွင် မန္တလေး ဘူတာအရောက် ပို့ဆောင်ခဲ့၏။
သက်ပြည့် အနားယူသည်ထိ ရထားနှင့် ပြည်သူတို့ကြားတွင် ချောမွေ့စွာ တာဝန် ထမ်းဆောင်ခဲ့သော ဦးအေးဖေလို PRO ပြည်သူ့ ဆက်ဆံရေး အရာရှိ တစ်ဦး ထားဖို့လို၏။ (Press Conference)သတင်းစာ ရှင်းလင်းပွဲ တစ်လတစ်ခါ လုပ်လျက် မီးရထားနှင့် ခရီးသွား ပြည်သူတို့ကြား သွားလာရေး အဆင်ပြေရန် ညှိနှိုင်းသင့်၏။ ယင်းသို့ ဆောင်ရွက်ပါလျှင် မြန်မာ့မီရထားသည် လိုအပ်သော တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါ၏။

Most Read

Most Recent